တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇေယျာသီရိ မဲဆန္ဒနယ်မှ ဦးခင်ရီ၊
ဒုတိယဥက္ကဋ္ဌအဖြစ် တပ်ကုန်း မဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်းတို့အား ရွေးကောက်တင်မြှောက်
နေပြည်တော် မတ် ၁၆
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပသည်။
အစည်းအဝေးသို့တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
ဦးစွာအစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့ ရွေးကောက်တင်မြှောက်ခြင်း ပြီးသည် အထိ အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအားသဘာပတိအဖြစ် တင်မြှောက်ကြရာ သဘာပတိလောင်းအဖြစ် တင်မြှောက်ရန် အမည်စာရင်း တင်သွင်းသူနှစ်ဦး ရှိသည့်အတွက် လျှို့ဝှက်ဆန္ဒမဲပေး ရွေးချယ်ရာ မဲအများဆုံး ရရှိသည့် ဒဂုံ မဲဆန္ဒနယ်မှ ဒေါက်တာ နန္ဒကျော်စွာကို သဘာပတိအဖြစ် ရွေးချယ်တင်မြှောက်ကြသည်။
ထို့နောက် သဘာပတိ ဒေါက်တာနန္ဒကျော်စွာက ပြည်သူ့လွှတ်တော်၏ ရှေ့မှောက်၌ သဘာပတိအဖြစ် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေး ထိုးကာ နှုတ်ခွန်းဆက်စကား ပြောကြားသည်၊၊
ယင်းနောက်သဘာပတိက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်း အဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၃၇၃) ဦးရှိသည့် အနက် ကိုယ်စားလှယ်အားလုံး တက်ရောက်ကြသည့်အတွက် ရာနှုန်းပြည့်ဖြင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးကို စတင်ကျင်းပကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက သဘာပတိ ရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
ထို့နောက်ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာ ရပ်စောက် မဲဆန္ဒနယ်မှ ဒေါက်တာပွင့်ဆန်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလောင်းအဖြစ် ဇေယျာသီရိ မဲဆန္ဒနယ်မှ ဦးခင်ရီ တစ်ဦးတည်းကိုသာ အမည်စာရင်း တင်သွင်းပြီး ပုသိမ် မဲဆန္ဒနယ်မှ ဦးသန်းထွန်းက ထောက်ခံသည့်အတွက် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၁၁)အရ ဇေယျာသီရိမဲဆန္ဒနယ်မှ ဦးခင်ရီ အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ယင်းနောက်ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ရာ စစ်ကိုင်း မဲဆန္ဒနယ်မှ ဦးသက်ပုံ က ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌလောင်း အဖြစ်တပ်ကုန်း မဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်း တစ်ဦးတည်းကိုသာ အမည်စာရင်း တင်သွင်းပြီး ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ဦးလှဆွေက ထောက်ခံသည့်အတွက် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ(၁၃)အရ တပ်ကုန်း မဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်း အား ဒုတိယ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးကောက် တင်မြောက်ခြင်း ခံရသည့် ဦးခင်ရီနှင့် ဦးမောင်မောင်အုန်းတို့က သဘာပတိ၏ ရှေ့မှောက်၌ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
ထို့နောက်သဘာပတိက၂၀၁၃ခုနှစ်ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ၁၅အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးခင်ရီကို တာဝန်လွှဲအပ်သည်။။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
(ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏နှုတ်ခွန်းဆက်စကား အပြည့်အစုံကို သီးခြား ဖော်ပြထားပါသည်။)
ထို့နောက် တတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမပုံမှန် အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်ပြီးအစည်းအဝေး ဒုတိယနေ့ ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို အသိပေး ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။