ပြည်သူ့လွှတ်တော်

ပြည်သူ့လွှတ်တော် 

ပြည်သူ့လွှတ်တော်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရေ အများဆုံး ၄၄၀ ဦးဖြင့် အောက်ပါ အတိုင်း ဖွဲ့စည်းပါသည် -

(က)    မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း၊ ရွေးကောက် တင်မြှောက်သည့် ၃၃၀ ဦးထက်မပိုသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊

( ခ)    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် ၁၁၀ ဦး ထက်မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ။

သက်တမ်း 

ပြည်သူ့လွှတ်တော်၏ သက်တမ်းသည် ယင်းလွှတ်တော်၏ ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှစ၍ ငါးနှစ်ဖြစ်ပါသည်။

လွှတ်တော်ဆောင်ပုဒ်

လွှတ်တော်သည် ပြည်သူများကို အထိရောက်ဆုံး ကိုယ်စားပြုနိုင်သော အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည် လွှတ်တော်သည်  

                           “ ပြည်သူ့အသံ                   -        လွှတ်တော်အသံ ”

                           “ ပြည်သူ့ဆန္ဒ                   -         လွှတ်တော်ဆန္ဒ ”

                           “ပြည်သူ့တို့မျှော်လင့်ချက်    -         လွှတ်တော်က ဖော်ဆောင်ရွက်” 

ဟူသည် လွှတ်တော်ဆောင်ပုဒ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

 

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည်-

(က)    ပြည်သူ့လွှတ်တော်အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရမည်။

( ခ)    ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားလိုကြောင်း နိုင်ငံတော် သမ္မတက အကြောင်းကြားလျှင် နိုင်ငံတော်သမ္မတအား ဖိတ်ကြားရမည်။

( ဂ)     ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်ဆဲ အကြောင်းအရာတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံဥပေဒအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များကို ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ရှင်းလင်း တင်ပြစေရန် ဖိတ်ကြားခွင့် ရှိသည်။

(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း သတ်မှတ်ထားသည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များ ဆောင်ရွက်ရမည်။

 

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်း 

အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူသည် ပြည်သူ့လွှတ်တော်သို့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။

(က)    အသက် ၂၅ နှစ်ပြည့်ပြီးသူ၊

( ခ)     နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသောနိုင်ငံသားဖြစ်သူ၊

( ဂ)    ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အနည်းဆုံး (၁၀)နှစ် အခြေချ နေထိုင်ခဲ့သူ၊

ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများ ကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်း ရေတွက်ရမည်။

(ဃ)    ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေတွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ။

 

ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဆောင်ရွက်ရမည့် ကိစ္စရပ်များ 

ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အောက်ပါကိစ္စရပ်များကို ဆောင်ရွက်သည် -

(က)    နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်းကို မှတ်တမ်းတင်ခြင်း၊

( ခ)    နိုင်ငံတော်သမ္မတက ပေးပို့သော သဝဏ်လွှာနှင့် ဥက္ကဋ္ဌက ခွင့်ပြုသော အခြား သဝဏ်လွှာများ ကို ဖတ်ကြားခြင်းနှင့် မှတ်တမ်းတင်ခြင်း၊

( ဂ)    ဥပဒေကြမ်းတင်သွင်းခြင်း၊ ဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ခြင်း၊

(ဃ)    ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ လွှတ်တော်က ဆောင်ရွက်ရမည့် ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ခြင်း၊

(င)      လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာများကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းနှင့် မှတ်တမ်း တင်ခြင်း၊

(စ)      အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ခြင်း၊

(ဆ)    မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ 

(ဇ)     ဥက္ကဌက ခွင့်ပြု သည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍  ဆောင်ရွက်ခြင်း။