နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၃-၁၁-၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် ပြည်သူ့လွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသက်ပုံ မြန်မာ - တရုတ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ တာဝန်ရှိပုဂ္ဂိုလ်များအား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်ခရိုင်မှ ဒေသခံပြည်သူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၁-၁၁-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက်အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကျင်းပ
MY EN

(က)-ဦးနေလင်းအောင်(မြောက်ဥက္ကလာပမဲဆန္ဒနယ်)

2026-11-13
(က)-ဦးနေလင်းအောင်(မြောက်ဥက္ကလာပမဲဆန္ဒနယ်)
အလုပ်သမားဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(က)-ဦးနေလင်းအောင်(မြောက်ဥက္ကလာပမဲဆန္ဒနယ်)

မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာဥပဒေ(၂၀၁၅)အရ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး နိုင်ရေးနှင့် ရရှိရေးတို့အတွက် မည်ကဲ့သို့ဆောင်ရွက်ပေးလျက်ရှိသည်ကို  သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေသည် နိုင်ငံ၏ ၁၃ ရာခိုင်နှုန်း ရှိသည်ဟု သိရပါကြောင်း၊ မသန်စွမ်းဆိုသည့်အတိုင်း မသန်ပေမယ့်စွမ်းကြသူများဖြစ်ကြပါကြောင်း၊ ထို့ကြောင့် မသန်စွမ်းသူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကလည်း အရေးကြီးပါကြောင်း၊ မသန်စွမ်းသူများသည် မှီခိုသူများမဟုတ်ကြဘဲ ၎င်းတို့တတ်စွမ်းသည့်အနေအထားပေါ်မူတည်ပြီး ရပ်တည်နိုင်ကြသူများ ဖြစ်သည့်အတွက် နိုင်ငံ၏ကုန်ထုတ်စွမ်းအားစုတစ်ရပ်လည်းဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ မသန်စွမ်း သူများ ၏ အခွင့်အရေးဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(င) တွင် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ စွမ်းရည်နှင့် စွမ်းဆောင်မှုများကို နိုင်ငံတော်နှင့်နိုင်ငံသားများက အသိအမှတ်ပြုရန်ဟူ၍လည်းကောင်း၊ ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ဃ) တွင် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ရေးရာ စသည့် နယ်ပယ်အသီးသီးရှိ အခြားသူများနှင့်တန်းတူ လူ့အဖွဲ့အစည်းများတွင် ပေါင်းစည်းဆောင်ရွက် နိုင်ရေးပြဋ္ဌာန်းထားသည်ကိုတွေ့ရမည်ဖြစ်ပါကြောင်း။ 

အခန်း (၁၀) တွင် မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ပြဋ္ဌာန်းထားသည့် အတွက် နိုင်ငံတော်အတွင်းမှာရှိသည့် မသန်စွမ်းသူများ၏ဥပဒေပါ အခွင့်အရေးများအတိုင်း အလုပ် အကိုင်အခွင့်အလမ်းများ တန်းတူရရှိခံစားနိုင်ရေးအတွက် လိုအပ်ပါကြောင်း၊ အစိုးရဌာနများနှင့် ပုဂ္ဂလိက ဌာနများတွင်လည်းကောင်း၊ မသန်စွမ်းသူများ အလုပ်ခွင်ဝင်ရောက်နိုင်ရေး ကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ရေး၊ အသိပညာပေးနိုင်ရေး ယခုထက်ပိုမိုဆောင်ရွက်ပေးနိုင်ပါက နိုင်ငံတော်အတွက် ကုန်ထုတ် စွမ်းအားများ တိုးတက်လာမည်ဖြစ်သလို မသန်စွမ်းသူများအတွက်လည်း ၎င်းတို့၏ဂုဏ်သိက္ခာ နှင့် စွမ်းရည်ကိုပြသနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မသန်စွမ်းသူများ အလုပ်အကိုင် ရရှိရေးဆောင်ရွက်ရာတွင် အစိုးရဌာနများမှာ ခွဲတမ်းများသတ်မှတ်၍ အလုပ်အကိုင်ခန့်ထားနိုင်ရေး၊ ပုဂ္ဂလိကဌာနများမှာ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး မက်လုံးပေးဦးဆောင်ကြီးကြပ်ရန် လိုအပ်ပါ ကြောင်း။ 

ထို့အပြင် မသန်စွမ်းသူများအတွက် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေးအတွက် ကျွမ်းကျင်မှု သင်တန်းများ လည်း ပိုမိုကျယ်ပြန့်စွာ ဖွင့်လှစ်ပေးနိုင်ရန်နှင့် ထိုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ထား ရှိသည်ကို အများပြည်သူများသိရှိနိုင်ရေး ကျယ်ပြန့်စွာအသိပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွင်းမှာရှိသည့် မသန်စွမ်းသူများက မသန်စွမ်းသူများ၏ အခွင့်အရေး ဆိုင်ရာဥပဒေ (၂၀၁၅) အရ အစိုးရဌာနအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် အလုပ်အကိုင်ရရှိရေးကို မည်ကဲ့သို့ကြီးကြပ်ကူညီဆောင်ရွက်ပေး နေသည်ကို သိရှိလိုပါကြောင်းဖြင့်‌ မေးမြန်းပါသည်။

အဖြေ
အဖြေ

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးအောင် က 

၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက်ငါးနှစ်နှင့်အထက် လူဦးရေ၏ ၇.၆ ရာခိုင်နှုန်း ၂.၂၉ သန်းသည် မသန်စွမ်းသူများဖြစ်ကြပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများ၏ မွေးရာပါဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် လူမှုအသိုက်အဝန်းအတွင်း တန်းတူညီမျှစွာပါဝင်ဆောင်ရွက်ခွင့် ရရှိနိုင်ရန်၊ ခွဲခြားဆက်ဆံခံရမှုနှင့် မညီမျှမှုများမရှိစေရန်၊ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးနိုင်ရန်၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ အဆင့်မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ပြီး မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၇-၁၂-၂၀၁၁ ရက်နေ့တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးနည်းဥပဒေကို ၂၀၁၇ ခုနှစ်တွင် လည်းကောင်း ပြဋ္ဌာန်းထားပြီးလည်း ဖြစ်ပါကြောင်း။

အဆိုပါဥပဒေ၊ နည်းဥပဒေများနှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေးကို အကောင်အထည်ဖော် နိုင်ရန်အတွက် ဒုတိယသမ္မတ(၂)က ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပါဝင်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဌအဖြစ်ပါဝင်သည့်  မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီကိုလည်းကောင်း ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီအောက်တွင် ဆပ်ကော်မတီကိုးခု ဖွဲ့စည်းထားရှိပြီး အလုပ်အကိုင်ရေးရာဆပ်ကော်မတီတွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဥက္ကဋ္ဌအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အလုပ်သမားဝန်ကြီးဌာန၌ အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံး ရုံးပေါင်း ၉ဝ ရုံး၊ အထူးစီးပွားရေးဇုန်ရုံး သုံးရုံးတို့ကို ဖွင့်လှစ်ပြီး ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှု ကန့်သတ်ရေး ဥပဒေနှင့်အညီ အလုပ်အကိုင်ရှာဖွေနေသူများအား အလုပ်သမားမှတ်ပုံတင်ပေးခြင်း၊ အလုပ်ရှင်များထံမှ အမှာစာများ လက်ခံခြင်း၊ အမှာစာအရ သင့်လျော်သည့်မှတ်ပုံတင်အလုပ်သမားများ ရှာဖွေခြင်းနှင့် အလုပ်ခန့်ထား နိုင်ရေးကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းအလုပ်အကိုင် ရရှိမှုနှင့်စပ်လျဉ်းပြီး မသန်စွမ်းသူများ အပါအဝင် အလုပ်ရှာဖွေသူများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှု နှင့် အလုပ်လုပ်ကိုင်နိုင်စွမ်းအပေါ် မူတည်ပြီး အစိုးရဌာနများအပါအဝင် အလုပ်ရှင်များ၏ လိုအပ်ချက် များနှင့်အညီ သင့်လျော်သူများကိုရွေးချယ်ပြီး အလုပ်ခန့်အပ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။

ထို့အပြင်အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန်နှင့် ကုန်ထုတ်စွမ်းအားများတိုးတက်လာစေရန်အတွက် အလုပ်သမား ဝန်ကြီးဌာနပိုင် ကျွမ်းကျင်လေ့ကျင့်ရေးသင်တန်းကျောင်း ခုနစ်ကျောင်းကို ရန်ကုန်တိုင်းဒေသကြီးမှာ ရန်ကင်းနှင့် မြောက်ဥက္ကလာပ၊ မန္တလေး၊ ပဲခူး၊ ပုသိမ်၊ မွန်ပြည်နယ်မှာ စက်စဲ၊ ဘားအံတို့မှာ ဖွင့်လှစ်ပြီး ဒေသလိုအပ်ချက်နှင့်ကိုက်ညီသည့် ကျွမ်းကျင်မှုသင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် မသန်စွမ်းမှု အမျိုးအစားလေးမျိုးဖြစ်သည့် ကိုယ်အင်္ဂါမသန်စွမ်း၊ အမြင်အာရုံမသန်စွမ်း၊ အကြားအာရုံမသန်စွမ်းနှင့် ဉာဏ်ရည်မသန်စွမ်း စသည့် ထိခိုက်လွယ်အုပ်စုများဖြစ်သည့် မသန်စွမ်းသူများကိုလည်း သင်တန်းကျောင်း အခြေပြု စောင့်ရှောက်ခြင်း လုပ်ငန်းများကို လုပ်ငန်းတစ်ခုအနေဖြင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းသူများအား သင်တန်း ကျောင်းအခြေပြု စောင့်ရှောက်ခြင်းလုပ်ငန်းများအဖြစ် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိ ကိုယ်အင်္ဂါ မသန်စွမ်းသူများအား အသက်မွေးဝမ်းကျောင်း ပညာသင်ကြားနိုင် ရန် မသန်စွမ်းသက်ကြီးသင်တန်းကျောင်းတစ်ကျောင်း၊ မသန်စွမ်းကလေးများ အခြေခံပညာနှင့် အသက်မွေး ဝမ်းကျောင်းပညာများ သင်ကြားနိုင်ရန်အတွက် မျက်မမြင်သင်တန်းကျောင်း နှစ်ကျောင်း နှင့် နားမကြားသောကလေးများအတွက် ကျောင်းနှစ်ကျောင်း၊ ဉာဏ်ရည်မသန်စွမ်းသူများအတွက် မသန်စွမ်းသက်ငယ်သင်တန်းကျောင်းသုံးကျောင်း၊ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာ တစ်ခု ၊ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာတစ်ခု စုစုပေါင်း မသန်စွမ်းသင်တန်းကျောင်း နှင့် ဂေဟာ ၁၀ ခုတို့ကို ဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း။

ထို့အပြင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် အကြားအာရုံ မသန်စွမ်းသူများအတွက် အီလက်ထရောနစ်တစ်နှစ်သင်တန်းနှင့် သုံးလသင်တန်းများအဖြစ် ဆံသ သင်တန်း၊ ကွန်ပျူတာသင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ စက်ချုပ်သင်တန်းတို့ကို မသန်စွမ်းသက်ကြီး သင်တန်းကျောင်း ရန်ကုန်၌ ဘဏ္ဍာရေးနှစ်တစ်နှစ်တွင် သုံးကြိမ်ပုံမှန်ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ထိ သင်တန်းတက်ရောက်သူ ၅၇၅ ဦးရှိပြီး အလုပ်အကိုင်ရရှိသူ ၂၅၄ ဦးရှိသညအတွက် ၄၄.၁၇ ရာခိုင်နှုန်း အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ မသန်စွမ်းသူများအား အစိုးရအဖွဲ့အစည်းများအတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် ဝန်ထမ်း ၃,၁၃၆ ဦးရှိရာ မသန်စွမ်းဝန်ထမ်းအရာထမ်း ၂၈ ဦး၊ အမှုထမ်း ၈၄ ဦး စုစုပေါင်း ၁၁၂ ဦး ခန့်အပ်ထားရှိပြီးဖြစ်၍ ရာခိုင်နှုန်းအားဖြင့် ၃.၅၇ ရာခိုင်နှုန်း ခန့်အပ်ထားပြီးဖြစ်ပါကြောင်း။

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မျက်မမြင်အကြောပြင်အနှိပ်သင်တန်းများဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ ကြည့်မြင်တိုင်မျက်မမြင်သင်တန်းကျောင်းတွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ သင်တန်းသား ၃၀၁ ဦးကို သင်တန်းပေးနိုင်ခဲ့ပြီး ပုဂ္ဂလိကကဏ္ဍမှာ အလုပ်အကိုင်ရရှိသူ ၂၃၈ ဦး ရှိသည့်အတွက် ၇၉.၀၇ ရာခိုင်နှုန်း အလုပ်ရရှိစေပြီးဖြစ်ပါကြောင်း၊ ထို့အပြင် စစ်ကိုင်းမျက်မမြင် ကျောင်း တွင် ၂၀၀၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ သင်တန်းသား ၂၀၂ ဦးကို သင်တန်းပေးနိုင်ခဲ့ရာ ပုဂ္ဂလိကကဏ္ဍတွင် အလုပ်အကိုင်ရရှိသူ ၆၆ ဦးရှိသည့်အတွက် ၃၂.၆၇ ရာခိုင်နှုန်းကိုလည်း အလုပ်အကိုင် ရရှိစေခဲ့ပြီးဖြစ်ပါကြောင်း။ 

သို့ဖြစ်ပါ၍မသန်စွမ်းသူများအား အစိုးရဌာနအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကလုပ်ငန်းတွေမှာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး ဆောင်ရွက်ပေးမှုအခြေအနေကို သိရှိလိုပါကြောင်း မေးမြန်းလာခြင်းနှင့်စပ်လျဉ်းပြီး အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများအပါအဝင် အလုပ်အကိုင်ရှာဖွေနေသူများအား ၎င်းတို့၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ တတ်မြောက်မှုတို့နှင့်အညီ သင့်လျော်သည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေးအတွက် အလုပ်ရှင်များ၊ အစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လည်း မသန်စွမ်းသူများအတွက် ဂုဏ်သိက္ခာရှိသည့် အသက်မွေးဝမ်းကျောင်းမှုဖြင့် ဘဝရပ်တည်နိုင်ရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာငါးနှစ်စီမံကိန်း ၂၀၂၂-၂၀၂၇ တွင် လုပ်ငန်းနှင့် အလုပ်အကိုင်ကို ကဏ္ဍတစ်ရပ်အနေဖြင့် ထည့်သွင်း၍ မသန်စွမ်းသူများအလုပ်အကိုင်ရရှိရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။