(ဂ)-ဒေါ်ခင်နီနီအောင်(ကော့ကရိတ်မဲဆန္ဒနယ်)
မြန်မာ့စီးပွားရေးဘဏ်၊ ကော့ကရိတ်ဘဏ်ခွဲအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် အသစ်တည်ဆောက် ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကော့ကရိတ်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်သည် ကော့ကရိတ်မြို့၊ အမှတ် (၃) ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် ချောင်းတောင်တံတား သွားသည့်လမ်းဆုံတွင် တည်ရှိပါကြောင်း၊ လက်ရှိ အဆောက်အဦအကျယ်အဝန်းမှာ အလျား ၄၃ ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၂၄ ပေ၊ ဧရိယာစတုရန်းပေ ၁,၇၂၀ ကျယ်ဝန်ပြီး အမျိုးအစားမှာ အောက်ထပ် ကွန်ကရစ်ခင်း၊ အုတ်ကာ၊ အပေါ်ထပ် ပျဉ်ကတိုးလျှာထိုးခင်း၊ လျှာထိုးကာ၊ သွပ်မိုးနှစ်ထပ် တိုက်ခံအဆောက်အဦဟောင်းဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်အဆောက်အဦဟောင်း၏ မြေနေရာ အကျယ်အဝန်းမှာ အလျား ၁၁၀ ပေ၊ အနံ ၁၁၀ ပေ၊ မြေဧရိယာ ၀.၂၇၈ ဧက ကျယ်ဝန်းပြီး အဆိုပါ မြန်မာ့စီးပွားရေးဘဏ် အသုံးပြု နေသောအဆောက်အဦသည် အင်္ဂလိပ်အစိုးရလက်ထက်တွင် အစိုးရမင်းရုံးတော်အဖြစ် ဆောက်လုပ် ခဲ့ပြီး ခရိုင်ဝန်ရုံးအဖြစ် အသုံးပြုခဲ့သော အဆောက်အဦဖြစ် ပါကြောင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ပေါ်ပေါက်လာပြီးနောက် ကော့ကရိတ်မြို့နယ် ပါတီ ယူနစ်မှ ငှားရမ်းအသုံးပြုသော အဆောက်အဦဖြစ်ပါကြောင်း။
ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရ မြို့နယ်ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီထံမှ ၁၉၈၈ ခုနှစ်တွင် လွှဲပြောင်းရယူခဲ့ပြီး နောက် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ လမ်းညွှန်ခွင့်ပြုချက်ဖြင့် ၁၉၈၉ ခုနှစ်တွင် ၎င်းအဆောက် အဦကို ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲအဖြစ် ဖွင့်လှစ်ရန် ငှားရမ်းအသုံးပြု ခဲ့ပြီး ၎င်းအဆောက်အဦကို ၁၉၈၉ ခုနှစ်တွင် မော်လမြိုင်ပြည်သူ့ဆောက်လုပ်ရေး၊ အိုးအိမ်ဦးစီး ဌာနမှ ကော့ကရိတ်မြို့နယ်၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းသို့ လွှဲပြောင်းပေးခဲ့ပါကြောင်း။
၎င်းဖော်ပြပါအဆောက်အဦနှင့်မြေကွက်အား မြန်မာ့စီးပွားရေးဘဏ်သို့ လွှဲပြောင်းခွင့်ရရှိရေး အတွက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာနမှတစ်ဆင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ တင်ပြတောင်းခံ ခဲ့ရာ ၂၀၀၅ ခုနှစ်တွင် ငှားရမ်းဖွင့်လှစ်ထားသည့် ၎င်းအဆောက်အဦအား မြန်မာ့စီးပွားရေးဘဏ်သို့ လွှဲပြောင်းပေးခဲ့ပါကြောင်း၊ ယခုလက်ရှိအချိန်တွင် အဆိုပါအဆောက်အဦသည် နှစ်ပေါင်းကြာမြင့် နေသော အဆောက်အဦပုံစံဖြစ်ပြီး ရုံးဌာနအဆောက်အဦပုံစံနှင့်မတူဘဲ နေအိမ်အဆောက်အဦ ဟောင်း ကို ရုံးပုံစံအဖြစ် လုပ်ငန်းလည်ပတ် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ အဆောက်အဦ ဟောင်းသည် ယိုယွင်းပျက်စီးနေပြီး တချို့နေရာများမှာ ကြံ့ခိုင်မှုအားနည်းလာခြင်း၊ မိဘပြည်သူများ ငွေသွင်း၊ ငွေထုတ်ခြင်းနှင့် ပင်စင်စားမိဘပြည်သူများ လစဉ်ပင်စင်လစာငွေများ လာရောက်ထုတ်ယူရာတွင်လည်း အခန်းကျဉ်းပြီး လေဝင်လေထွက်မကောင်းခြင်း၊ နားနေစရာ မရှိခြင်းတို့ကြောင့် အများပြည်သူနှင့်သက်ဆိုင်သော ရုံးဌာနဖြစ်နေခြင်း၊ အဆောက်အဦမှာလည်း ဟောင်းနွမ်းနေပြီး သက်တမ်းကြာရှည်သော အဆောက်အဦ ဖြစ်သည့်အတွက် ခေတ်စနစ်နှင့်ညီသော ခရိုင်အဆင့်၊ မြို့နယ်အဆင့်မီ မြန်မာ့စီးပွားရေးဘဏ် အဆောက်အဦအသစ် ပြန်လည် တည်ဆောက်ပေးရန် လိုအပ်နေသည်ကိုတွေ့ရှိရပါကြောင်း၊ အဆောက်အဦဟောင်း၏ မြေနေရာ အကျယ်အဝန်းမှာ အလျား ၁၁၀ ပေ၊ အနံ ၁၁၀ ပေ၊ မြေဧရိယာ ၀.၂၇၈ ဧကကျယ်ဝန်း သော်လည်း အဆောက်အဦမြေနေရာ ပုံစံ (၁၀၅)၊ (၁၀၆) အမည်ပေါက်ရှိပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအမည်ဂရန်ပေါက်၍ အဆိုပါမြေနေရာအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြန်မာ့စီးပွားရေးဘဏ်သို့ စွန့်လွှတ်လွှဲပြောင်းနိုင်ရန်အတွက် ဘဏ်ခွဲ၏ ၂၀-၇-၂၀၂၆ ရက်နေ့တွင် တင်ပြထားသည်ဟု သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ဟောင်းနွမ်းနေပြီး လူအများကို နေ့စဉ်ဝန်ဆောင်မှုဆောင်ရွက်ပေးနေရသော ရုံးဌာနအဆောက်အဦနှင့်မတူသည့်မြန်မာ့ စီးပွားရေးဘဏ်(ကော့ကရိတ်ဘဏ်ခွဲ)အား အသစ်ပြန်လည်တည်ဆောက်ခွင့်ပြုပေးရန်အစီအစဉ် ရှိ /မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါ်သန်းသန်းလင်း က
ကော့ကရိတ်မြို့နယ်တွင် ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့ဆိုပြီး မြို့နှစ်ခု၊ ရပ်ကွက် ၁၁ ခု၊ကျေးရွာအုပ်စု ၅၃ စု၊ ကျေးရွာပေါင်း ၂၆၀ ရွာနှင့် လူဦးရေစုစုပေါင်း ၃၀၇,၁၁၂ ဦး နေထိုင်လျက်ရှိပြီး အဓိကစီးပွားရေးလုပ်ငန်းများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် တခြားစီးပွားရေး လုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများ၊ တစ်နိုင်တစ်ပိုင်ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် အိမ်တွင်းမှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော့ကရိတ်ဘဏ်ခွဲအဆောက်အဦ၏ မြေနေရာ အကျယ်အဝန်းမှ အလျား ၁၁၀ ပေ၊ အနံ ၁၁၀ ပေနှင့် မြေဧရိယာ ၀.၂၇၈ ဧကဖြစ်ပါကြောင်း၊ အဆောက် အဦအကျယ်အဝန်းမှာ အလျား ၄၃ ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၂၄ ပေ ရှိသည့်အတွက် ဧရိယာ စတုရန်းပေပေါင်း ၁,၇၂၀ ကျယ်ဝန်းပါကြောင်း၊ အဆောက်အဦအမျိုးအစားမှ အောက်ထပ် ကွန်ကရစ်ခင်း၊ အုတ်ကာ၊ အပေါ်ထပ် ပျဉ်းကတိုးလျှာထိုးခင်း၊ လျှာထိုးကာနှင့်သွပ်မိုး၊ နှစ်ထပ် တိုက်ခံအဆောက်အဦအဟောင်းဖြစ်ပါကြောင်း။
ကော့ကရိတ်ဘဏ်ခွဲရှိ စာရင်းဖွင့်လှစ်ထားမှုအခြေအနေမှ ငွေစုဘဏ်စာရင်းဦးရေ ၅,၄၆၆ ဦး၊ စာရင်းရှင်စာရင်းဦးရေ ၆၅၉ ဦး၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းဦးရေ ၈၁ ဦး၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေစာရင်းဦးရေအနေဖြင့် ၃၁ ဦးနှင့် အငြိမ်းစားဦးရေ ၂,၂၉၆ ဦးတို့ရှိပြီး ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊အဆိုပါအဆောက်အဦ အား ကော့ကရိတ်မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီထံမှ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း (ယခင် ဆောက်လုပ်ရေး ကော်ပိုရေးရှင်း) က ၁၃-၁၀-၁၉၈၈ ရက်နေ့တွင် လွှဲပြောင်းရယူခဲ့ပါကြောင်း၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းထံမှ မြန်မာ့စီးပွားရေးဘဏ်က ၄-၂-၁၉၈၉ ရက်နေ့မှစ၍ တစ်လလျှင် ကျပ် ၃၀၀/- တိတိဖြင့် ငှားရမ်း အသုံးပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနမှ မြန်မာ့စီးပွားရေးဘဏ်၊ ကော့ကရိတ်မြို့နယ်ဘဏ်ခွဲ ဖွင့်လှစ်ထားသည့် အဆောက်အဦ နှင့် မြေနေရာကို ၃၀-၈-၂၀၀၅ ရက်နေ့တွင် မြန်မာ့စီးပွားရေးဘဏ်၊ ကော့ကရိတ်မြို့နယ်ဘဏ်ခွဲသို့ လွှဲပြောင်းပေးခဲ့သည့်အတွက် ကော့ကရိတ်မြို့နယ်ဘဏ်ခွဲ အဆောက်အဦတည်ရှိရာ မြေစာရင်းပုံစံ (၁၀၆) တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအမည်ပေါက်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အဆိုပါမြေနေရာအား မြန်မာ့စီးပွားရေးဘဏ်သို့ စွန့်လွှတ်လွှဲပြောင်းပေးနိုင်ရေး အတွက် မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) နှင့်အတူ မြန်မာ့စီးပွားရေးဘဏ်၊ ကော့ကရိတ်မြို့နယ် ဘဏ်ခွဲ သည် ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးသို့ ၂၀-၇-၂၀၂၆ ရက်နေ့တွင် တင်ပြ ထားပြီးလည်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါမြေနေရာအား စွန့်လွှတ်လွှဲပြောင်းရရှိပါက ဘဏ် အဆောက်အဦအသစ် ဆောက်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်း လျာထားရေးဆွဲ၍ ငွေလုံးငွေရင်းအသုံးစရိတ်တောင်းခံခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး ရန်ပုံငွေ ရရှိပါက နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။