(ဃ)-ဦးတင်ထွန်းလွင်(ကလေးဝမဲဆန္ဒနယ်)
ကလေးဝမြို့နယ်၌ Solar System မြစ်ရေတင်လုပ်ငန်းကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် တပ်ဆင် ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကလေးဝ မြို့နယ်၊ ဒေသခံပြည်သူများ သောက်သုံးရေသန့်ရရှိရေးအတွက် Solar System ဖြင့် မြစ်ရေတင်လုပ်ငန်း တပ်ဆင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ /မရှိ၊ ဆောင်ရွက်ပေးမည်ဆိုလျှင် မည်သည့်အချိန်၊ မည်သည်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုသောကြောင့် မေးမြန်း သွားမည်ဖြစ်ပါကြောင်း။
ကလေးဝမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်ကြားတွင် တည်ရှိပြီး အရှေ့ဘက်တွင် ချင်းတွင်းမြစ်၊ တောင်ဘက်တွင် မြစ်သာမြစ်နှင့် အနောက်ဘက်တွင် သော့ကျင့်တောင်တန်းတို့တည်ရှိပြီး ပြန့်ပြူးသောမြေမျက်နှာသွင်ပြင်ရှားပါး၍ တောင်ကုန်းများ ပေါများပါကြောင်း၊ ကလေးဝမြို့သည် မြစ်နှစ်မြစ်ကြားတွင်တည်ရှိနေသော်လည်း တောင်ကုန်းများ ထူထပ်ခြင်း၊ မြစ်ကမ်းပါးမတ်စောက်ခြင်းတို့ကြောင့် ရေအောင်းရေ၊ အဝီစိရေတူးဖော်ရေရရှိရန် ခက်ခဲလှပါကြောင်း၊ သို့ဖြစ်ပါ၍ ကလေးဝမြို့ဒေသခံပြည်သူလူထုသည် ချင်းတွင်းမြစ်ရေတင်ခြင်းမှ ရရှိလာသောရေကို သောက်ရေ၊ သုံးရေအဖြစ် အားကိုးနေကြရပါကြောင်း။
ကလေးဝမြို့၊ ချင်းတွင်းမြစ်ရေတင်ခြင်းလုပ်ငန်းကို ၁၉၉၅ ခုနှစ်တွင် ဂျပန်နိုင်ငံမှ သီလရှင် ဂိုဏ်းချုပ်ကြီး ရှီကိုတိုမက်ဆု၏ လှူဒါန်းငွေ ၂,၄၅၀,၀၀၀ ကျပ်ဖြင့် မြို့မိမြို့ဖတို့မှ ဦးဆောင်၍ ရေဂါလန် ၅၀,၀၀၀ ဆံ့ တည်ဆောက်ပြီး ၂၈ ကောင်မြင်းကောင်ရေ အင်ဂျင်စက်ဖြင့် မြစ်ရေတင် လုပ်ငန်းများစတင်ခဲ့ပြီး မြို့အတွင်းရေပေးဝေရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီးနောက် မြို့မိမြို့ဖ၊ ရပ်ကွက်ဥက္ကဋ္ဌ၊ စည်ပင်ဦးစီးဌာန၊ ရပ်မိရပ်ဖရေပေးဝေရေးကော်မတီတို့ အဆင့်ဆင့် ပြောင်းလဲ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှစ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ အတွင်းရေးမှူး တို့က ဦးဆောင်ပြီး တိုင်းမှူး၊ ဝန်ကြီး၊ ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များထံမှ အလှူခံရရှိငွေ ၂၇ သိန်းဖြင့် မူလမြစ်ရေတင်ရေပိုက် လေးလက်မပိုက်မှ ခြောက်လက်မပိုက်ဖြင့် အစားထိုးခြင်း၊ ရေပေးဝေ လုပ်ငန်းများကိုသုံးလက်မပိုက်၊ လေးလက်မပိုက်များဖြင့် တပ်ဆင်ခြင်း၊ ရဲစခန်း၊ ဆေးရုံ၊ ဘုန်းတော်ကြီး ကျောင်းများရေပေးဝေနိုင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ဝန်ကြီးချုပ်ဦးသာအေး ၏လမ်းညွှန်မှုဖြင့် မြို့လုံးကျွတ်ရေပေးဝေနိုင်ရေး သိန်း ၅၀ တန်ဖိုး ပစ္စည်းများ၊ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ ကူညီထောက်ပံ့ငွေကျပ်သိန်း ၅၀ ဖြင့်လည်းကောင်း ရေတိုင်ရှင်များ၏ ထည့်ဝင်ငွေများစသည်ဖြင့် ရေစစ်ကန်တည်ဆောက်ခြင်း၊ မြင်းကောင်ရေ ၅၀ ရှိ ဒီဇယ်အင်ဂျင်နှစ်လုံးဖြင့် ကလေးဝမြို့ပေါ်ရပ်ကွက်သုံးခုအား နေ့စဉ်ရေဂါလန် ၂၀၀,၀၀၀ ကျော် ဖြန့်ဖြူး ပေးနိုင်ခဲ့ပါကြောင်း၊ ကလေးဝမြို့သည် မြစ်နှစ်မြစ်ကြားတွင်တည်ရှိသဖြင့် ရေရှားပါးမှုမရှိ သော်လည်း တောင်ကုန်းများပေါများခြင်း၊ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးမရရှိခြင်း၊ စက်သုံးဆီ ဈေးနှုန်းများကြီးမြင့်ခြင်း၊ စက်သုံးဆီပြတ်လတ်မှုများကြောင့်ပါ ရေရယူသုံးစွဲနိုင်ရန် ခက်ခဲနေခြင်း ဖြစ်ပါကြောင်း။
ကလေးဝမြို့ရှိ လက်ရှိလူဦးရေ၏ တစ်ရက်လျှင်ရေဂါလန် စုစုပေါင်း၂၅၀,၀၀၀ လိုအပ်လျက် ရှိပါကြောင်း၊ ယခုမြစ်ရေတင်လုပ်ငန်းတွင် မြင်းကောင်ရေ ၁၈၀၊ ခြောက်လုံးထိုးဒီဇယ် အင်ဂျင် တစ်လုံးဖြင့်သာ ဆောင်ရွက်နေရပါကြောင်း၊ ရေဂါလန်လိုအပ်ချက်အရ နေ့စဉ်စက်သုံးဆီလိုအပ်ချက်မှာ ၁၇ ဂါလန်ခန့် ဖြစ်ပါကြောင်း၊ ယခုအချိန်သည် ဒေသဖွံ့ဖြိုးနှေးကွေးနေခြင်း၊ ကုန်ဈေးနှုန်းမြင့်မားမှု တို့ကြောင့် မြစ်ရေတင်လုပ်ငန်းစဉ်များကို မြို့လူဦးရေနှင့်အညီ လုံလောက်အောင် ဆောင်ရွက်ပေး နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ဒေသခံပြည်သူများမှာ ရေရရှိရေးအတွက် သင့်လျှော်ရာရေသယ်ယာဉ်များဖြင့် သယ်ယူသုံးစွဲနေရခြင်း၊မြစ်ရေခပ်ယူသုံးစွဲနေရခြင်းတို့ များစွာခက်ခဲခဲ့ပါကြောင်း၊ ကလေးဝမြို့ပေါ် သုံးရပ်ကွက်အတွက် နေ့စဉ်လိုအပ်လျက်ရှိသောရေဂါလန်ကို လျှပ်စစ်မီးရရှိစဉ်က သုံးရက်လျှင် တစ်ကြိမ်ဖြန့်ဖြူးပေးနိုင်ပြီး လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ပြီးနေ့မှစ၍ စက်သုံးဆီဈေးနှုန်း များမြင့်တက်လာပြီး တစ်ပတ်လျှင်တစ်ကြိမ်၊ နှစ်ပတ်လျှင်တစ်ကြိမ်၊ သုံးပတ်လျှင်တစ်ကြိမ် နောက်ဆုံး တစ်လလျှင် တစ်ကြိမ်သာရေ ပေးဝေနိုင်ခဲ့ပါကြောင်း၊ မြို့နေပြည်သူလူထုများ နေ့စဉ်နှင့်အမျှ သောက်ရေ၊ သုံးရေ ပြဿနာများ ကြုံတွေ့ရင်ဆိုင်နေရပါကြောင်း။
သောက်ရေ၊ သုံးရေပြဿနာအခက်အခဲကို နည်းလမ်းမျိုးစုံနှင့်ဖြေရှင်းရန် ကိုယ်စားလှယ် များသည် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပြည်သူများနှင့် အကြိမ်ကြိမ်ဆွေးနွေးဖြေရှင်းသော်လည်း သောက်ရေ၊ သုံးရေပြဿနာမှာ အခက်အခဲများစွာရှိသည့်အတွက်ကြောင့် မြို့နေပြည်သူများထံမှ လောက်ငှအောင်ဖြန့်ဖြူးပေးနိုင်ခြင်းမရှိခဲ့ပါကြောင်း၊ နွေရာသီနှင့် ဆောင်းရာသီများ၌ မြစ်ရေကျ ဆင်းသည့် အခါ ပိုမိုခက်ခဲစွာဖြင့် သောက်သုံးရေပေးဝေလေ့ရှိပြီး မြို့နယ်စည်ပင်သာယာရေး အဖွဲ့အနေ ဖြင့်လည်း အဆင့်(ဂ) မြို့နယ်ဖြစ်၍ ရန်ပုံငွေအခက်အခဲများစွာရှိသဖြင့် ရေတင်စက်တစ်လုံးတည်း ဖြင့်သာ ရေပေးဝေနေရပါကြောင်း၊ ကလေးဝမြို့ပေါ် သုံးရပ်ကွက်တွင်နေထိုင်လျက်ရှိသော မိဘ ပြည်သူများ သောက်ရေသုံးရေ အမှန်တကယ်လိုအပ်လျက်ရှိခြင်းကြောင့် Solar System ဖြင့် ချင်းတွင်းမြစ်ရေတင် စီမံကိန်းအားဆောင်ရွက်ပေးမည်ဆိုလျှင် မည်သည့်အချိန်၊ မည်သည့်ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက် ပေးမည်ကိုသိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
နေပြည်တော်ကောင်စီ၊ ကောင်စီဝင်၊ ဦးဝင်းမိုးခိုင် က
ကလေးဝမြို့နယ်၊ ဒေသခံပြည်သူများ သောက်သုံးရေသန့်ရရှိရေး Solar System မြစ်ရေ တင်လုပ်ငန်း တပ်ဆင်ဆောင်ရွက်ပေးရန်အတွက် Solar System ဖြစ်သည့် 585 W Solar အချပ် ၈၀၊ (50kW) Inverter Battery ၈ လုံးပါ တစ်စုံနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူတပ်ဆင်ခြင်း၊ မိုးကြိုးလွှဲ (EarthWire) Lightning System တစ်ပါတည်းတပ်ဆင်ခြင်းလုပ်ငန်းများအား ၂၀၂၇-၂၀၂၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားရေးဆွဲထားပြီး ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါ သည်။