လျှပ်စစ်မီးအား ၂၄ နာရီ အချိန်ပြည့်ပေးနိုင်ရန် ရေတို၊ ရေရှည်စီမံကိန်းများ ဆောင်ရွက်ထားမှု ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မှုသည် ဝန်နှင့်အား မမျှတမှုနှင့် ကြုံနေရဆဲဖြစ်ပါကြောင်း၊ လေ့လာတွေ့ရှိချက်အရ ၂၀၂၁ ခုနှစ်တွင် လျှပ်စစ်၏ လိုအပ်ချက်မှ ၃၉၉၇ မဂ္ဂါဝပ်ရှိပြီး ၂၀၂၆ ခုနှစ်၌ ၄၆၆၀ မဂ္ဂါဝပ်အထိတိုးလာသည်ကို တွေ့ရသည့်အတွက်ကြောင့် ငါးနှစ်အတွင်း ၁၀၀၀ နီးပါး၊ ၆၆၀ မဂ္ဂါဝပ်တိုးလာသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံသည် အဓိကရေအားလျှပ်စစ်ကို ၅၀ ရာခိုင်နှုန်းနီးပါး မှီခိုနေရသည့်အနေအထားဖြစ်ပါကြောင်း၊ စွမ်းအင်လို အပ်ချက်သည် ဖွံ့ဖြိုးမှုတစ်ဆင့်တက်လာတိုင်းတွင် ပိုမိုလိုအပ်နေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိမှုအချိုးသည် ၇၁.၃၉ ရာခိုင်နှုန်းရရှိသုံးစွဲနေပြီ ဖြစ်သော် လည်း ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လိုအပ်လျက်ရှိသည်ကို လည်းတွေ့ရှိရပါကြောင်း၊ လက်ရှိ ဓာတ်အားစနစ်မှာ ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ် အချိုးအစား Generation Mix အနေဖြင့် အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်ပါကြောင်း -
(၁) ရေအားလျှပ်စစ်(Hydro Power)အနေနဲ့ ၄၇ ရာခိုင်နှုန်း၊
(၂) နေရောင်ခြည်စွမ်းအင်(Solar)နှင့် RE က ၅ ရာခိုင်နှုန်း၊
(၃) အပူစွမ်းအင် (Gas ၊ LNG ၊ ကျောက်မီးသွေး)က ၄၈ ရာခိုင်နှုန်း။
စုစုပေါင်း ၁၀၀ ရာခိုင်နှုန်းမှ လက်ရှိအချိန်အထိ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားရရှိမှု အချိုး (Electrofication Ratio) ဆိုပါက ၇၁.၃၉ ရာခိုင်နှုန်း ရရှိသုံးစွဲလျက်ရှိသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ယနေ့အထိ နျူကလီးယားဓာတ်ပေါင်းဖိုနှင့်သုံးစွဲနေသည့် ကမ္ဘာ့နိုင်ငံ ပေါင်း ၃၂ နိုင်ငံရှိပြီး ၎င်း ၃၂ နိုင်ငံထဲတွင် အမေရိကန်၊ ပြင်သစ်၊ တရုတ်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ကနေဒါ၊ ယူကရိန်း၊ ဗြိတိန် စသည့်၁၀ နိုင်ငံသည် လျှပ်စစ်ဓာတ်ပေါင်းဖို အများဆုံး သုံးစွဲနေသည့်နိုင်ငံဖြစ်ပါကြောင်း၊ သုံးစွဲထားသည့် နျူကလီးယားဓာတ်ပေါင်းဖိုမှာ ၃၆၄ လုံးရှိပြီး တစ်ကမ္ဘာလုံးရှိ ၃၂ နိုင်ငံတွင် သုံးစွဲသည့်နျူကလီးယား ဓာတ်ပေါင်းဖို စုစုပေါင်း ၄၁၇ လုံးရှိပါကြောင်း၊ လက်ရှိ တည်ဆောက်ဆဲ နျူကလီးယားဓာတ်ပေါင်းမှာ ၇၈ လုံးရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်း ၁၀ နိုင်ငံကိုကြည့်မည်ဆိုပါက စီးပွားရေးပိုင်းတွင် များစွာဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ယနေ့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်အနေဖြင့် အဏုမြူရောင်ခြည်အဆိပ်သင့်မှုမရှိဘဲ နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်ရန်အခြေအနေ ရှိ၊ မရှိ နှစ်ပေါင်း ၆၀ ကျော် သုတေသနပြုလုပ်ခဲ့သည့်အခါမှာ ယခု စမ်းသပ် တွေ့ရှိချက်များအရ ဓာတ်ရောင်ခြည်အဆိပ်သင့်မှုမရှိဘဲ နျူကလီးယားစွမ်းအင် ထုတ်လုပ် နိုင်မည်ဖြစ်ကြောင်းကို အမေရိကန်စွမ်းအင်းဝန်ကြီးဌာန၏ ၁၃-၁၂-၂၀၂၂ ရက်နေ့ တရားဝင် ကြေညာချက်အရ သိရှိရပါကြောင်း။
မိမိတို့နိုင်ငံသည် လျှပ်စစ်ကဏ္ဍနှင့်စပ်လျဉ်းပြီး အတော်ကို နောက်ကျကျန်နေခဲ့ပြီ ဆိုသည်ကိုလည်း အားလုံးအသိဖြစ်ပါကြောင်း၊ ရေရှည်စီမံကိန်းများဖြစ်သည့် ရေအားလျှပ်စစ် စက်ရုံများ၊ နျူကလီးယားဓာတ်ပေါင်းစက်ရုံများ၊ အမြန်ဆုံးပေါ်ထွက်လာရေး ကြိုးပမ်းသကဲ့သို့ ရေတိုစီမံကိန်း များဖြစ်သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုရမည့် နေရောင်ခြည်သုံး လျှပ်စစ် စွမ်းအင်များ၊ လေအားများ၊ အငယ်စားရေအားလျှပ်စစ်စီမံကိန်းများ၊ အသေးစား LNG စက်ရုံများ၊ ကျောက်မီးသွေး သုံးစက်ရုံများ စသည့်လောင်စာသုံးသည့် လျှပ်စစ်စက်ရုံများ အမြန်ဆုံး အကောင် အထည် ဖော်သင့်ပါကြောင်း၊ အလွယ်ကူဆုံးနှင့် လက်လှမ်းမီဆုံးဖြစ်တဲ့ Roottop Solar Hybrid စနစ်ကိုလည်း စက်ရုံ၊ အစိုးရရုံးများ၊ လူနေအိမ်များနှင့် ဈေးများအပြင် အရေးကြီးသည့် တောင်သူ လယ်သမားများအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အခွန်လျှော့ပေါ့ကင်းလွတ်ခွင့်နှင့် အမြန်ဆုံး တပ်ဆင်အသုံးပြု ခွင့်ပေးခြင်း၊ Solar Mini Grid များကိုလည်း လိုအပ်သည့် နယ်မြေဒေသ အလိုက် လုပ်သာကိုင်သာ ရှိအောင် မူဝါဒများ လျှော့ချသတ်မှတ်ပေးပြီး လုပ်ကိုင်လိုသည့် ပြည်တွင်း ပြည်ပကုမ္ပဏီများကို စီမံဆောင်ရွက်ခွင့်ပေးခြင်းနှင့် ပိုလျှံသည့် လျှပ်စစ်ဓာတ်အားများကိုလည်း ရောင်းချနိုင်သည့် အခွင့်အလမ်းများ ဖွင့်ပေးထားခြင်းအားဖြင့် လျှပ်စစ်လိုအပ်ချက်များကို အမြန်ဆုံး လျှော့ချပေးသွားနိုင်မည် ဖြစ်ပါကြောင်း။
ရေတိုစီမံကိန်းတွင် ၅၀၀ မဂ္ဂါဝပ်နှင့် Run နေသည့် LNG စက်ရုံများကို ထပ်တိုး တည်ဆောက်ပေးခြင်း၊ လေတိုက်နှုန်း ကောင်းမွန်သည့်ဒေသများ၌ Hybird Solar နှင့် လေအား လျှပ်စစ်စီမံကိန်းအငယ်စားများ တည်ဆောက်ပေးခြင်း၊ လျှပ်စစ်မီးမရောက်ရှိနိုင်သည့် ဒေသများတွင် မှာလည်း ဒေသန္တရအားသာချက်များကို အသုံးချနိုင်သည့် Mini Hydro Power အသေးစား စက်တပ်ဆင်အင်အား ၅ မဂ္ဂါဝပ်မှ ၁၀ မဂ္ဂါဝပ်အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရ၊ ဒေသခံများနှင့် ပူးပေါင်းရှာဖွေဖော်ထုတ် အကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊ ဆုံးရှုံး၊ လျော့နည်း၊ ပျောက်ဆုံးနေသည့် လျှပ်စစ်ဓာတ်အားများ အပြည့်ဝပြန်လည်ရရှိရေးအတွက် မီးကြိုးများ တရားမဝင် သွယ်တန်းထားသည့်ကိစ္စများကို ဖော်ထုတ်ပေးခြင်း၊ သုံးစွဲသည့် မီတာယူနစ်များ လျော့နည်းအောင် မီတာများကို ပြုပြင်ဖန်တီး၍ လျှပ်စစ်ခိုးနေမှုများကိုလည်း စိစစ်ဖော်ထုတ်ခြင်းနှင့် ထိုသို့မပြု လုပ်နိုင်ရန် Smart Meter များ အမြန်ဆုံးအစားထိုးသုံးစွဲနိုင်အောင် လုပ်ဆောင်ပေးသင့်ပါကြောင်း၊ ၇ ချက် မေးမြန်းသွားမည်ဖြစ်ပါကြောင်း -
(၁) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့ ပူးပေါင်းပြီးဆောက်လုပ်မည့် SMR Project အဆင့်မြင့်နျူကလီးယား ဓာတ်ပေါင်းဖို အမြန်ဆုံးအကောင်အထည်ဖော်ရန် အစီအစဉ် ရှိ /မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင်ပြီး ဓာတ်ပေါင်းဖို မည်မျှစတင်ဆောင်ရွက် သွားမည်ကို သိရှိလိုပါတယ်။
(၂) ရေတိုစီမံကိန်းဖြစ်တဲ့ Solar Hybrid စီမံကိန်းများနှင့် Solar Mini Gird စီမံကိန်းများ ကို လုပ်သာကိုင်သာရှိအောင် မူဝါဒများနှင့် အခွန်အခများ ဖြေလျှော့ပြီး ကျယ်ကျယ် ပြန့်ပြန့် ခွင့်ပြုဆောင်ရွက်ခွင့်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုပါတယ်။
(၃) ၅၀၀ မဂ္ဂါဝပ်နှင့် Run နေတဲ့ LNG စက်ရုံများ ထပ်တိုးဆောက်လုပ်ပြီး အကောင် အထည်ဖော်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုပါတယ်။
(၄) လေတိုက်နှုန်းကောင်းမွန်တဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်အပြင် တခြား ဒေသများမှာ Hybrid Solar လေအားလျှပ်စစ်စီမံကိန်း အငယ်စားများကို ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုပါတယ်။
(၅) မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်မီးမရောက်ရှိနိုင်တဲ့ဒေသများမှာ ဒေသန္တရ အားသာချက်ကို အသုံးချနိုင်တဲ့ အသေးစားရေအားလျှပ်စစ် (Mini Hydro Power) စက်တပ်ဆင်အင်အား ၅ မဂ္ဂါဝပ်မှ ၁၀ မဂ္ဂါဝပ်အတွင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းရှာဖွေဖော်ထုတ်အကောင် အထည်ဖော်သွားရန် အစီအစဉ် ရှိ မရှိ သိရှိလိုပါတယ်။
(၆) မီတာခများကို မီတာရုံးများသို့ လာရောက်၍ အချိန်ကုန်ခံပြီး နေပူထဲမှာတန်းစီပြီး ငွေသားဖြင့်ပေးချေနေရတဲ့စနစ်အစား Digital Pay စနစ်နဲ့ အသုံးပြုဆောင်ရွက် ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုပါတယ်။
(၇) Main Question ဖြစ်ပါတယ်။ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ၂၄ နာရီ စွမ်းအားပြည့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ယခုလာမည့် ၂၀၂၇ ခုနှစ်မှာ နွေရာသီမှစပြီး လျှပ်စစ် ဓာတ်အားပေးနိုင်ခြင်း ရှိ မရှိနှင့် အကယ်၍ မရှိဘူးဆိုလျှင် မည်သည့်ခုနှစ်လောက်မှာ စတင်ပြီး ပေးနိုင်မလဲဆိုသည်ကို သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော် က
အဆိုပါမေးခွန်းနှင့်စပ်လျဉ်းပြီး သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအားလုံးနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပြန်လည်ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင်မူဝါဒနှင့်အညီ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို စွမ်းအင် အရင်းအမြစ်တစ်မျိုးတည်း အပေါ် မှီခိုနေရခြင်းမဖြစ်စေရန်နှင့် ပြန်ပြည့်မြဲစွမ်းအင်၊ သဘာဝဓာတ်ငွေ့နှင့် အခြားအရင်းအမြစ်များကို ပေါင်းစပ်အသုံးပြုသည့် Generation Mix ကို အခြေခံပြီး သဘာဝဓာတ်ငွေ့၊ LNG Solar နှင့် ကျောက်မီးသွေးစသည်တို့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ နျူကလီးယား ဓာတ်ပေါင်းဖိုနှင့်စပ်လျဉ်းပြီး အကောင်အထည်ဖော်ပေးရန် အစီအစဉ် ရှိ /မရှိနှင့် စပ်လျဉ်းပြီး နျူကလီးယားစွမ်းအင်သည် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားရရှိနိုင်ခြင်း၊ ရေရှည်စွမ်းအင် လုံခြုံမှုအတွက် ရွေးချယ်နိုင်ရာစွမ်းအင်တစ်မျိုးဖြစ်ခြင်းနှင့် နျူကလီးယားစွမ်းအင်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုအနည်းဆုံးစာရင်းတွင် ပါဝင်မှု ရှိခြင်းနှင့် ရာသီဥတုပေါ်၌ မှီခိုမှုမရှိခြင်း၊ ၂၄ နာရီပတ်လုံးတည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် အားသာချက်များရှိသည့်အတွက်ကြောင့် အငယ်စားနျူကလီးယားဓာတ် အားပေးစက်ရုံ (Small Modular Reactor- SMR) တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ လိုက်နာရမည့် လုပ်ငန်းစဉ်များမှ နိုင်ငံတစ်နိုင်ငံ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်စီစဉ်ရာ၌ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင်စီ (International Atomic Energy Agency - IAEA) ၏လမ်းညွှန်ချက်များ၊ စံသတ်မှတ်ချက် များကိုလိုက်နာဆောင်ရွက်ရမည် ဖြစ်သည့်အတွက် အချိန်ယူပြင်ဆင်ဆောင်ရွက်ပြီး စတင်တည် ဆောက်နိုင်မည်ဖြစ်ပါကြောင်း။
IAEA ၏ သတ်မှတ်ချက်များအရ စီမံကိန်းအကောင်အထည်ဖော်ရာတွင် ဖော်ပြပါလုပ်ငန်း စဉ်များအတိုင်း အဆင့်သုံးဆင့်ဖြင့် လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပထမအဆင့် လုပ်ငန်းများဖြစ်သည့် အကြိုလေ့လာဆန်းစစ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စီမံချက်အစီရင်ခံစာများ ရေးဆွဲခြင်းကို တစ်နှစ်မှ သုံးနှစ်အထိ၊ ဒုတိယအဆင့်လုပ်ငန်းများဖြစ်သည့်ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ထိန်းကျောင်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ စက်ရုံတည်နေရာအတွက် Survey တိုင်းတာဆောင်ရွက်ခြင်းနှင့် စာချုပ်စာတမ်းပြုစုခြင်းများကို သုံးနှစ်မှ ခုနစ်နှစ်ခန့်အထိ၊ တတိယအဆင့်လုပ်ငန်းများဖြစ်သည့် တည်ဆောက်ရေးလုပ်ငန်းအတွက် စာချုပ်ချုပ်ဆိုခြင်း၊ အသေးစိတ်ဒီဇိုင်း ရေးဆွဲခြင်းနှင့် တည်ဆောက်ခြင်းများကို ခုနစ်နှစ်မှ ၁၀ နှစ်အထိ အချိန်ယူ ဆောင်ရွက်ရလေ့ရှိပါကြောင်း၊ အဆင့်တိုင်း၌ IAEA ၏ Review Team ၏ စစ်ဆေး အတည်ပြု ချက်များကို ရယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိ စီမံကိန်းအကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာမှု လုပ်ငန်းများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Russian State Atomic Energy Corporation - ROSATOM) ဖြင့် ဆောင်ရွက်ပြီးဖြစ်၍ ပထမအဆင့် အငယ်စားနျူကလီးယားဓာတ်အားပေးစက်ရုံ (Small Modular Reactor - SMR) ၅၅ မဂ္ဂါဝပ် နှစ်လုံး စုစုပေါင်း ၁၁၀ မဂ္ဂါဝပ်ကို တည်ဆောက်ရန် ရွေးချယ်ထားပြီးဖြစ်ပါကြောင်း၊ ဓာတ်အားပေး စက်ရုံတည်နေရာ ရွေးချယ်နိုင်ရေး Engeering Servey လုပ်ငန်းများကို IAEA ၏ Guideline များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ROSATOM နှင့် ညှိနှိုင်းဆွေးနွေး လျက်ရှိပါကြောင်း၊ ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ် တွင် စတင်ဆောင်ရွက်နိုင်မည်ဆိုပါက ၂၀၃၅-၂၀၃၆ ဘဏ္ဍာရေးနှစ်မတိုင်မီခင် တည်ဆောက် ပြီးစီးနိုင်မည်ဟု မျှော်မှန်းထားပါကြောင်း။
လျှပ်စစ်ဓာတ်အားထုတ်ယူမှု ရေတို၊ ရေရှည် စီမံကိန်းများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ အဓိကဆောင်ရွက်သွားမည်ဖြစ်ပြီး နျူကလီးယားနည်းပညာဆိုင်ရာများကို ပူးပေါင်း ဆောင်ရွက်ခြင်း၊ နျူကလီးယားစွမ်းအင်ကို အသုံးပြုရာတွင် ပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန် ဘေးကင်းလုံခြုံစွာ ဆောင်ရွက်နိုင်ရေးအတွက် ထိန်းကျောင်းကြပ်မတ်မှု (Regulatory) ပိုင်းများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဓာတ်အားထုတ်လုပ်ရေးရေ ရေတိုစီမံကိန်းများဖြစ်သည့် Solar Hybrid စီမံကိန်းများ၊ Mini Grid စီမံကိန်းများ လုပ်သာကိုင်သာရှိအောင် ဖြေလျော့မှုနှင့်စပ်လျဉ်းပြီး အသေးစားဆိုလာစနစ်များ တပ်ဆင်သုံးစွဲပြီး ပိုလျှံဓာတ်အားများကို ဖြန့်ဖြူးရေးဓာတ်အားလိုင်းများကို ချိတ်ဆက်ပြီး ပြန်လည် ရောင်းချမည်ဆိုပါက ဓာတ်အားခ တစ်ယူနစ်ကို အမေရိကန်ဒေါ်လာ ငါးဆင့်နှင့်ညီမျှသည့် မြန်မာ ကျပ်ငွေဖြင့် ငွေလဲလှယ်နှုန်း Online Market Trading Rate ဖြင့်တွက်ပြီး ပေးချေသည့် ဓာတ်အား ဝယ်ယူရေးသဘောတူစာချုပ် (PPA) များဖြင့် ချုပ်ဆိုဝယ်ယူပေးလျက်ရှိပါကြောင်း။
ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များကို အသုံးပြုသည့်လျှပ်စစ်ဓာတ်အားကို အန္တရာယ်ကင်းရှင်း ပြီးပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်စေရန်အတွက် ဆိုလာပြားအသုံးပြုမှုနှင့်စပ်လျဉ်းပြီး ဆိုလာနှင့် ဆက်စပ် လျှပ်စစ်ပစ္စည်းများ တပ်ဆင်အသုံးပြုခြင်းဆိုင်ရာ စံသတ်မှတ်ချက်များကို အများပြည်သူ သိရှိနိုင်ရေး အတွက်ကိုလည်း ထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေရောင်ခြည်မှ လျှပ်စစ်ဓာတ်အားထုတ်ရာတွင် လိုအပ်သောမြေနေရာရရှိရေး ကြန့်ကြာမှုများရှိနိုင် သည့်အတွက် ကြောင့် တခြားနည်းဖြစ် စက်ရုံ၊ အလုပ်ရုံများ၊ ရုံးအဆောက်အဦများ၏ အမိုးပေါ်မှာ အမိုးတင် ဆိုလာစနစ် (Rooftop Solar System) တပ်ဆင်သုံးစွဲခြင်းနှင့်စပ်လျဉ်းပြီး မူဝါဒချမှတ်လုပ်ဆောင် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါစီမံကိန်း လုပ်ဆောင်ရာတွင် ဖြေလျှော့မှု များနှင့်စပ်လျဉ်းပြီး ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ အခန်း(၆) ပုဒ်မ ၁၄၊ ပုဒ်မခွဲ (က) စာရင်း ၌ နေရောင်ခြည်စွမ်းအင်များ ထုတ်လုပ်ပေးနိုင်သည့် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများတင်သွင်း ခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေသောကုန်စည်များအဖြစ် ဖြေလျှော့ပေးထားပါ ကြောင်း၊ အလားတူ ပုဒ်မ ၁၄၊ ပုဒ်မခွဲ(ဃ) စာရင်းအရမှာလည်း မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်ခြင်းမရှိသောဒေသများအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသော ပုဂ္ဂလိကအသေးစားလျှပ်စစ်ဓာတ်အားဝန်ဆောင်မှု လုပ်ငန်းများကို ကုန်သွယ် လုပ်ငန်းခွန် မကျသင့်စေသော ဝန်ဆောင်မှုလုပ်ငန်းများအဖြစ် ဖြေလျှော့ပေးထားပါကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၃၀/၂၀၂၃) ဖြင့် ပြည်တွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ဆိုလာနှင့်ဆက်စပ်ပစ္စည်း ခြောက်မျိုးကို ပြည်ပမှ တင်သွင်းမှုအပေါ်မှာ အကောက်ခွန်နှုန်းဥပဒေအရ အကောက်ခွန်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြု ထားပါကြောင်း။
LNG ဓာတ်အားထုပ်လုပ်မှုအခြေအနေကို တင်ပြသွားမည်းဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးရှိ သန်လျင်(သီလဝါ)နှင့် သာကေတတို့တွင် ပထမအဆင့် ၅၀၀ မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေးစက်ရုံမှ ဓာတ်အားထုတ်လုပ်ရာ၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Astra Power Co.,Ltd. တို့အကြားရှိ LNG တင်သွင်းခြင်းအတွက် အရောင်းအဝယ်စာချုပ် (Sale and Purchase Agreement - SPA) ကို ၂၀၂၅ ခုနှစ်မှာလည်းကောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းနှင့် CNTIC VPower Energy Myanmar Co., Ltd နှင့် စက်ရုံမှ ဓာတ်အား ထုပ်လုပ်ခြင်း အတွက်ကို ဓာတ်အားဝယ်ယူရေးစာချုပ် (Power Purchase Agreement-PPA) ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂ဝ၂၆ ခုနှစ် ဇန်နဝါရီလမှစပြီး စီးပွားဖြစ်ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ ပထမအဆင့်တွင် လုပ်ကိုင်ခွင့်ကာလမျ ငါးနှစ် ဖြစ်ပါကြောင်း၊ သဘာဝဓာတ်ငွေ့ရည်ကို ပြည်ပမှ တင်သွင်းရခြင်းနှင့် ရေတိုကာလအတွက် စဉ်းစားဆောင်ရွက် သည့် စွမ်းအင်အရင်းအမြစ်ဖြစ်သည့်အတွက်ကြောင့် ပြည်တွင်းမှ ကုန်းတွင်း၊ ကမ်းလွန် သဘာဝ ဓာတ်ငွေ့များ ထွက်ရှိနိုင်မှုအပေါ်မူတည်ပြီး စီမံကိန်းဒုတိယအဆင့်ကို ဆက်လက်စီမံ ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။
ဖော်ပြပါက လေတိုက်နှုန်းကောင်းမွန်သည့် တနင်္သာရီနှင့် ရခိုင်ဒေသများမှာ Hybrid Solar နှင့် လေအားလျှပ်စစ်စီမံကိန်း အငယ်စားများ ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ /မရှိ မေးခွန်းနှင့် စပ်လျဉ်းပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အကြီးစားလေအား လျှပ်စစ်စီမံကိန်းများ အတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့်ပူးပေါင်းပြီး ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်အတွင်း၌ အကြီးစားစီမံကိန်း ၃ဝ ခု၊ တပ်ဆင်အင်အား စုစုပေါင်း ၅,၁၀၈ မဂ္ဂါဝပ်ကို ဖြစ်မြောက်နိုင်စွမ်းလေ့လာ ဆောင်ရွက်လျက်ရှိပြီး နေရာများမှ ရှမ်းပြည် နယ်၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ် တို့ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်များ အနေဖြင့်လည်း ကော့သောင်းမြို့နယ်တွင်ရှိသည့် ဆယ်မိုင်ကျေးရွာ ၁၀ မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်ပြီး ၂ဝ၂၅ ခုနှစ် ဇွန်လ ကစပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၂၄ နာရီ ဓာတ်အားရရှိရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ၅၀၀ မဂ္ဂါဝပ် ဆိုလာ ဓာတ်အားပေးစက်ရုံကို ဆောင်ရွက်လျက်ရှိပြီး မာန်အောင်မြို့တွင်ရှိတဲ့သည့် ၅၀၀ ကီလိုဝပ် ဆိုလာဓာတ်အားပေးစက်ရုံကို ပြန်လည်ပြုပြင်ရေးလုပ်ငန်း POSCO DAEWOO ကုမ္ပဏီက ဆောင်ရွက်လျက်ရှိသည်ကို တင်ပြအပ်ပါကြောင်း။
Mini Hydro Project များကို တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့်စပ်လျဉ်းပြီး မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးမရောက်ရှိနိုင်သောဒေသများရှိ ဒေသန္တရ အားသာချက်ကို အသုံးချနိုင်သည့် အသေးစားရေအားလျှပ်စစ် (Mini Hydro Power) စက်တပ်ဆင်အင်အား ၅ မဂ္ဂါဝပ်မှ ၁၀ မဂ္ဂါဝပ်အတွင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်များ ရှိအစိုးရအဖွဲ့များက ရှာဖွေဖော်ထုတ်အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့်စပ်လျဉ်းပြီး လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဧရာဝတီမြစ်ဝှမ်းတွင် စီမံကိန်းသုံးခု၊(ဖုန်အင်ခ၊ကဆန်ချောင်း၊ နမ့်ကန်) စုစုပေါင်း ၁၃.၇ မဂ္ဂါဝပ်၊ မဲခေါင်မြစ်ဝှမ်းမှာ နမ့်မယ်ဆိုင်စီမံကိန်း ၄၀၅ မဂ္ဂါဝပ်ကို လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားရေအားလျှပ်စစ်(Mini Hydro Power) စီမံကိန်းများကို ကချင်ပြည်နယ်တွင် စီမံကိန်းငါးခု (၂၅.၇ မဂ္ဂါဝပ်)၊ စစ်ကိုင်းတိုင်းဒေသကြီး၌ စီမံကိန်းတစ်ခု (၆ မဂ္ဂါဝပ်)၊ ပဲခူးတိုင်းဒေသကြီးတွင် စီမံကိန်းတစ်ခု (၄ မဂ္ဂါဝပ်)၊ တနင်္သာရီတိုင်းဒေသကြီးမှာ စီမံကိန်းနှစ်ခု (၈.၄ မဂ္ဂါဝပ်)၊ ရှမ်းပြည်နယ်တွင် စီမံကိန်းသုံးခု (၆၇ မဂ္ဂါဝပ်) ကို တိုင်းဒေသကြီး ပြည်နယ်အစိုးရ အစီအစဉ်ဖြင့်ရှာဖွေဖော်ထုတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် လိုအပ်သည့်နည်းပညာပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ။
အိမ်သုံးမီတာနှင့် ပါဝါမီတာများမှာ Smart Meter များ အစားထိုးပြီး မသမာမှုနည်းလမ်းများ လျော့နည်းပပျောက်အောင် စီမံဆောင်ရွက်ပေးရန် အစီအစဉ်နှင့်စပ်လျဉ်းပြီး ဓာတ်အားသုံးစွဲသူ တစ်ဦးချင်း၏ ဓာတ်အားသုံးစွဲမှုအခြေအနေကို အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းထားရှိနိုင်ရန်နှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေးအတွက် Meter Control Center မှ စောင့်ကြည့်ပြီး တရားမဝင် ဓာတ်အားသုံးစွဲမှုအား ဖော်ထုတ်နိုင်ရေးတို့အတွက် Advanced Metering Infrastructure - AMI စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်တွင် Main Server မှာ AMI မီတာ ၇၀၀,၀၀၀ ကျော်၊ DCU စက်ပစ္စည်း ၂၅,၀၀၀ ကျော် မြို့နယ် ၃၀ ခုတွင် ထိန်းချုပ် တပ်ဆင်ထားရှိပြီး စီမံချက်ချမှတ်ပြီး ဆက်လက်တပ်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိလျှပ်စစ် ဓာတ်အားသုံးစွဲသူများမှာ တပ်ဆင်ထားသည့် မီတာအရေအတွက် စုစုပေါင်း ၆.၉ သန်းကျော်ရှိသည့် အနက် မီတာ ၁၃ သိန်းကျော်သည် AMI မီတာများနှင့် လဲလှယ်တပ်ဆင်ပြီးဖြစ်ပါကြောင်း၊ AMI စနစ်သုံး မီတာနှင့်ဆက်စပ်ပစ္စည်းများအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ စုစုပေါင်း ၅၀၀,၀၀၀ ကျော်၊ ၂ဝ၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှာ ၇၅၀,ဝ၀၀ စုစုပေါင်း ၁,၂၆ဝ,၀၀၀ ဝယ်ယူသွားရန် စီစဉ်ထား ရှိပါကြောင်း။
မီတာခများကိုလည်း ငွေသားဖြင့် အချိန်ကုန်ခံပြီး တန်းစီပေးချေရသည့်အစား Onlineဖြင့် ပေးချေနိုင်သည့် စနစ်အသုံးပြုဆောင်ရွက်နိုင်ရန်အစီအစဉ်နှင့်စပ်လျဉ်းပြီး လစဉ်မီးသုံးသူတစ်ဦးချင်း ကျသင့်သည့် ဓာတ်အားခငွေများကို သက်ဆိုင်ရာမြို့နယ်အသီးသီးတွင်ရှိသည့် ငွေကောက် ကောင်တာများတွင် အချိန်ကုန်ခံပြီး ပေးဆောင်မည့်အစားကို ဓာတ်အားခငွေတောင်းခံလွှာထုတ်ပြီး ပေးချေခြင်းစနစ် (Billing System)နှင့် ငွေပေးချေမှုအတွက် Application Programming Interface (API) စနစ်ပြုလုပ်ပြီး ဘဏ်များ၊ ငွေရေးကြေးရေးဝန်ဆောင်မှုအဖွဲ့အစည်းများ၊ Mobile Banking ဝန်ဆောင်မှုများနှင့်ချိတ်ဆက်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ကိုကိုးကျွန်းမြို့နယ် မှအပ ကျန် ၅၇ မြို့နယ် မှာလည်းကောင်း၊ ဘဏ် ၁၇ ခု၊ ငွေကြေးအဖွဲ့အစည်းခြောက်ခုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၃၂ မြို့နယ်တွင် ဘဏ် ၁၈ ခု၊ ငွေရေးကြေးရေး အဖွဲ့အစည်းခြောက်ခုဖြင့်လည်းကောင်း၊ ကျန်တိုင်းဒေသကြီး ပြည်နယ်များမှာရှိသည့် မြို့နယ် ၁၂၅ မြို့တွင် ဘဏ် ၁၈ ခု ၊ ငွေကြေးအဖွဲ့အစည်းငါးခုဖြင့် အသုံးပြုဆောင်ရွက်လျက် ရှိရာ Online Payment အသုံးပြုသည့်သူများအနေဖြင့် လက်ရှိသုံးစွဲသူများလည်းရှိပြီး အလားတူ အသုံးပြုပြီး ပေးဆောင်သည့်ငွေပမာဏလည်း တိုးတက်လျက်ရှိပါကြောင်း။
နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ၂၄ နာရီ စွမ်းအားပြည့်ဖြန့်ဖြူးပေးနိုင်ရေးနှင့်စပ်လျဉ်းပြီး လာမည့် ၂ဝ၂၇ ခုနှစ် နွေရာသီတွင် လုပ်ငန်း Forecast အရ ၅၀၁၀ မဂ္ဂါဝပ် လိုအပ်မည်ဟုခန့်မှန်း ထားပြီး အမြင့်ဆုံးဓာတ်အားထုတ်လုပ်မှုအနေဖြင့် ၃၅၄၀ မဂ္ဂါဝပ်ကိုသာ ထုတ်လုပ်နိုင်မည်လို့ ခန့်မှန်းထားသည့်အတွက် ၁၄၇၀ မဂ္ဂါဝပ် ထုတ်လုပ်မှုလျော့နည်းနေမည်ဖြစ်ပါကြောင်း၊ ရာခိုင်နှုန်း အနေဖြင့် ၃၀ ရာခိုင်နှုန်းခန့် ရှိပါကြောင်း၊ ထို့ကြောင့် ဓာတ်အားစနစ်တည်ငြိမ်ရေးအတွက်ကို အချိန်ပိုင်းဝန်အားထိန်းညှိခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်းနှင့် ဓာတ်အား ထုတ်လုပ်မှုကဏ္ဍကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် မီးသုံးသူများ၏ ကိုယ်ပိုင် အစီအစဉ်ဖြင့် စက်ရုံ၊ အလုပ်ရုံများ၊ ဈေးဝယ်စင်တာများ၊ ဆေးရုံများ၊ ဟိုတယ်များ၊ နေအိမ် အဆောက်အအုံများ၏ အမိုးများနှင့် ၎င်းတို့၏ ကိုယ်ပိုင်မြေကွက်လပ်များတွင် နေရောင်ခြည် စွမ်းအင် ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲပြီး ပိုလျှံလျှပ်စစ်ဓာတ်အားကို ဌာနမှဝယ်ယူနိုင်ရေး အတွက် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါ သည်။
ဦးမောင်မောင်စိုး(သာပေါင်းမဲဆန္ဒနယ်) မှဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။
Main Question ဖြစ်သည့် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ၂၄ နာရီစွမ်းအားပြည့် ဖြန့်ဖြူးပေး နိုင်ရေးအတွက် ၂၀၂၇ ခုနှစ်တွင် မဖြန့်ဖြူးပေးနိုင်ဘူးဆိုပါက မည်သည့်ခုနှစ်တွင် ဖြန့်ဖြူးပေးနိုင်မည် ဆိုသည်ကို အတိအကျသိချင်ပါကြောင်း၊ နောက်တစ်ချက်က Solar Project နှင့်စပ်လျဉ်းပြီး မူဝါဒများချမှတ်ပြီး ဆောင်ရွက်နေသည်ကို ဖြေကြားသွားသည့် အထဲတွင်တွေ့ရပါကြောင်း၊ မေးခွန်းအားလုံးကို ဖြေကြားပေးသည့် ဒုတိယဝန်ကြီးကို ပြည်သူ့များကိုယ်စား ကျေးဇူးတင်ပါ ကြောင်း၊ Solar Project တွင် မိမိသိချင်သည်မှာ အိမ်များ၊ ရုံးများ၊ စက်ရုံများ မဟုတ်ဘဲ ရွာများ၊ မိမိတို့ဒေသများတွင် အထူးသဖြင့် ရွာများ၊ ရွာကြီးများတွင် လျှပ်စစ်မီး မရပါကြောင်း၊ မရသည့် အတွက် ၎င်းဆိုလာကို တစ်ရွာလုံးသုံးချင်ပါကြောင်း၊ တစ်ရွာလုံးဆိုလာစနစ်ကို သုံးမည်ဆိုပါက သက်ဆိုင်ရာ ဆိုလာကုမ္ပဏီများ ပြည်တွင်းလည်းရှိမည်၊ ပြည်ပတွင်လည်းရှိမည်၊ ဖက်စပ်များလည်း ရှိမည် ၎င်းကုမ္ပဏီများနှင့် ဆွေးနွေးပြီး ကိုယ်ရွာများတွင် တစ်ရွာလုံးသုံးနိုင်အောင် ဆိုလာကို သုံးမည်ဆိုလျှင် မည်သည့်မူဝါဒများချမှတ်ထားမူနှင့် ဥပမာတိုင်းဒေသကြီးဝန်ကြီးချုပ် ခွင့်ပြုချက်ဖြင့် လုပ်လို့ရမလား သို့တည်းမဟုတ် ဘယ်အဆင့်အထိ မည်သည် Procedure ၊ မည်သည် Process များ နှင့် သွားရမည်ကို သိချင်ပါကြောင်း။
လက်ရှိ မြို့နယ် E.P.C ရုံးများတွင် မီးမလာ လို့ဖြစ်စေ၊ ဥပမာ ထရန်စဖော်မာကြီး မီးလောင်လို့ပဲဖြစ်စေ အသိပေးချင်၊ သတင်းပေးချင်လို့ မြို့နယ် e.p.c ရုံးများကို ဖုန်းဆက်သည့် အခါတွင် Emergency Call Center မရှိပါကြောင်း၊ ၎င်းသည်အင်မတန်အရေးကြီးပါကြောင်း၊ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသည့် ထရန်စဖော်မာများ၊ Breaker များ၊ ဝါယာကြိုးကြီးများဆိုသည်မှာ တကယ်တန်ဖိုးကြီးပါကြောင်း၊ ၎င်းသည် အရင်တုန်းက ရှိခဲ့ဖူးပါကြောင်း၊၂၀၁၀ ခုနှစ်၊ ၂၀၁၅ ခုနှစ် အရင်အစိုးရ လက်ထက်တွင် စနစ်တကျလေးလုပ်သွားသည်များ ရှိပါကြောင်း၊ အခုပျောက်သွား သည်မှာ ကြာပြီဖြစ်ပါကြောင်း၊ ယခုအချိန် ဆက်လိုက်သည်ဆိုသည်နှင့် ဖုန်းပိတ်ထားသည့်အတွက် ဘယ်လိုမှအဆင်မပြေပါကြောင်း၊ ထို့ကြောင့် ၎င်းကို ပြန်အသက်သွင်းပြီး မြို့နယ် E.P.C ရုံးတိုင်းတွင် Emergency Call Center လေး ပြန်ဖွင့်ပေးရန် အစီအစဉ် ရှိ ၊မရှိ မေးမြန်းခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော် က
ဓာတ်အားစနစ်တွင်ဓာတ်အားလိုအပ်ချက်နှင့် ထုတ်ပေးနိုင်သည့် ဓာတ်အားစနစ် လိုအပ်ချက် မှ လက်ရှိများပြားနေသည့် အနေအထားဖြစ်ပါကြောင်း၊ ၎င်းကို ဖြည့်ဆည်းရေးအတွက် မိမိတို့ အနေဖြင့် အမြန်ဆုံးရေတိုဆောင်ရွက်နိုင်မည့် ဆိုလာဓာတ်အားပေးစနစ်များ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစနစ်များ၊ လေအားသုံးဓာတ်အားစနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ပြီးခဲ့သည့် သောကြာနေ့က ဖိုရမ်တစ်ခုလုပ်ပြီး ဖိတ်ခေါ်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလက်ရှိတွင် ၂၀၃၅-၂၀၃၆ ဘဏ္ဍာရေးနှစ်၊ ၂၀၄၅-၂၀၄၆ ဘဏ္ဍာရေးနှစ်ဆိုပြီး စီမံချက်များ ဆွဲပြီးလုပ်နေပါကြောင်း၊ လက်ရှိ Demand Forecast အရ ထုတ်လုပ်နိုင်မည့်အနေအထားအရ Generation Mix ကို ဆွဲပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။
နောက်တစ်ချက်မှ ဆိုလာစနစ်ဖြစ်ပါကြောင်း၊ ဆိုလာက ဓာတ်အားစနစ်မရောက်နိုင်သေး သည့် ဒေသများ၊ ရွာများ၊ အစုအဖွဲ့များနှင့် ဆိုလာစနစ်ကို လုပ်လို့ရပါကြောင်း၊ အများအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အသေးစားဆိုလာစနစ်များလုပ်ပြီး ဓာတ်အား ပေးလျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဌာန၏ပါဝင်မှု၊ ဒေသခံများ၏ပါဝင်မှု၊ သက်ဆိုင်ရာ လုပ်ငန်းရှင် များ၏ပါဝင်မှုများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းကို သက်ဆိုင်ရာ ဒေသအာဏ ပိုင် များ ခွင့်ပြုချက်နှင့် ဆောင်ရွက်၍ရပါကြောင်း။
နောက်တစ်ခုမှ မဂ္ဂါဝပ် ၃၀ နှင့် ၃၀ အောက် ဓာတ်အားထုတ်လုပ်မှုများက ဓာတ်အားစနစ်နှင့် ချိတ်ဆက်မှုမရှိပါက သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ များ၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်နိုင်တာရှိပါကြောင်း၊ ၎င်းကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ ဓာတ်အားစနစ်နှင့်ချိတ်ဆက်ပြီး ၃၀ မဂ္ဂါဝပ်အထက်ဆိုပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနနှင့် လာရောက်ဆွေးနွေးပြီး ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်မည့်ကိစ္စများကို ဆက်လက်ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းကို ရှင်းလင်းတင်ပြလိုပါကြောင်း။
နောက် Call Center ကိစ္စဖြစ်ပါကြောင်း၊ Call Center သည် လက်ရှိသက်ဆိုင်ရာ မြို့နယ် များတွင် တပ်ဆင် ထားသည့်တယ်လီဖုန်းများက ဓာတ်အားပြတ်တောက်မှုများ၊ လိုင်းအပြစ်များ ကြောင့် Complain များ၊ မီးသုံးသူ Customer များ၏ Complain များက စက္ကန့်နှင့်အမျှ များသည့်အတွက် သက်ဆိုင်ရာမြို့နယ်တွင် ရှိသည့် အင်ဂျင်နီယာများ၊ မန်နေဂျာများတွင်ရှိသည့် ဖုန်းများသည် Busy များပါကြောင်း၊ တစ်ယောက်ကို ပြောနေသည့်အချိန်တွင် နောက်တစ်ယောက်က ပြောလို့မရသည့် Incase ဖြစ်နေသည့် အနေအထားများရှိပါကြောင်း၊ ၎င်းကို ဖြေရှင်းနိုင်ရန် အတွက် သက်ဆိုင်ရာYESC ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသည့်လုပ်ငန်းများတွင် Call Center များဖွဲ့ထားပါ ကြောင်း၊ Call Center များတွင် အချိန်ပြည့်ထိုင်ပြီး လာသမျှ Complain တွေကို နားထောင်ပြီး သက်ဆိုင်ရာ မြို့နယ်များကိုလည်း ပြန်လည်အကြောင်းကြားပြီး ဖြေရှင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အလားတူ မိမိတို့ဝန်ကြီး ဌာနတွင်လည်း Complain Centerနှင့် ဂျူတီသမားလည်း ရှိပါကြောင်း၊ ၎င်းကိုအချိန်ပြည့်ဖွင့်ပြီး သက်ဆိုင်ရာမြို့နယ်များ၊ ခရိုင်များ၊ တိုင်းဒေသကြီးများကို လှမ်းအကြောင်းကြားပြီး ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။