မြို့သစ်မြို့နယ်၊ ဖုတ်ကုန်းကျေးရွာ၊ ကိုယ့်အားကိုယ်ကိုးအခြေခံပညာမူလတန်းကျောင်းအား အစိုးရအခြေခံ မူလတန်းကျောင်းအဖြစ်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ညောင်ဇင်ကျေးရွာအုပ်စု၊ ဖုတ်ကုန်းကျေးရွာ ကိုယ့်အားကိုယ်ကိုး အခြေခံမူလတန်းကျောင်းအား အစိုးရအခြေခံမူလတန်းကျောင်းအဖြစ် ဖွင့်လှစ်ပေးပါရန် မေးမြန်းသွား မည်ဖြစ်ပါကြောင်း။
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၊ ညောင်ဇင်ကျေးရွာအုပ်စု၊ ဖုတ်ကုန်းကျေးရွာမှ ကျေးရွာ အုပ်ချုပ်မှုတာဝန်ခံလူကြီးများနှင့် ကျောင်းသား မိဘများ၊ ကျေးရွာအတွင်းရှိ အိမ်ထောင်စုအဖွဲ့ဝင်များ၊ ကိုယ့်အားကိုးကျောင်းဖြစ်မြောက်ရေးကော်မတီများမှ လိုအပ်သည့်ရန်ပုံငွေများ စုဆောင်းပြီး (၁) ပုံစံ-၁၀၅ ရရှိပြီးကြောင်း၊ (၂) (၆၀ x ၃၀)ပေရှိ ကျောင်းဆောင်တစ်ဆောင်၊ (၃) စာသင်ခန်းနှင့် စာသင်ခုံ၊ စားပွဲ အပြည့်အစုံတို့ကို ကိုယ့်အားကိုယ်ကိုးဖြင့် မတည်ဆောက်လုပ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖုတ်ကုန်းကျေးရွာ ကိုယ့်အားကိုယ်ကိုးအခြေခံပညာ မူလတန်းကျောင်းအဖြစ် ပညာသင်ကြားခွင့်ပြုရန် တင်ပြလျှောက်ထားချက်အရ မကွေးတိုင်းပညာရေးမှူး ရုံး၏ ၁၄-၇-၂၀၂၃ ရက်စွဲပါ Zoom-Meeting လမ်းညွှန်ချက်အရ မြို့နယ်ပညာရေးမှူးရုံး၏ ၇-၈-၂၀၂၃ ရက်နေ့တွင် ခွင့်ပြုချက်ရရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ ဖုတ်ကုန်းကျေးရွာ ကိုယ့်အား ကိုယ်ကိုးအခြေခံပညာမူလတန်းကျောင်းအား ဖွင့်လှစ်သင်ကြားခဲ့ပြီး ကျောင်းသား /ကျောင်းသူ ၇၂ ဦးရှိပါကြောင်း၊ ကျောင်းဆရာသုံးဦး၊ တစ်ဦးလျှင် ၂၀၀,ဝဝဝ ကျပ်နှုန်းဖြင့် တစ်လ ၆ဝဝ,၀၀၀ ကျပ် နှစ်စဉ်လစာချီးမြှင့်ထောက်ပံ့ခဲ့ရာ ယနေ့ကာလ ကုန်ဆုံးနှစ်တွင် တခြားစရိတ်များပါ ကျေးရွာစုပေါင်းကျောင်းအတွက်ကုန်ကျငွေ သိန်း ၃၀၀ ခန့် စုပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ကိုယ့်အားကိုယ်ကိုးစုပေါင်းအားဖြင့် ကြိုးစားအားထုတ်ပြီး အနစ်နာခံဆောင်ရွက် နေသော ဖုတ်ကုန်းကျေးရွာမှ ရွာသူ ရွာသားများ၊ ပညာရေးကော်မတီများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားမိဘတို့၏ ကုန်ကျမှုမှန်သမျှကို ငဲ့ညှာထောက်ထားသောအားဖြင့် မြို့သစ်မြို့နယ်၊ ညောင်ဇင်ကျေးရွာအုပ်စု၊ ဖုတ်ကုန်းကျေးရွာ ကိုယ့်အားကိုးအခြေခံပညာမူလတန်းကျောင်းအား အစိုးရအခြေခံ ပညာမူလတန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ နှင့် အစီအစဉ် ရှိပါက အထူးအစီအစဉ်ဖြင့် ယခုစာသင်နှစ်မှစတင်၍ လိုအပ်ချက်အရ ဖွင့်လှစ်ပေးနိုင်ပါရန် အစီအစဉ် ရှိ ၊ မရှိ မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင် က
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ညောင်ဇင်ကျေးရွာအုပ်စု၊ ဖုတ်ကုန်းကျေးရွာ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသက်တမ်းသုံးနှစ်ရှိပြီဖြစ်ပါကြောင်း၊ ကျောင်းမြေ ဧရိယာ ၀.၅ ဧကကျယ်ဝန်းပြီး ကျောင်းမြေပိုင်ဆိုင်မှုအနေဖြင့် ပုံစံ-၁၀၅ ရရှိပြီးလည်းဖြစ်ပါကြောင်း၊ ပင်မကျောင်းဖြစ်သည့် ညောင်ဇင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ၁.၅ မိုင်ခန့်ကွာဝေးပြီး ကျောင်းသား ၇၃ ဦးရှိပြီး ကျောင်းသား ကျောင်းသူများ သင်ကြားမှု အဆင်ပြေနိုင်ရန်အတွက် ဆရာ ဆရာမသုံးဦးဖြင့် သင်ကြားပေးလျက်ရှိပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းဝတ်စုံနှင့် ကျောင်းသုံး ဗလာစာအုပ်များကို နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း မှ အခြေခံပညာမူလတန်းကျောင်း(ခွဲ)အဖြစ် ကျောင်းအဆင့်တိုးမြှင့် နိုင်ရန်အတွက် မူလတန်းအဆင့်ကျောင်းသားဦးရေ ၅၅ ဦးအထက်ရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများ၊ သဘာဝဘေးအန္တရာယ်အတားအဆီးရှိသည့်ဒေသများဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့် ကျောင်းနှင့် နှစ်မိုင်ခန့်ကွာဝေးခြင်း၊ သွားလာရလွယ်ကူသော မြေပြန့်ဒေသဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် သုံးမိုင်အထက်ကွာဝေးခြင်း၊ မြေပိုင်ဆိုင်မှုသုံးဧကရှိခြင်း စသည့် အချက်များ သတ်မှတ်ထားပါကြောင်း။
ထို့ကြောင့် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ညောင်ဇင်ကျေးရွာအုပ်စု၊ ဖုတ်ကုန်း ကျေးရွာ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းသည် ပင်မကျောင်းဖြစ်သည့် ညောင်ဇင်အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)နှင့် ၁.၅ မိုင်သာကွာဝေးသည့်အတွက်ကြောင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအဆင့်မှ အခြေခံပညာမူလတန်းကျောင်း(ခွဲ)အဖြစ် ကျောင်းအဆင့်တိုးမြှင့်ရန် သတ်မှတ် ထားသည့်လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိသေးသည့်အတွက်ကြောင့် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားခဲ့ပါသည်။