နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်ခရိုင်မှ ဒေသခံပြည်သူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၁-၁၁-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက်အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် ၊ ကော်မတီ (၅) ခုမှ ဥက္ကဋ္ဌများ နှင့် ရန်ကုန်မြို့ ၊ အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန် Mr.Theodore A Meinhover တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကျင်းပ
MY EN

(ဈ)- ဦးနေလင်းအောင်(မြောက်ဥက္ကလာပမဲဆန္ဒနယ်)

2026-11-11
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးနေလင်းအောင် (​မြောက်ဥက္ကလာပ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

အိမ်ရာပိုင်ဆိုင်မှုမရှိသူများအတွက် အငှားအိမ်ရာစနစ်များ ဖော်ဆောင်ပေးရန်နှင့် အငှားအိမ်ရာများ အသင့်ရှိမှသာ ကျူးကျော်နေထိုင်သူများအား ဖယ်ရှားပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

          မိမိတို့မြန်မာနိုင်ငံသည် ဧရိယာစတုရန်းမိုင်ပေါင်း ၁၆၀,၀၀၀ ကျော်ရှိပြီး နိုင်ငံအလိုက် အကျယ်အဝန်း ၃၉ အဆင့်တွင် တည်ရှိပါကြောင်း၊ အရှေ့တောင်အာရှသည် ဒုတိယ အကြီးဆုံးနိုင်ငံ ဖြစ်ပါကြောင်း၊ သို့သော် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သော်လည်း အိမ်ရာပိုင်ဆိုင်မှု မရှိသည့် မိသားစုများလည်းရှိပါကြောင်း၊ သို့သော် မိသားစုများသည် အလုပ်အကိုင်အခွင့်အလမ်း ပေါများ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေချနေထိုင်ရန်အတွက် အိမ်ငှားခဈေးနှုန်းကြီးမြင့်ခြင်း၊ အိမ်ရာဈေးနှုန်း ကြီးမြင့်ခြင်းတို့ကြောင့် အခက်အခဲရှိသည့်အတွက် ကျူးကျော်နေထိုင်ရသူများအဖြစ် ရောက်ရှိလာခဲ့ကြရပါကြောင်း၊ နေထိုင်ကြသူများသည် သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် မိမိတို့အတွက် လုပ်အားတစ်ရပ်အဖြစ်ပါဝင်နေပါကြောင်း၊ ၎င်းတို့သည် အကြောင်းအမျိုးမျိုးကြောင့် ကျူးကျော်နေထိုင်သူများကို ဖျက်သိမ်းသည့်အခါ အိမ်ရာပိုင်ဆိုင်မှုမရှိသည့် ခက်ခဲမိသားစုများအတွက် အငှားအိမ်ရာစနစ်များ အစားထိုးပေးရန် လိုအပ်ပါကြောင်း။

အိမ်ရာပိုင်ဆိုင်မှုမရှိသည့် ကျူးကျော်နေထိုင်သူများသည် ထိုနေရာအား ဖျက်သိမ်းလျှင် ဟိုရောက်၊ ဒီရောက် နေထိုင်ကြရပါကြောင်း၊ မည်သူမှ ကျူးကျော်နေထိုင်လိုခြင်း မရှိပါကြောင်း၊ အိမ်ရာပိုင်ဆိုင်မှု ဂုဏ်သိက္ခာမြင့်မားစွာ နေထိုင်ချင်ကြပါကြောင်း၊ ယခင်က တောင်ဥက္ကလာ၊ သာကေတ၊ မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ (တောင်ပိုင်း) စသည့် မြို့သစ်များကို တိုးချဲ့ ဆောင်ရွက်ပေးခဲ့သည်များလည်း ရှိခဲ့ဖူးပါကြောင်း၊ ဟိုနေရာရောက်၊ ဒီနေရာရောက် ဖြစ်နေသည့် အတွက် အငှားအိမ်ရာစနစ်များကို ဖော်ဆောင်ပြီး ကျူးကျော်နေထိုင်သူများကို ဖယ်ရှားပေးခြင်း သည် ပိုမိုသင့်လျော်ပါကြောင်း၊ ထို့ကြောင့် အိမ်ရာပိုင်ဆိုင်မှုမရှိသော ခက်ခဲမိသားစုများအတွက် အငှားအိမ်ရာစနစ်များ ဆတိုးဖော်ဆောင်ပေးရန်နှင့် ထိုကဲ့သို့ နောက်အိမ်ရာအသစ်ရှိပြီးမှသာ အိမ်ရာ ပိုင်ဆိုင်မှုမရှိသည့် ကျူးကျော်နေထိုင်သူများကို ဖယ်ရှားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။ 

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က 

လူနေထူထပ်များပြားသော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်များတွင် ကိုယ်ပိုင်အိမ်ရာ မရှိ သော ပြည်သူများအတွက် ပြည်သူ့အငှားအိမ်ရာစီမံကိန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အိမ်ခန်းပေါင်း ၅,၃၁၆ ခန်း အကောင်အထည်ဖော်ဆောင် ရွက်ပေးခဲ့ပါကြောင်း၊  ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း ရန်ကုန်မြို့၊ သုခဒဂုံပြည်သူ့ အငှားအိမ်ရာ၌ အိမ်ခန်း ၄၈၀ ခန်း၊ မန္တလေးမြို့၊ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ၌ အိမ်ခန်း ၂၂၄ ခန်း စုစုပေါင်း ၇၀၄ ခန်းကိုလည်း အကောင်အထည်ဖော် ဆောက်လုပ်လျက်ရှိပါကြောင်း။ 

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ၎င်းတို့ဒေသအတွင်းရှိ မြို့ကြီးများတွင် အိမ်ရာအခက်အခဲရှိသော ပြည်သူများအတွက် လိုအပ်သော မြေနေရာရရှိမှုနှင့် နှစ်စဉ် ဘဏ္ဍာငွေလျာထားမှုအပေါ်မူတည်၍ ပြည်သူ့အငှားအိမ်ရာများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်ထိ အိမ်ခန်းပေါင်း ၄,၀၄၀ ခန်းသည် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အိမ်ခန်းပေါင်း ၆၀ ခန်းနှင့် ထပ်မံ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်တိုင်းဒေသ ကြီး၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့တို့မှ စုစုပေါင်းအငှားအိမ်ရာ အိမ်ခန်းပေါင်း ၁၀,၁၂၀ ခန်း ကို ဖော်ဆောင်ပေးလျက်ရှိ၍ ယင်းအိမ်ခန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့များ၏ စီမံခန့်ခွဲမှုဖြင့် အခက်အခဲရှိသောပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားများနှင့် တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများကို အချိုးကျငှားရမ်းပေးလျက်ရှိပါကြောင်း။

 အိမ်ရာပိုင်ဆိုင်မှုမရှိသည့် ခက်ခဲမိသားစုများအတွက် ပြည်သူ့အငှားအိမ်ရာများ ဆတိုးတည် ဆောက်ပေးရန်တွင် ဘဏ္ဍာငွေခွဲဝေရရှိမှုနှင့် အဆောက်အဦဆောက်လုပ်ရန် မြေနေရာ ရရှိမှုတို့ အပေါ်မူတည်၍ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ကျူးကျော်နေထိုင်မှုများနှင့်စပ်လျဉ်း၍ သင့်လျော် သော အိမ်ရာစီမံကိန်းများကို ပြည်ထောင်စုနှင့်တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များမှ စီမံ ဆောင် ရွက်လျက်ရှိ၍ နေထိုင်ရန် သင့်တော်မှုမရှိသည့် လမ်းဧရိယာနယ်နိမိတ်များ၊ မဟာဓာတ်သည် လိုင်း နှင့် တာဝါတိုင်ဧရိယာများ၊ မီးရထားလမ်းနယ်နိမိတ်များနှင့် အစိုးရစီမံကိန်း ဧရိယာများတွင် စည်းကမ်းမဲ့ကျူးကျော်နေထိုင်သူများသည် ဥပဒေနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များ၏ အစီအစဉ်ဖြင့် ဖယ်ရှားလျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး ပြည် နယ်အစိုးရအဖွဲ့နှင့် ထိုကိစ္စများကို ပေါင်းစပ်ညှိနှိုင်း၍ ပြန်လည် ဖြေကြားခဲ့ပါသည်။