နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်ခရိုင်မှ ဒေသခံပြည်သူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၁-၁၁-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက်အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် ၊ ကော်မတီ (၅) ခုမှ ဥက္ကဋ္ဌများ နှင့် ရန်ကုန်မြို့ ၊ အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန် Mr.Theodore A Meinhover တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကျင်းပ
MY EN

(ဍ)- ဦးမောင်ရွှေ(လွိုင်ကော်မဲဆန္ဒနယ်)

2026-11-11
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
မေးခွန်း
ဦးမောင်ရွှေ (လွိုင်ကော် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

လွိုင်ကော်မြို့နယ်၊ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများ တာဝန်ချထား ပေးနိုင်ရန်  အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          လွန်ခဲ့သော ၂၀၂၁ ခုနှစ်ရှေ့တွင် လွိုင်ကော်မြို့နယ်ရှိ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရာတွင် အဆင်ပြေချောမွေ့ခဲ့ကြပြီး လွိုင်ကော်မြို့နယ်ရှိ ခုတင် ၁၀၀ တပ်မတော်စစ်ဆေးရုံ တွင်လည်း ဆေးကုသမှုခံယူခဲ့ကြရကြောင်း၊ ကယားပြည်နယ် သည် ဒုက္ခဘေးမြောက်မြားစွာ ကြုံတွေ့ရသော ပြည်နယ်တစ်ခုဖြစ်ပြီး  အကြောင်းအမျိုးမျိုးကြောင့် ဆေးကုသရာတွင် အခက်အခဲ များစွာလည်း ကြုံတွေ့ခဲ့ကြရကြောင်း၊ အခြားမြို့များ၊ ရွာများသို့ စစ်ဘေး ရှောင်နေထိုင်ခဲ့ကြရပြီး ပြည်သူများ ကြီးကြီးမားမားရောဂါဝေဒနာခံစားရပြီဆိုလျှင် မြို့ကြီးများသို့ သွားရောက်၍ ငွေကြေး မြောက်မြားစွာအကုန်ကျခံပြီး ဆေးကုသကြရပါကြောင်း၊ ငွေကြေးမတတ်နိုင် သူများ ဆေးကုသမှုမရရှိကြ သဖြင့် အသက်ဆုံးပါးကြသည်ကိုလည်း တွေ့ရှိခဲ့ရကြောင်း၊ နေရပ်စွန့်ခွာ ပြည်သူများ မိမိနေရာသို့ ပြန်လည်ဝင်ရောက်နေထိုင်လာလျက်ရှိကြပြီဖြစ်ပြီး နေထိုင်မှုများလာသည် နှင့်အမျှ ရောဂါဝေဒနာပေါင်းစုံခံစားနေရသော ပြည်သူများလည်းရှိလာကြပြီဖြစ်ကြောင်း၊  ပြည်သူ များသည် အခက်အခဲများကြားမှ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရပြီး ကြီးမားသောရောဂါ ဝေဒနာ ခံစားမှုရှိလာပြီဆိုလျှင် တခြားသောမြို့ကြီးများသို့ ဆေးကုသမှုခံယူရာတွင် ငွေကြေးအခက် အခဲ မြောက်မြားစွာရှိကြကြောင်း။ 

          ပြည်နယ်သူ ပြည်နယ်သားများသည် မိမိဒေသတွင်ရှိသော ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူချင်ကြကြောင်း၊ ကယားပြည်နယ်သည်လူမှုစီးပွားဘဝအစစအရာရာဖွံ့ဖြိုးတိုးတက်မှု နောက်ကျ လျက်ရှိပြီး သေးငယ်သော ပြည်နယ်တစ်ခုဖြစ်ပြီး ဝေးလံခေါင်ဖျားတွင် နေထိုင်ကြသော အခြား မြို့နယ်မှ ပြည်သူများသည် လွိုင်ကော်မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးကိုသာ အဓိကအားကိုး အားထား ကြရပါကြောင်း၊ ရောဂါဝေဒနာကြီးကြီးမားမားခံစားကြရပြီဆိုလျှင် ရှိတာကို ရောင်းချရ၍ ကုသကြရပြီး ငွေကြေးတတ်နိုင်သူများသည် တခြားမြို့ကြီးများသို့ လွယ်လွယ်ကူကူ သွားရောက်ကုသကြပါကြောင်း၊ ဆင်းရဲသားပြည်သူအများစုသည် မိမိပြည်နယ်ရှိ ပြည်သူ့ဆေးရုံကြီးကိုသာ အဓိက အားကိုးအားထား ပြီး လာရောက်ကုသကြရပါကြောင်း၊ ပြည်သူ့ဆေးရုံကြီးတွင် ကယားပြည်နယ်ခွဲတမ်းအရ ဆေးဝါး လုံလောက်စွာရရှိရန်လည်း အရေးကြီးလိုအပ်ပြီး ကင်ဆာရောဂါအထူးကုသမားတော်ကြီး လွိုင်ကော် ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ရောက်ရှိ၍ ဝန်ထမ်းဆောင်နေသည်ကို သိရသည့်အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း၊  စရိတ်မျှပေးကျန်းမာရေးဖြစ်ရန်လည်း လိုအပ်လှပြီး ကယားပြည်နယ်နှင့် စပ်လျဉ်း၍ စောစောက ဝန်ကြီး ပြည့်ပြည့်စုံစုံ ဖြေသွားသည့်သည့်အတွက် ဝမ်းသာမဆုံးဖြစ်ပါကြောင်း၊ ကယားပြည်နယ်အတွင်းရှိ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန် ယခုထက်ပို၍ အဆင် ပြေနိုင်ရန်အတွက် မေးမြန်းလိုသည်မှာ လွိုင်ကော်မြို့နယ်ရှိ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကယားပြည်နယ်ခွဲတမ်းအရ ဆေးဝါးလုံလောက်စွာရရှိနိုင်ရေး၊ ကျွမ်းကျင်ပါရဂူ၊ အထွေထွေရောဂါ ကုသမားတော်ကြီးများ၊ လက်ထောက်ဆရာဝန်များနှင့် ကျွမ်းကျင်သားဖွားဆရာမများ ပြည့်စုံလုံလောက် စွာဖြင့် ပြည်သူ့ဆေးရုံကြီးတွင် ဦးစားပေးအစီအစဉ်ဖြင့် ခွဲတမ်းအရ လုံလောက်စွာတာဝန်ထမ်းဆောင် ပေးနိုင်ရန်အတွက် မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက

          ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ခုတင် ၅ဝဝ ဆံ့ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံအုပ်ကြီး ဒေါက်တာစည်သူနှင့်အတူ ဆရာဝန် ၂၅ ဦး၊ သူနာပြု ၁၀၀ ဦး၊ တခြားကျန်းမာရေးဝန်ထမ်း ၆၆ ဦး စုစုပေါင်း ကျန်းမာရေးဝန်ထမ်း ၁၉၂ ဦးဖြင့် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခင်က ဆေးပညာအထူးကုသမားတော် ဒေါက်တာ ရဲစည်သူနှင့် ဒေါက်တာ ဝေယံထွန်းတို့နှစ်ဦးတို့သည် ကင်ဆာရောဂါဝေဒနာရှင်များကို ကုသပေးလျက်ရှိပြီး ၃-၁၁-၂၀၂၆ ရက်မှစတင် အသစ်ခန့်အပ်သည့် ဒေါက်တာဇော်ထက်၊ အထူးကုဆရာဝန်၊ ကင်ဆာရောဂါ ဆေးပညာမှ ကင်ဆာရောဂါဝေဒနာရှင်များကို တာဝန်ယူကုသပေးလျက်ရှိကြောင်း၊  ကျန်းမာရေးဝန်ကြီး ဌာန၏ ၁၂-၁၀-၂၀၂၆ ရက်စွဲပါစာအရ လက်ထောက်ဆရာဝန် သစ်လွင်နှစ်ဦးကို ပြီးခဲ့သည့်လက အသစ်ထပ်မံခန့်အပ်ပေးပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် စုစုပေါင်း လက်ထောက်ဆရာဝန်ရှစ်ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး ကလေးမီးဖွားခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များစောင့်ရှောက်ကုသမှုပေးခြင်းတို့အား သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများ၏ ဦးဆောင်မှု အောက်တွင် တာဝန်ကျသူနာပြုများမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုယ်စားလှယ်တော် ကြီးမေးမြန်းသွားသည့် လိုအပ်သော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ နှစ်စဉ်မွေးထုတ်မှုသည် ဒီဇင်ဘာလဆိုလျှင် စာမေးပွဲများပြီးသည့်အတွက် ပုံမှန်အားဖြင့် ဆေးနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်၊ သူနာပြုသိပ္ပံနှင့် သူနာပြုသင်တန်းကျောင်းများသည် သစ်လွင်များမွေးထုတ်သည့်ကာလဖြစ်ပါကြောင်း၊ ထိုကာလများတွင်လည်း နှစ်စဉ်မွေးထုတ်နိုင်မှုအခြေအနေ၊ လွိုင်ကော်တွင် သူနာပြုသိပ္ပံ ပြန်လည် ဖွင့်လှစ်နေပြီဖြစ်သည့်အတွက် လွိုင်ကော်ဒေသခံများ တက်ရောက်၍ မွေးထုတ်နိုင်မှု အခြေအနေပေါ် မူတည်၍ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ထပ်မံဖြည့်ဆည်းပြီး ဆေးဝါးကုသမှု လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။