ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်အပါအဝင် တစ်နိုင်ငံလုံးရှိ တရားမဝင် နိုင်ငံခြားသားများအား စစ်ဆေးရန်နှင့် မူရင်းနိုင်ငံသို့ပြန်ပို့ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့၏နိုင်ငံသည် နိုင်ငံရေးမတည်ငြိမ်မှုနှင့် နယ်စပ်ဒေသများတွင် တပ်မတော်၏စိုးမိုးမှုများ အနည်းငယ်အားလျော့နေသည့်အချိန်သည် ခိုးဝင်နိုင်ငံခြားသား အများအပြားသည် စစ်ဘေးရှောင်၊ ဒုက္ခသည်သကဲ့သို့ အယောင်ဆောင်ဝင်လာ၍ မြန်မာစကား လုံးဝမတတ်သည့်သူများ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ရောက်ရှိသည်ဟု သတင်းကြားသိရပါကြောင်း၊ မိမိတို့ဆီ၌ ဧည့်စာရင်းစစ် သည်လောက်နှင့် ထိုကိစ္စသည် မလုံလောက်သည်ဟု မိမိအနေဖြင့် ထင်မြင်ယူဆပါကြောင်း၊ တစ်နိုင်ငံ လုံးအတိုင်းအတာအနေဖြင့် မလေးရှားဘာသာစကားနှင့်ပြောရလျှင် အော်ပရာစီပေါ့၊ အကြီးအကျယ် စစ်ဆေးခြင်းမျိုး၊ ထိုကဲ့သို့စစ်ဆေးမည်ဆိုလျှင် ယခုခေတ်တွင် တစ်ကြိမ်မျှလုပ်ခဲ့ဖူခြင်း မရှိပါကြောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်သည် ၁၉၇၀ ပြည့်နှစ်ကျော်ဝန်းကျင်ခန့် တွင် နဂါးမင်းစစ်ဆင်ရေးဆိုပြီးတစ်ကြိမ် ပြင်းပြင်းထန်ထန် ဆောင်ရွက်ဖူးသည်ကို သိရှိပါကြောင်း၊ ယင်းကဲ့သို့ မိမိတို့နိုင်ငံတွင် ၎င်းအချိန်၌ ဆောင်ရွက်ရန်လိုအပ်ပါသလား၊ ထိုသို့စစ်ဆေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း က
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ထိန်းသိမ်းခြင်း၊ တရားမဝင် ဝင်ရောက်လာသူများကို အရေးယူဆောင်ရွက်ခြင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ်၊ မြန်မာ နိုင်ငံလူဝင်မှုကြီးကြပ်ရေးချုပ်နှောင်ခြင်းနည်းဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံအတွင်း ဝင်ရောက်လာသည့် နိုင်ငံခြားသားများအနက် ပြည်ဝင်ဗီဇာတစ်မျိုးမျိုးနှင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားများ ဗီဇာစည်းကမ်းဖောက်ဖျက်ကျူးလွန်မှုကို စိစစ်တွေ့ရှိရပါက ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (၂)အရ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါအက်ဥပဒေပုဒ်မတွင် မြန်မာနိုင်ငံ အတွင်းသို့ တရားဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများသည် ဗီဇာစည်းကမ်းတစ်ခုခုကို ချိုးဖောက်လျှင် ပြည်ထောင်စုမြန်မာနိုင်ငံမှ နှင်ထုတ်စေရန် နိုင်ငံတော်သမ္မတမှ ညွှန်ကြားပါက နှင်ထုတ်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း။
ထို့အပြင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသော နိုင်ငံခြားသားများနှင့်စပ်လျဉ်း၍ ပုဒ်မ ၃၊ ပုဒ်မခွဲ (၁)တွင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် နိုင်ငံကူးလက်မှတ် သို့မဟုတ် ခိုင်လုံသော အထောက်အထားမရှိဘဲ ဝင်ရောက်လာခြင်းမရှိစေရဟု ပြဋ္ဌာန်းထားပြီး လိုက်နာခြင်းမရှိပါက ပုဒ်မ ၁၃၊ ပုဒ်မခွဲ (၁) ပါ ပြည်တွင်းဝင်ရောက်နေထိုင်ခွင့် လက်မှတ် သို့တည်းမဟုတ် ပြည်ဝင်ဗီဇာတွင် ဖော်ပြ ထားသည့် စည်းကမ်းချက်များကိုဆန့်ကျင်၍ နိုင်ငံတော်အတွင်း ဝင်ရောက်သူ သို့မဟုတ် ဝင်ရောက်ရန်အားထုတ်သူ သို့မဟုတ် တရားဝင် ဝင်ရောက်၍ စည်းကမ်းချက်များနှင့်ဆန့်ကျင်လျက် မြန်မာနိုင်ငံတွင် နေထိုင်သူ သို့မဟုတ် နေရန်အားထုတ်သူဖြစ်ကြောင်း စိစစ်တွေ့ရှိရလာပါက အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံးထောင်ဒဏ် ငါးနှစ်အထိဖြစ်စေ၊ အနည်းဆုံးငွေဒဏ် တစ် ထောင့်ငါးရာ ကျပ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ်များတွင် နိုင်ငံခြားသားများ ဝင်ရောက်/ထွက်ခွာမှုနှင့်စပ်လျဉ်း၍ တိုင်း ဒေသကြီး ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ပေးအပ်မှုအရ ပူးပေါင်းစစ်ဆေးရေးဂိတ်များကို ကချင် ပြည်နယ်တွင် ၄ ဂိတ်၊ ကယားပြည်နယ်တွင်၂ ဂိတ်၊ ကရင်ပြည်နယ်တွင် ၇ ဂိတ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၁ ဂိတ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁ ဂိတ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၁ ဂိတ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၁ ဂိတ်၊ မွန်ပြည်နယ်တွင် ၁ ဂိတ်၊ ရှမ်းပြည်နယ်တွင် ၁၆ ဂိတ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄ ဂိတ် စုစုပေါင်း ၃၈ ဂိတ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိ၍ ထိုသို့ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ရာတွင် ခိုးဝင်နိုင်ငံခြားသားများ အုပ်စုလိုက်သွားလာမှုကို တွေ့ရှိရခြင်းမရှိဘဲ အွန်လိုင်းငွေ ကြေးလိမ်လည်မှု လုပ်ငန်းများဆောင်ရွက်သည့် နိုင်ငံခြားသား များကို စိစစ်တွေ့ရှိရပါသဖြင့် ဖမ်းဆီးအရေးယူ၍ ပြည်နှင်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း။
အလားတူ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အပြည်ပြည်ဆိုင်ရာရေဆိပ်များတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအပါအဝင် သတင်းရဲတပ်ဖွဲ့၊ သက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့များသည် Machine Readable Travel Document (MRTD) စနစ်ι Intergrated Database Control Reporting System (IDCRS) စနစ်၊ Myanmar Advance Passenger System (MAPS) တို့နှင့် စနစ်တကျစစ်ဆေးလျက်ရှိ၍ အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသည့် နယ်စပ်ဂိတ်များတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် တပ်မတော်၊ ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများဖြင့် စနစ်တကျစစ်ဆေးလျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း ဖမ်းဆီးအရေးယူပြည်နှင်ခဲ့သည့် နိုင်ငံခြားသား ၃,၅၄၅ ဦးရှိပြီး ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၆ ခုနှစ်၊ စက်တင်ဘာလအထိ မြန်မာနိုင်ငံအတွင်း တရားဝင်ဗီဇာဖြင့် ဝင်ရောက်ခဲ့သော်လည်း ဗီဇာစည်းကမ်းဖောက်ဖျက်မှုကြောင့်လည်းကောင်း၊ တရားမဝင်ခိုးဝင်လာခြင်းများကြောင့်လည်းကောင်း ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေအရ တရားစွဲဆို၍ ပြစ်ဒဏ်ချခဲ့ပြီး ပြစ်ဒဏ်စေ့ရောက်၍ လွတ်မြောက်၍ ပြည်နှင်ခဲ့သည့် နိုင်ငံခြားသား ၄,၄၀၆ ဦး၊ ပြစ်ဒဏ်ကျခံဆဲ နိုင်ငံခြားသား ၂,၅၃၃ ဦး ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရလည်းကောင်း၊ သက်ဆိုင်ရာသံရုံးများမှတစ်ဆင့် ကူညီ ကယ်တင်ပေးရန် မေတ္တာရပ်ခံလာမှုများကြောင့်လည်းကောင်း၊ တခြားပြစ်မှုများကျူးလွန်ခြင်းမရှိသဖြင့်လည်းကောင်း တရားမစွဲဘဲ ပြည်နှင်ခဲ့သည့် နိုင်ငံခြားသား ၇၃,၀၈၅ ဦး ရှိပါကြောင်း။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် တရားဝင် ဝင်ရောက်လာ သည့် နိုင်ငံခြားသားများကို နိုင်ငံခြားသားရောက်ရှိခြင်းအစီရင်ခံစာ Form C နှင့် အွန်လိုင်းမှ e-Form C တိုင်ကြားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ နိုင်ငံခြားသားများ ပြည်တွင်းနေထိုင်ခွင့်သက်တမ်းနှင့် အကြိမ်ကြိမ် ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းတိုးမြှင့်ခြင်းကိစ္စများတွင် မြေပြင်၌ အမှန်စင်စစ် နေထိုင်ခြင်း ရှိ မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်ထဲရေးဝန်ကြီးဌာန သည်လည်း ရှောင်တခင် ဧည့်စာရင်းစစ်ဆေးခြင်း (PSMS-People Survelliance and Management System) ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသည့် နိုင်ငံခြားသားများမရှိစေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များနှင့်ညှိနှိုင်း၍ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့ကြီး များတွင်သာမက နိုင်ငံခြားသားများ အများစုတည်းခိုနေထိုင်သည့် နေအိမ်များ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ ကုမ္ပဏီများ၊ စက်ရုံ၊ အလုပ်ရုံများကို ၁၉၄၈ ခုနှစ်၊ နိုင်ငံခြားသား များမှတ်ပုံတင်ရေး နည်းဥပဒေနှင့်အညီ ဒေသအလိုက် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့များမှ ဖွဲ့စည်း ပေးထားသောပူးပေါင်းအဖွဲ့များနှင့် အခါအားလျော်စွာ ရှောင်တခင်စစ်ဆေးခြင်း ဆောင်ရွက်လျက် ရှိရာတွင် ၂ဝ၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလ အထိ ဗီဇာစည်းကမ်းဖောက် ဖျက်သူ ၁,ဝ၇၁ ဦးကို အမှုဖွင့်လှစ်၍ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ပါကြောင်း။
သို့ဖြစ်ပါ၍ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်စသည့် မြို့ကြီးများတွင်သာမက တိုင်းဒေသကြီး ပြည်နယ်များတွင် ဗီဇာစည်းကမ်းဖောက်ဖျက်သည့် နိုင်ငံခြားသားများနှင့် ခိုးဝင် နိုင်ငံခြားသားများကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူခြင်း၊ ပြည်နှင်ခြင်း တို့ကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များနှင့်ပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေ ကြားခဲ့ပါသည်။
ဦးလှဆွေ(ပုဗ္ဗသီရိမဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်-
ရခိုင် ပြည်နယ်၌လည်း တိုက်ပွဲဖြစ်နေပါကြောင်း၊ နယ်စပ်များကို သေချာလေး မစိုးမိုးနိုင်သေးဘူး။ ဤကဲ့သို့ အခြေအနေတွင် အဓိကသည် ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသည့် ဘင်္ဂါလီများသည် ခြေလျင်လမ်း၊ စက်လှေများနှင့် တော်တော်များများ၊ AA သောင်းကျန်းသူလက် နက်ကိုင်များသည်လည်း လွတ်ပေး နေသည်ဟု မိမိတို့သတင်းကြားရပါကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ထိုနေရာများတွင် တစ်ဆက်တစ်စပ်တည်း သူတို့သည် စက်လှေများနှင့် တော်တော် များများ ဝင်ရောက်လာသည်ဟု သတင်းရသည့်အတွက်ကြောင့် ထိုကိစ္စကို ဘယ်လိုမျိုးကာကွယ် တားဆီးမလဲဆိုသည်ကို မေးမြန်းခဲ့ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း က
မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များသည် စီမံချက်များရေးဆွဲ၍ မြေပြင်ကွင်းဆင်းစိစစ်ခြင်း၊ ဖမ်းဆီးဆောင်ရွက်ခြင်းများ ဆောင်ရွက်ရန် အတွက် နိုင်ငံတော်အစိုးရကို စီမံချက်များရေးဆွဲ၍ တင်ပြလျက်ရှိပါကြောင်း၊ အဆိုပါစီမံချက် များတွင် မိမိတို့ ဝန်ကြီးဌာနမှပါဝင်ပြီး သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တိုင်းဒေ သကြီး ပြည်နယ် များတွင် အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေပါကြောင်းနှင့် မြေပြင်၌လည်း လွှတ်တော် ကိုယ်စားလှယ်ကြီးများ ပြန်လည်ရောက်ရှိပါက အဆိုပါဆောင်ရွက်ချက်များကို လေ့လာကြည့်ရှု၍ လိုအပ်ချက်များရှိလျှင် မိမိတို့ဝန်ကြီးဌာနကို အကြံပြုချက်များ ထပ်မံတင်ပြပေးနိုင်ပါရန် ပြန်လည် ဖြေကြားခဲ့ပါသည်။