လားရှိုးမြို့၊ ကောက်ကွေ့ရေလှောင်တမံ၏ မြောင်းနှင့်မြောင်းဘောင်များအား မည်သည့်ဘဏ္ဍာရေး နှစ်တွင် ပြုပြင်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
လားရှိုးမြို့၊ ဟူးမွန် ကျေးရွာအုပ်စု၊ မန်ဆူရွာအနီးရှိ ကောက်ကွေ့ရေလှောင်တမံမှာ ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ထိန်းသိမ်းထားသည့် ရေလှောင်တမံတစ်ခုဖြစ်ပြီး ဒေသဝမ်းစာဖူလုံရန်နှင့် မြို့လူထု သောက်သုံးရေပိုမိုရရှိစေရန်အတွက်လည်းကောင်း၊ တည်ဆောက်ပြီးစီးသည့်ဟူးမွန်ရေလှောင်တမံကိုရေပိုပေးနိုင်ရန်အတွက်လည်းကောင်း၊ ကောက်ကွေ့ချောင်းပေါ်မှာ ရေလှောင်တမံတစ်ခု တည်ဆောက် နိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အလျား ၁၀၈၀ ပေ၊ အမြင့် ၁၂၆ ပေ ရှိသည့် မြေသားတမံအမျိုးအစားဖြစ်သည့် ကောက်ကွေ့ရေလှောင်တမံနှင့် အလျား ၂ မိုင်ရှိသည့် ကောက်ကွေ့ မြောင်းမကြီးအား ၂၀၀၄-၂၀၀၅ ဘဏ္ဍာရေးနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေး နှစ်မှာ တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ ကောက်ကွေ့ရေလှောင်တမံမှ စိစစ်ထုတ်လုပ်သည့်ဆည်ရေ များသည် ရေလှောင်တမံအောက်ဘက်ရှိ ဟူးမွန်ရေထိန်းတမံ၊ ဟူးမွန်အလယ်ဆည်သို့စီးဝင်ပြီး ကောက်ကွေ့မြောင်းမကြီးမှတစ်ဆင့် လားရှိုးမြို့ အမှတ် ၉၁၂ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၏ သောက်ရေ၊ သုံးရေအဖြစ်လည်းကောင်း၊ လားရှိုးမြို့၊ ဟူးမွန်ကျေးရွာ၊ လားရှိုးမြို့ပေါ်ရပ်ကွက်များသို့ ပေးဝေဖြန့်ဖြူးလျက်ရှိသည့် မြို့နယ်စည်ပင်သာယာရေးဌာနက ထိန်းသိမ်းထားရှိတဲ့ ဂါလန်တစ်သိန်းဆံ့ မြို့ရေပေးဝေရေးရေကန်၊ ဂါလန်တစ်သိန်းဆံ့ မန်ဆူရေကန်၊ ဂါလန်တစ်သိန်းဆံ့ သာသနာ၂,၅၀၀ ရေကန်နှင့် ဂါန် ၈၀,၀၀၀ ဆံ့ သာသနာ၂,၅၀၀ ရေကန်တို့အား သောက်ရေ၊ သုံးရေအဖြစ် ဖြည့်သွင်း ဖြန့်ဖြူးပေးလျက်ရှိယုံသာမက စိုက်ပျိုးမြေ ၈၀၀ ဧကခန့်အား စိုက်ပျိုးရေဖူလုံစွာပေးဝေနိုင်ရေး အထောက်အကူပြုလျက်ရှိတဲ့ ရေလှောင်တမံတစ်ခုဖြစ်ကြောင်း။
အဆိုပါကောက်ကွေ့ရေလှောင်တမံ၊ ကောက်ကွေ့မြောင်းမကြီးရဲ့ နေရာအစိတ်အပိုင်းတချို့သည် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများဖြတ်သန်းစီးဆင်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ မဆောင်ရွက်နိုင်သည်မှာ ကာလကြာမြင့်ခြင်း၊ လတ်တလောနယ်မြေအခြေအနေများနှင့် ရန်ပုံငွေရရှိမှု အခြေအနေများကြောင့် ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ မဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပျက်စီးမှု များဖြစ်ပေါ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်မှစတင်ပြီး ယနေ့အချိန်ထိ ရေပေးဝေမှုများဆောင်ရွက်နိုင်ခြင်းမရှိတော့ဘဲ ရပ်ဆိုင်းထားခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် မိုးသည်း ထန်စွာရွာသွန်းခြင်း၊ တောင်ကျရေများတိုက်စားခြင်းကြောင့် အမှတ် ၉၁၂ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းအနီးရှိ မြောင်းမကြီး၏ RT ၄၅၀၀ ပေမှ ၄၈၀၀ ပေအတွင်း မြောင်းနှင့်မြောင်းဘောင် အလျား ၂၀၀ ပေ၊ အကျယ် ၁၁၀ ပေ၊ အနက် ၄၀ ပေခန့် ကျိုးပေါက်ပျက်စီးခဲ့ရပြီး အယ်နီညိုဖြစ်စဉ်များကြောင့် လားရှိုးမြို့မှာလည်း ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း မိုးသဲထန်စွာ ရွာသွန်းပြီး တောင်ကျရေများ ဖြတ်သန်းစီးဆင်းမှုများပြားခြင်းဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၀ ရက် မြောင်းမကြီး၏ ဘေးအတိုင်း RT ၂၅၀၀ ပေမှ ၂၆၀၀ ပေအတွင်း မြောင်းဘောင် ခန့်မှန်းအလျား ၅၀ ပေ၊ အကျယ် ၂၀ ပေ၊ အနက် ၃၀ပေ၊ ထပ်မံကျိုးပေါက်ပျက်စီးခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်မှာလည်း မြောင်းမကြီး၏ပေတိုင်း RT ၂၀၀၀ ပေမှ ၂၃၀၀ ပေအတွင်း ကျောက်စီရေမြောင်းနှင့် မြောင်းဘောင်အလျား ၅၀ ပေ၊ အကျယ် ၂၅ ပေနှင့် အနက် ၃၀ ပေခန့် ထပ်မံ ကျိုးပေါက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကာ မြောင်းဘောင်ဘက်မှာရှိတဲ့ မြေထိန်းနံရံတွေလည်း ပြိုကျ ပျက်စီးမှု ဖြစ်ပေါ်ခဲ့ရကြောင်း။
သို့ဖြစ်ပါ၍ ကောက်ကွေ့ရေလှောင်တမံမှ စိစစ်ထုတ်လုပ်တဲ့ ဆည်ရေများသည် လားရှိုးမြို့ ဟူးမွန်ကျေးရွာနှင့် မြို့ပေါ် ၁၂ ရပ်ကွက်ရှိ တပ်ရင်းတပ်ဖွဲ့မိသားစုများ၊ ဒေသခံပြည်သူများနှင့် တောင်သူများအား သောက်ရေသုံးရေ၊ စိုက်ပျိုးရေတို့ကို ရေအလေအလွင့်နည်းပါးစွာနှင့် ထိရောက်စွာ ပေးဝေနိုင်ရေးအတွက် ကောက်ကွေ့ရေလှောင်တမံ၏ ပျက်စီးနေတဲ့မြောင်းနှင့် မြောင်းဘောင်များအား ပြုပြင်ပေးရန် အစီအစဉ် ရှိ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုပြင်ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော်က
လားရှိုးမြို့နယ်အတွင်း ဝမ်းစာဖူလုံရန်၊ မြို့နေလူထုသောက်သုံးရေ ပိုမိုရရှိနိုင်ရန်နှင့် ဟူးမွန် ရေလှောင်တမံအား ရေကူပေးနိုင်ရန်အတွက် ကောက်ကွေ့ချောင်းပေါ်၌ ကောက်ကွေ့ရေလှောင်တမံနှင့် ဟူးမွန်ရေထိန်းတမံ၊ ဟူးမွန်အလယ်ဆည်မှ အလျား ၂ မိုင်ရှိသော ကောက်ကွေ့တူးမြောင်းမကြီး တို့ကို ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ကောက်ကွေ့တူးမြောင်းမကြီးနှင့် ဟူးမွန် မြောင်းများမှ လားရှိုးမြို့နေပြည်သူလူထု၏ သောက်သုံးရေရရှိရေးနှင့် စိုက်ပျိုးမြေဧရိယာ ၇၉၇ ဧကအတွက် စိုက်ပျိုးရေရရှိရေးတို့ကို အကျိုးပြုနိုင်ခဲ့ကြောင်း၊ ကောက်ကွေ့ရေလှောင်တမံမှ ထုတ်လွှတ်လိုက်သော ရေများသည် ရေလှောင်တမံအောက်ဘက်ရှိ ဟူးမွန်ရေထိန်းတမံ၊ ဟူးမွန်အလယ်ဆည်သို့စီးဝင်ပြီး ကောက်ကွေ့မြောင်းမကြီးမှတစ်ဆင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ထိန်းသိမ်းလျက်ရှိသော မြို့ရေပေးသည့် ရေကန်များအတွင်းသို့ ရေကူဖြည့်သွင်းပေးခဲ့ပါကြောင်း။
ကောက်ကွေ့မြောင်းမကြီး၏ တည်နေရာပြမြေပုံအား တင်ပြအပ်ပါကြောင်း၊ အဆိုပါ ကောက်ကွေ့ မြောင်းမကြီး ပေတိုင် ‘ဝ’ ပေ မှ ‘၆,ဝဝဝ’ ပေအတွင်း တောင်ကမ်းပါးစောင်းတွင် ဖြတ်သန်းဖောက်လုပ် ထားရတာဖြစ်တဲ့အတွက်ကြောင့် ပြီးခဲ့သည့်မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောင်းမကြီး အစိတ်အပိုင်းအချို့ ထိခိုက်ပျက်စီးခဲ့၍ ရေပေးဝေရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရကြောင်း၊ ကွင်းဆင်း စစ်ဆေးချက်အရ ကောက်ကွေ့မြောင်းမကြီး၏ အစိတ်အပိုင်း ၃ နေရာတွင် ထိခိုက်ပျက်စီးလျက်ရှိရာ အပိုင်း ၁ ပေတိုင် ၄,၅၀၀ မှ ၄,၈၀၀ အတွင်း မြေသားပေါင်ထိခိုက်ကျိုးပေါက်ခဲ့ခြင်း၊ အပိုင်း၂ ပေတိုင် ၂,၅ဝဝ မှ ၂,၆ဝဝ ပေအတွင်း မြောင်းပေါင်ထိခိုက်ပြိုကျခဲ့ခြင်း၊ အပိုင်း ၃ ပေတိုင် ၂,ဝဝဝ မှ ၂,၃၀ဝ ပေ အတွင်း မြောင်းပေါင်ကျိုးပေါက်ပျက်စီးခဲ့ခြင်းနှင့် မြေထိန်းနံရံပြိုကျပျက်စီးပြီးမှ ဖြစ်ပေါ်လျက်ရှိကြောင်း ။
ကောက်ကွေ့မြောင်းမကြီး ထိခိုက်ပျက်စီးသည့်နေရာများ၏ တည်နေရာပြမြေပုံအား တင်ပြ အပ်ပါကြောင်း၊ ကောက်ကွေ့မြောင်းမကြီး ထိခိုက်ပျက်စီးသည့်နေရာအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ဆည်ရေဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းခဲ့သည့်မှတ်တမ်းဓာတ်ပုံ၊ ကောက်ကွေ့မြောင်းမကြီးထိခိုက်ပျက်စီးခဲ့သည့် နေရာ၏ မှတ်တမ်းဓာတ်ပုံများအား တင်ပြအပ်ပါကြောင်း၊ ကောက်ကွေ့မြောင်းမကြီး၏ မြောင်းဘောင် ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ရေလေလွင့်ဆုံးရှုံးမှုသက်သာစေရန် ထိခိုက်ပျက်စီးခဲ့သည့် အစိတ်အပိုင်း သုံးနေရာအား မြေဖို့ခြင်း၊ အပိုင်းအလိုက်လိုအပ်သည့်နေရာများတွင် ကွန်ကရစ်လိုင်နင် စီခြင်းနှင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်လျက်ရှိကြောင်း၊ အဆိုပါ ထိခိုက် ပျက်စီးမှုဖြစ်ပေါ်ခဲ့သော အစိတ်အပိုင်း သုံး နေရာလုံးအား တစ်ဆက်တစ်စပ်တည်း ပြုပြင်ပြီးမှသာ ရေပေးဝေရေးလုပ်ငန်းများအားလုံး ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ကောက်ကွေ့မြောင်းမကြီးထိခိုက် ပျက်စီးခဲ့သည့် အပိုင်း ၂ နှင့် အပိုင်း ၃ နေရာများအားပြုပြင်နိုင်ရန် လိုအပ်သည့်ရန်ပုံငွေကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေတွင် လျာထားပြီး ဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် အပိုင်း ၁ ပြုပြင်ခြင်းလုပ်ငန်းအတွက် လိုအပ်သည့်ရန်ပုံငွေကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ဖြည့်စွက်ရန်ပုံငွေ သို့မဟုတ် အထွေထွေပိုလျှံရန်ပုံငွေ၌ ဆက်လက်တင်ပြတောင်းခံသွားမှာဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ကြောင်း။
သို့ဖြစ်ပါ၍ ကောက်ကွေ့မြောင်းမကြီး၏ ထိခိုက်ပျက်စီးနေသော မြောင်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက လားရှိုးမြို့ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသနေပြည်သူများနှင့် တောင်သူများ သောက်သုံးရေ၊ စိုက်ပျိုးရေများ ဖူလုံစွာရရှိစေမည်ဖြစ်သဖြင့် ဒေသ၏စိုက်ပျိုးရေးလုပ်ငန်းများနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့ပါသည်။