နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကျင်းပ လွှတ်တော်လုပ်ငန်းစဉ်များနှင့် ကျင့်ဝတ်စည်းကမ်းများ နိုင်ငံတကာစံနှုန်းနှင့်အညီ ကျင့်သုံးနိုင်ရေး ရှင်းလင်းတင်ပြ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၁၀-၁၁-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက်အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်၊ပို့ဆောင်ဆက်သွယ်ရေး၊ဒီဂျစ်တယ်နှင့်သိပ္ပံနည်းပညာကော်မတီ ဥက္ကဋ္ဌဒေါက်တာနန္ဒာလှမြင့် Telecom International Myanmar Co.,Ltd(Mytel)မှChief Representive Officer Mr. Le Van Tuyenဦးဆောင်သောအဖွဲ့အားလက်ခံတွေ့ဆုံ
MY EN

(ခ)-ဒေါ်ဥမ္မာမို့မို့ဇော်(သဲကုန်းမဲဆန္ဒနယ်)

2026-11-10
တတိယအကြိမ်
ပို့ဆောင်ရေးဝန်ကြီးဌာန
မေးခွန်း
ဒေါ်ဥမ္မာမို့မို့ဇော် (သဲကုန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရန်ကုန်-ပြည် DEMU မီးရထားအား သဲကုန်းမြို့နယ်၊ ပုတီးကုန်းဘူတာတွင် ရပ်တန့်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

အမှတ် (၇၃) အဆန်၊ အမှတ် (၇၄) အစုန် ရန်ကုန်-ပြည် DEMU မီးရထား အား သဲကုန်း မြို့နယ်၊ ပုတီးကုန်းဘူတာတွင် ရပ်တန့်ပေးနိုင်ပါရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ မေးမြန်းသွားမည် ဖြစ်ပါကြောင်း။ 

သဲကုန်းမြို့နယ်သည် ရန်ကုန်-ပြည်ကားလမ်းမကြီးနှင့် ၁၂ မိုင်ခန့်ကွာဝေးပြီး ပုတီးကုန်းမြို့ နှင့် ငါးမိုင်ခန့်ကွာဝေး ပါကြောင်း၊ သဲကုန်းမြို့နယ်အတွင်းရှိ သဲကုန်း၊ ပုတီးကုန်း၊ ဆင်မြီးဆွဲတို့သည် မီးရထားကိုသာ အားကိုးအားထားပြုကြရပြီး အင်းမမြို့တစ်ခုသာလျှင် ရန်ကုန်-ပြည်ကားလမ်းပေါ် တွင် တည်ရှိပါကြောင်း၊ ပုတီးကုန်းမြို့သည် တခြားတိုက်နယ်များထက် စီးပွားရေးဖွံ့ဖြိုးပြီး ကုန်စိမ်းများ ထွက်ရှိရာ အနယ်နယ်အရပ်ရပ်သို့ ပို့ဆောင်သည့်ကုန်စိမ်းမြို့တော် ဖြစ်ပါကြောင်း၊ ပုတီးကုန်း မြို့နယ် တွင် ကျေးရွာအုပ်စု ၁၅ အုပ်စုရှိပြီး ကျေးရွာခွဲပေါင်း ၈၀ ရှိကာ လူဦးရေ ၇၀,၀၀၀ ခန့် နေထိုင်ကြပါကြောင်း၊ ခြံလုပ်ငန်းကိုသာ ဦးစားပေးဆောင်ရွက်ကြပြီး ခြံလုပ်ငန်းမှထွက်ရှိသည့် ကုန်စိမ်းသီးနှံများကို အနယ်နယ်အရပ်ရပ်သို့ ပို့ဆောင်တဲ့မြို့လည်းဖြစ်ပါကြောင်း၊ ပုတီးကုန်းမြို့နေ ပြည်သူများ၊ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ ဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများ မီးရထားဖြင့် သွားလာရာတွင် လွယ်ကူအဆင်ပြေ ပြီး ကျန်းမာရေးမကောင်းသူများမှာလည်း မီးရထားဖြင့်သာ ရန်ကုန်-ပြည်သို့ အားကိုးအားထားပြု၍ သွားလာနေထိုင်ရပါကြောင်း၊ ပုတီးကုန်းဘူတာတွင် လစဉ် ပျမ်းမျှ ရထားစီးဦးရေ ၃,၅၀၀ ကျော်ရှိပါကြောင်း၊ ပုတီးကုန်းမြို့သည် ၈.၁၁.၁၉၀၀ ရက်‌နေ့ အစိုးရ အခွန်တော်ကောက်ဌာနမှ ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာအမှတ် (၄၃၇) အရ ပုတီးကုန်း မြို့အား Railway Town-RT မြို့အဖြစ် မီးရထားမြို့မြေအဖြစ် သတ်မှတ်ထားရှိပါတယ်ကြောင်း။

ပုတီးကုန်းမြို့မှ ခရီးသွားပြည်သူများမှာ မီးရထားဖြင့် ခရီးသွားလာရာတွင် လွယ်ကူစေခြင်း၊ ကုန်ကျမှုသက်သာစေခြင်း၊ အချိန်ကိုက်သွားလာ နိုင်ခြင်းကြောင့် DEMU မီးရထားအား ပုတီးကုန်းမြို့ တွင် ရပ်တန့်ပေးစေလိုကြောင်း ပြည်သူများမှ တင်ပြတောင်းဆိုလာပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုလိုခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ခေတ်နှင့်အညီ နိုင်ငံတော်အစိုးရ၏စေတနာဖြင့် ဆောင်ရွက် ပေးသော ရန်ကုန်-ပြည် DEMU စပိန် အထူးမီးရထားအား သဲကုန်းမြို့နယ်၊ ပုတီးကုန်းဘူတာတွင် ရပ်တန့်ပေးနိုင်ပါရန် မေးမြန်းသွားပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်မြိုင် က

ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ လက်ရှိပြေးဆွဲလျက်ရှိသည့် DEMU လူစီးအမြန် ရထားများအနေဖြင့် သတ်မှတ်ပြေးဆွဲချိန်အတွင်း အချိန်မှန်ကန်မှုရှိစေရန် မိုင်နှုန်းမြှင့်ပြေးဆွဲရသည့် အတွက် ရန်ကုန်-နေပြည်တော်-မန္တလေးရထားလမ်းပိုင်း ခရီးမိုင် ၃၈၅.၅ မိုင်ကို ပြေးဆွဲချိန် ၁ဝ နာရီဖြင့် လမ်းခရီးတွင် ၁၀ ဘူတာကိုလည်းကောင်း၊ ရန်ကုန်-မော်လမြိုင်ရထား လမ်းပိုင်း ခရီးမိုင် ၁၇၆.၂၅ မိုင်ကို ပြေးဆွဲချိန် ၆ နာရီဖြင့် လမ်းခရီးတွင် ၆ ဘူတာကိုလည်းကောင်း၊ ရန်ကုန်-ပြည် ရထားလမ်းပိုင်းမှာ ခရီးမိုင် ၁၆၁ မိုင်ကို ပြေးဆွဲချိန် ၆ နာရီ ၁၅ မိနစ်ဖြင့် တညင်းကုန်း၊ တိုက်ကြီး၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း၊ ပေါင်းတည်နှင့် သဲကုန်းစသည့် ၁၁ ဘူတာကိုလည်းကောင်း ရပ်တန့်ပေးလျက်ရှိပါကြောင်း၊ ရန်ကုန်-ပြည် ရထားလမ်း ပိုင်းအတွင်း လက်ရှိပြေးဆွဲလျက်ရှိသည့် ရထားခြောက်စင်းအနက်မှ အမှတ် (၇၁) အဆန်၊ အမှတ် (၇၂) အစုန် လူစီးအမြန်ရထားနှစ်စင်းနှင့် အမှတ် (၆၃) အဆန်၊ အမှတ် (၆၄) အစုန် လူစီး စာပို့ရထား နှစ်စင်း စုစုပေါင်းလေးစင်းတို့အား ပုတီးကုန်းဘူတာတွင် ရပ်တန့်ပေးလျက်ရှိပါကြောင်း၊ ပုတီးကုန်း ဘူတာ၌ အမှတ်(၇၁) အဆန် လူစီးအမြန်ရထားတွင် နေ့စဉ်ခရီးသည် ၁၅ ဦးခန့်၊ အမှတ် (၇၂)အစုန် လူစီးအမြန်ရထားမှာ နေ့စဉ်ခရီးသည် ၂၀ ဦးခန့်နှင့် အမှတ်(၆၃)အဆန် လူစီးစာပို့ရထားမှာ နေ့စဉ် ခရီးသည် ၂၀ ဦးခန့်၊ အမှတ်(၆၄)အစုန် လူစီးစာပို့ရထားတွင် နေ့စဉ်ခရီးသည် ၄၀ ဦးခန့် စီးနင်းလျက်ရှိရာ စုစုပေါင်း နေ့စဉ်ခရီးသည် ၉၅ ဦးခန့် စီးနင်းလျက်ရှိကြောင်းတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပုတီးကုန်းဘူတာသည် လက်ရှိရပ်တန့်ပေးလျက်ရှိသည့် ရထားလေးစင်းဖြင့် ခရီးသည် စီးနင်းမှုလုံလောက်သည့် အခြေအနေဖြစ်သည့်အပြင် ၂၃-၁၀-၂၀၂၆ ရက်နေ့မှစတင်ပြီး အမှတ် (၆၁) အဆန်၊ အမှတ်(၆၂)အစုန် ရန်ကုန်-ပြည်-အောင်လံ-ပုဂံ လူစီးအမြန်ရထားသည်လည်း အဆိုပါ လမ်းကြောင်းအတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်သည့်အတွက်၊ ပုတီးကုန်းဘူတာတွင် ရပ်တန့်ပေး သည့်  အတွက် ပုတီးကုန်းဘူတာတွင် စုစုပေါင်းရထားခြောက်စင်း ရပ်တန့်ပေးလျက်ရှိပါကြောင်း။

အမှတ်(၇၃)အဆန်၊ အမှတ်(၇၄)အစုန် DEMU ရထားအား ပုတီးကုန်းဘူတာတွင် ရပ်တန့် မည်ဆိုပါက ဘူတာမှာ ရပ်တန့်ချိန် သုံးမိနစ်၊ ဘူတာတွင် ရပ်တန့်နိုင်ရန်အတွက် ရထားအရှိန်လျှော့ချိန် တစ်မိနစ်၊ ဘူတာမှပြန်လည်ထွက်ခွာပြီး မူလပြေးဆွဲချိန်ရရှိရန် ရထားအရှိန်တင်ချိန် နှစ်မိနစ် စုစုပေါင်း ခြောက်မိနစ် ထပ်မံကြာမြင့်မည်ဖြစ်ပါကြောင်း၊ ပုတီးကုန်းဘူတာ၏ တစ်ဖက်တစ်ချက် တွင် ရှိသည့် ပေါင်းတည်ဘူတာနှင့် ၆.၅ မိုင်၊ သဲကုန်းဘူတာနှင့် ၅.၇၅ မိုင်သာ ကွာဝေးသည့်အတွက် နီးစပ်ရာ ဘူတာများသို့ သွားရောက်စီးနင်းနိုင်ပါသဖြင့် အမှတ် (၇၃) အဆန်၊ အမှတ် (၇၄) အစုန် DEMU လူစီး အမြန်ရထားအား ပုတီးကုန်းဘူတာမှာရပ်တန့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားခဲ့ပါသည်။ 

ဒေါ်ဥမ္မာမို့မို့ဇော်(သဲကုန်းမဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။ 

  ဖြေကြားပေးပါသော ပို့ဆောင်ရေး ဒုတိယဝန်ကြီးကို ကျေးဇူးတင်ပါကြောင်း၊ မိမိအနေဖြင့် ဆက်စပ်မေးခွန်းတစ်ခု မေးလိုပါကြောင်း၊ ပေါင်းတည်မြို့နှင့် ၆.၅ မိုင်၊ သဲကုန်းမြို့နှင့် ၅ မိုင်ခန့်ကွာဝေးသည့်အတွက် ရထားတွင် ဒေသအခေါ် အမြန်ရထား၊ စာပို့ရထားနှင့် ယခုဆိုလျှင် ၂၃-၁၀-၂၀၂၆ ရက်‌နေ့တွင် ရန်ကုန်-ပုဂံရထားကို ပြေးဆွဲပေးပြီးဖြစ်ပါကြောင်း၊ ပုတီးကုန်းဘူတာသည် များသော အားဖြင့် မြန်မာ့မီးရထားကို ဝင်ငွေအများဆုံးရရှိ‌အောင် ဆောင်ရွက်ပေးသည့် ဘူတာ ဖြစ်ပါကြောင်း၊ မိမိ အနေနဲ့ဖြင့် ပုတီးကုန်းမြို့၏ရပ်မိရပ်ဖများ၊ ရဟန်းသံဃာတော်များက ရန်ကုန်-ပြည် DEMU ဒေသအခေါ် စပိန်မလေး ရပ်စေချင်ပါသည်ဟု အထူးလည်းမေတ္တာရပ်ခံကြပါကြောင်း၊ ရပ်စေချင်သည့် အတွက် မည်သည့်နေ့၊ မည်သည့်အချိန်၊မည်သည့်ကာလတွင် ရပ်တန့်ပေးမည် ဆိုသည်ကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။ 

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်မြိုင် က

သာမန်အားဖြင့် ပြည်သူများအဆင်ပြေစေရန်အတွက် ရပ်တန့်ပေးချင်ပါကြောင်း။ 

(၁)       ရထားက အချိန်မှန်ကန်မှုအရေးကြီးပါတယ်ခင်ဗျား။ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် ညွှန်ကြားထားပါတယ်။ ထွက်ချိန်မှန်ရမယ်၊ ရောက်ချိန်တော့ အတတ်နိုင်ဆုံးကြိုးစား ပါဆိုပြီး မှာထားပါတယ်ခင်‌ဗျား။ DEMU မှာလည်း အတတ်နိုင်ဆုံး အချိန်မှန်ကန်မှု ရှိလို့ လူစီးများနေတာလည်းဖြစ်ပါတယ်ခင်ဗျား။ အချိန်မှန်ကန်မှုက ပထမအရေးကြီးဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အချိန်မှန်ကန်မှုကို ဦးစားပေးရတဲ့ အကြောင်းကို ကျွန်တော်တင်ပြချင်ပါတယ်။ 

(၂)      ကားလမ်းနှင့်စာရင် ပိုမြန်ရပါမယ်ခင်ဗျား။ ကားလမ်းနှင့်စာလျှင် ပိုမြန်မှသာ ရထားကို အားကိုးကြမှာဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ထည့်စဉ်းစားရပါတယ်။ ယခု ရန်ကုန်-မန္တလေး ၃၈၅ မိုင်မှာ မိုင်အားဖြင့် ရန်ကုန်-ပြည်ထက်စာလျှင် အများကြီး ပိုပါတယ်။ ၁၀ ဘူတာပဲ ရပ်တန့် ပေးပါတယ်ခင်ဗျား။ ပဲခူး-ရန်ကုန်-မော်လမြိုင်မှာ ၁၇၆ မိုင်ရှိတဲ့အခါမှာ ခြောက်ဘူတာပဲရပ်တန့်ပေးပါတယ်ခင်ဗျား။ ရန်ကုန်-ပြည် ၁၆၁ မိုင် တည်းကို ၁၁ ဘူတာရပ်တန့်ပေးပါတယ်ခင်ဗျား။ ဒါက ကျွန်တော်တို့ရပ်တန့် ပေးတဲ့အခြေအနေပါ။  

နောက်တစ်ချက်က ကျန်သောဘူတာများကလည်း အလားတူတောင်းဆိုမှုများရှိသည် ဆိုတာလည်း တင်ပြချင်ပါကြောင်း၊ ဒီမှာသာတင်ပြခြင်းမရှိတာ မိမိတို့ဆီကို ကျန်သည့်ဘူတာ များက စာဖြင့်တင်ပြတာလည်း အများကြီးဖြစ်ပါကြောင်း၊ လောလောဆယ် ၁၁ ဘူတာ ပြေးဆွဲပေး နေခြင်းဖြစ်ပါကြောင်း၊ နောက်တစ်ချက်မှ ရန်ကုန်-မန္တလေးသည် နှစ်လမ်းသွား ဒွိလမ်းဖြစ်ပါပြီး ရန်ကုန်-ပြည် သည်တစ်လမ်းသွား Single လမ်းဖြစ်ပြီး ပဲခူး-မော်လမြိုင် သည်လည်းတစ်လမ်း သွား Single လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းတို့ကို ဒွိလမ်းဖြစ်ရန် နိုင်ငံတော်အကြီးအကဲ မှာကြားချက်အရ Feasible Study ဆောင်ရွက်နေသည်ကို တင်ပြလိုပါကြောင်း၊ ဒွိလမ်းဖြစ်နိုင်မည့်အခြေအနေ၊ အမြန်နှုန်းကို ဒီထက်မကပိုပြီးပြေးဆွဲလာနိုင်မည့် အခြေအနေမှာဆိုလျှင် မည်သည့်ဘူတာတွင် ရပ်သင့်သည် ဆိုသည်ကို ပြန်လည်စဉ်းစားပေးနိုင်မည်ဖြစ်ကြောင်းဖြင့် ဆက်စပ်မေးခွန်း အား ပြန်လည် ဖြေကြားခဲ့ပါသည်။