မြို့သစ်မြို့နယ်၊ ဆားတဲကျေးရွာ၊ အလယ်တန်းကျောင်း၌ နှစ်ထပ်ကျောင်းဆောင်သစ် ပြန်လည် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ချောက်ကြားကျေးရွာအုပ်စု၊ ဆားတဲကျေးရွာ အလယ်တန်းကျောင်းရှိ အလျား ၁၂၀ ပေ၊ အနံ ၃၆ ပေ၊ အမြင့် ၁၂ ပေ RC အုတ်ညှပ်တစ်ထပ်(E) ပုံသဏ္ဌာန်ကျောင်းဆောင်ကြီးသည် ၂၀၀၃ ခုနှစ်ခန့်က ဆောက်လုပ် ခဲ့တဲ့အတွက် ၂၃ နှစ်ကာလကျော် ရှိပြီဖြစ်ပြီး အလှူရှင်တစ်ဦးတည်းဖြင့် လှူဒါန်း ဆောက်လုပ်ထားသော ကျောင်းဆောင်ကြီး တစ်ခု ဖြစ်ပါကြောင်း၊ ယနေ့အချိန်ကာလမှာ ကျောင်းဆောင် ကြီးသည် ငလျင်ဒဏ်အမျိုးမျိုး၊ ရာသီဥတု ဘေးဒဏ်အမျိုးမျိုးတို့နှင့် အကြိမ်ကြိမ် ကြုံတွေ့လာရတာ ဖြစ်တဲ့အတွက် အောက်ပါအတိုင်း ပျက်စီးယိုယွင်းနေကြောင်း သိရှိရပါတယ်-
(၁) အုတ်နံရံများပျက်စီးနေခြင်း၊
(၂) အခင်းများပေါက်ပြဲနေခြင်း၊
(၃) အပေါ်ဘင့်ထုတ်များ ကွာကျနေခြင်း၊
(၄) မျက်နှာကြက်များ ပျက်စီးနေခြင်း၊
(၅) ပြတင်းတံခါးများ ပျက်စီးနေခြင်း။
စသည်တို့ကြောင့် ၎င်းကျောင်းဆောင်အား ဖျက်သိမ်းနိုင်ရန်အတွက် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသန္တာစိုးနှင့် ဆားတဲကျေးရွာကျောင်းကော်မတီများ၊ ကျောင်းသားမိဘများနှင့် အစည်းအဝေး ပြုလုပ်ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ အန္တရာယ်ရှိသောကျောင်းဆောင်ကြီးမှန်ကန်ကြောင်း ထောက်ခံချက်များနှင့်အတူ မြို့နယ်ပညာရေးမှူးရုံးသို့တင်ပြခဲ့ရာ အမှန်တကယ်ဖြစ်စဉ်ကို ပညာရေးမှူးရုံးမှကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ပညာရေးမှူးရုံးမှ မြို့နယ်အငယ်တန်းအင်ဂျင်နီယာ ထောက်ခံချက်၊ မြို့နယ်စည်ပင်အင်ဂျင်နီယာ ထောက်ခံချက်၊ မြို့နယ်ပညာရေးမှူး ထောက်ခံချက်များနှင့်အတူ ကျောင်းဆောင်အား အမြန်ဖျက်ဆီးခွင့်ပြုပေးနိုင်ရန်အတွက် တိုင်းပညာရေးမှူးရုံးသို့ တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ဆားတဲကျေးရွာ အစိုးရအလယ်တန်း ကျောင်းမှ ကျောင်းအကျိုးဆောင်အဖွဲ့များနှင့် ကျောင်းအုပ်ဆရာကြီးတို့မှ မြို့နယ်ပညာရေးဌာနသို့ တင်ပြပြီးဖြစ်သော အန္တရာယ်ရှိ ကျောင်းဆောင်ကြီး အခြေအနေကိုသိရှိစေပြီး ပညာရေးဝန်ကြီးဌာန အဆင့်ဆင့်သို့ တင်ပြဆွေးနွေး ပူးပေါင်းဆောင်ရွက်တောင်းခံနိုင်ရန်အတွက် ကိုယ်စားလှယ်ကြီးများအား ကွင်းဆင်းဆောင်ရွက်ပေး နိုင်ပါရန် ဖိတ်ကြားချက်အရ ရောက်ရှိခဲ့ပါ၍ အခြေအနေမှန်ကို သိရှိခဲ့ရကြောင်း၊ ၎င်းကျောင်းဆောင် ထဲတွင် ယခုအခြေအနေအရ ကျောင်းသားကျောင်းသူများ အန္တရာယ်လွန်စွာစိုးရိမ် နေရပါသဖြင့်အခြား ကျောင်းဆောင်များတွင်ပူးတွဲ၍ ယာယီသင်ကြားနေကြောင်း၊ အကယ်၍ကျောင်းဆောင်ဟောင်း အား အချိန်မီဖျက်သိမ်းခွင့် ကြန့်ကြာနိုင်ပါက ကျောင်းဝန်းဧရိယာ ကျယ်ပြန့်သဖြင့် သီးခြား ကျောင်းဆောင်သစ်ဆောက်ရန် မြေနေရာလည်းရှိပြီး ဖျက်ဆီးမည့်အစီအစဉ်ကိုလည်း အန္တရာယ်ရှိ ကျောင်းဆောင်ကြီးကို မြို့နယ်အဆင့်ဆောက်လုပ်ရေးကော်မတီများဖြင့် ကွင်းဆင်းလျက် တင်ဒါစနစ် ဖြင့် ရောင်းချနိုင်ရေးကို ကြမ်းခင်းဈေးသတ်မှတ်ပြီး တင်ဒါခေါ်ယူ၍ ရောင်းချရရှိသည့် တန်ဖိုးငွေများ ကိုလည်း နိုင်ငံတော်အဆင့်သို့ပေးသွင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျောင်းအုပ် ဆရာကြီး၏ တင်ပြချက်အရ သိရှိရကြောင်း။
မြို့သစ်မြို့နယ်၊ချောက်ကြားကျေးရွာအုပ်စု၊ဆားတဲကျေးရွာအလယ်တန်းကျောင်းမှအန္တရာယ်ရှိသောကျောင်းဆောင်ဟောင်းကြီးအားဖျက်သိမ်းခွင့်နှင့် စာသင်ခန်းမလုံလောက်ပါသောကြောင့်(၁၁၀x၃၀) RC နှစ်ထပ် ကျောင်းဆောင်သစ် အမြန် ဆောက်လုပ်ပေးပါရန် အစီအစဉ် ရှိ မရှိ၊ ရှိပါက လာမည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင်က
မကွေးတိုင်းဒေသကြီးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ခွင့်ပြုရန်ပုံငွေ ၃၄,၁၉၂ သန်း နှင့် လုပ်ငန်းပေါင်း ၁၃၆ ခုကို ဆောင်ရွက်လျက်ရှိပါတယ်။ အဲ့ဒီထဲကမှ မြို့သစ်မြို့နယ်အတွက် လုပ်ငန်း ၂၀ ခု၊ ငွေ သန်း ၄,၁၁၃ သန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါတယ်။ ဆားတဲ အခြေခံပညာ အလယ်တန်းကျောင်းရဲ့ ဧရိယာမှာ ၇.၁ ဧက ကျယ်ဝန်းပြီး လက်ရှိစာသင်ဆောင်နှင့် လျာထား အဆောက်အဦ၏ Google Map တည်နေရာများကို ဖော်ပြပါအတိုင်း တင်ပြ အပ်ပါကြောင်း။
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဆားတဲအခြေခံပညာအလယ်တန်းကျောင်းမှာ စုစုပေါင်း ကျောင်းသား ၂၁၅ ဦးနှင့် ဝန်ထမ်း ၁၈ ဦးဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြထားတဲ့ (E)ဆောင် ကျောင်း၏အခြေအနေဖြစ်၍ (E)ဆောင်၏ အခြေ အနေသည် အန္တရာယ်ဆောင်အဖြစ် သတ်မှတ်ထားပြီး အင်ဂျင်နီယာ၏ ထောက်ခံမှုလည်း ရရှိပြီးဖြစ်ကြောင်း၊ ဒါကြောင့် သင်ကြားသင်ယူမှုထဲမှာ စာသင်ခန်း ၈ ခန်းနှင့်ဆောင်ရွက်နေပြီး လက်ရှိ လိုအပ်နေတဲ့ ကျောင်းစာသင်ခန်း ၂ ခန်းအပါအဝင် ထပ်မံလိုအပ်လာနိုင်တဲ့ တန်းခွဲ ၆ ခန်းအတွက် (၁၂၀ x ၃၆)ပေ၊ (E) ပုံသဏ္ဌာန်ကို ဖျက်သိမ်းပြီး (၁၁၀ x ၃၀)ပေ၊ RC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ်မှာ ငွေလုံးငွေရင်းတည်ဆောက်ရေး ဘတ်ဂျက် ရရှိမှုအပေါ် တိုင်းဒေသကြီးတန်းစီဇယားဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။