မြောင်းမြမြို့နယ်၊ မူ(လွန်) ကွင်းပေါက်ကြီးကျောင်းအား တစ်ထပ် ကျောင်းဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြောင်းမြမြို့နယ်၊ ကွင်းပေါက်ကြီးကျေးရွာ၊ ကွင်းပေါက်ကြီး အခြေခံပညာမူလတန်းလွန် ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူအရေအတွက်သည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် မူလတန်းအဆင့်၌ ၆၅ ဦး၊ အလယ်တန်းအဆင့်၌ ၃၁ ဦး စုစုပေါင်း ၉၆ ဦး ပညာ သင်ကြားလျက်ရှိပါကြောင်း၊ ကွင်းပေါက်ကြီးအခြေခံပညာမူလတန်းလွန်ကျောင်းသည် မြေဧရိယာ ၀.၉၄ ဧက ရှိသည့် မြေပေါ်တွင် ဆောက်လုပ်ထားပြီး စာသင်ဆောင်များအနေနှင့် (၆၀x၃၀) ပေရှိ သည့် အုတ်ညှပ်တစ်ထပ်စာသင်ဆောင်၊ (၄၈x၂၄) ပေရှိသည့် အုတ်ညှပ်စာသင်ဆောင်တစ်ဆောင်၊ (၇၅x ၁၅) ပေရှိသည့် ဝါးဓနိနှင့် ဆောက်လုပ်ထားသည့် စာသင်ဆောင်တစ်ဆောင် စုစုပေါင်း စာသင်ဆောင် သုံးဆောင်ရှိပါကြောင်း၊ ကွင်းပေါက်ကြီး အခြေခံပညာမူလတန်းကျောင်းကို ၂၀၁၉ ခုနှစ်တွင် မူလတန်းလွန်ကျောင်းအဖြစ် စတင်ခွင့်ပြုပေးခဲ့ရာ အလယ်တန်းကျောင်းသား ကျောင်းသူ များ ပညာသင်ကြားနိုင်ရန် ဓနိမိုး၊ ဓနိကာ ယာယီစာသင်ကျောင်းဆောင်သစ်ကို ကျေးရွာနေ ပြည်သူ များမှ မိမိတို့၏လှူဒါန်း ထည့်ဝင်ငွေနှင့် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ပေးခဲ့ကြပါကြောင်း၊ တင်ပြပါ အလယ်တန်း ယာယီစာသင်ဆောင်တွင် Grade 6၊ Grade 7၊ Grade 8၊ Grade 2 စာသင်ခန်း လေး ခန်းရှိပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားလျက်ရှိပါကြောင်း၊ အဆိုပါ ဓနိဆောင်ရှိ ဓနိများသည် ဆွေးမြည့်လာသည့်အနေအထား မီးဘေးအန္တရာယ် စိုးရိမ်ရသည့်အနေအထားဖြစ်ပါ ကြောင်း။
ကွင်းပေါက်ကြီးကျေးရွာသည် လယ်ယာလုပ်ကိုင်သူနည်းပါးပြီး လက်လုပ်လက်စား များပြားသည့် ရွာလေးဖြစ်သော်လည်း ကျေးရွာသူ ကျေးရွာသားများသည် မိမိတို့၏ သားငယ်သမီးငယ်များ ပညာ သင်ကြားရာတွင် အခက်မတွေ့စေရန် အခက်အခဲများစွာကြားမှ ယာယီဓနိစာသင်ဆောင်ကို နှစ်စဉ် နှစ်တိုင်းပြင်ဆင်ဆောက်လုပ်ပေးခဲ့ရာ ယခုဆိုလျှင် ခြောက်နှစ်ကျော်လာခဲ့ပြီဖြစ်ပါကြောင်း၊ ကွင်းပေါက် ကြီးအခြေခံပညာ မူလတန်းလွန်ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများ သက်တောင့်သက်သာနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရန်အတွက် အမှန် တကယ်လိုအပ်နေသည့် (၃၀x၉၀) ပေရှိသည့် RCC တစ်ထပ် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးမည်ဆိုလျှင် ကျောင်းသားဦးရေနှင့် စာသင်ခန်း မျှတမှုမရှိဖြစ်နေသည့် အခက်အခဲမှ အဆင်ပြေနိုင်မည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရန်မြေနေရာများလည်း လုံလုံလောက်လောက် ရှိပြီးဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ ကွင်းပေါက်ကြီး အခြေခံပညာမူလတန်းလွန်ကျောင်းအတွက် အမှန်တကယ် လိုအပ်နေသည့် ကျောင်းဆောင်သစ်တစ်ဆောင်အား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က
အခြေခံပညာဦးစီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေ ကျပ် ၅၇.၉၅ ဘီလီယံနှင့် လုပ်ငန်းပေါင်း၂၄၁ ခုကိုဆောင်ရွက်လျက်ရှိပါတယ်။ ထိုထဲမှ မြောင်းမြမြို့နယ်အတွက် လုပ်ငန်း ၁၀ ခု ခွင့်ပြုငွေ ၂၃၄၃ သန်း ပါဝင်ပါကြောင်း၊ ကွင်းပေါက်ကြီး အခြေခံပညာမူလတန်းကျောင်း၏ မြေဧရိယာသည် ၀.၉၄ ဧက ကျယ်ဝန်းပါကြောင်း၊ ကွင်းပေါက် ကြီး အခြေခံပညာမူလတန်းကျောင်းတွင် စုစုပေါင်း ကျောင်းသားကျောင်းသူ ၉၆ ဦးရှိပြီး ဝန်ထမ်း စုစုပေါင်း ၇ ဦး ရှိပါကြောင်း၊ အဆိုပါကျောင်းတွင် ကျောင်းဆောင် သုံး ဆောင်၊ စာသင်ခန်း ကိုး ခန်း နှင့် သင်ကြားသင်ယူမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
ကိုယ်စားလှယ်တော်ကြီးတင်ပြသွားသည့် ဓနိမိုး၊ ဓနိကာ၊ တစ် ထပ် ကျောင်းဆောင်ကို ယာယီကျောင်းဆောင်နှင့်သင်ကြားနေရသည့်အတွက် ထိုကျောင်းဆောင်ကိုဖျက်သိမ်းပြီး ၉၀x၃၀ RCC တစ်ထပ် ဆောက်လုပ်ရန်အတွက် နောင်လာမည့်ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းတည်ဆောက် ရေး ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။