မြစ်ကြီးနားမြို့နယ်၊ အ.မ.က (၃) တွင် တစ်ထပ်ကျောင်းဆောင်တစ်ဆောင် တည်ဆောက်ပေးနိုင်ခြင်း ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာ အုပ်စုမှာ လူဦးရေ ၅,၃၀၀ ကျော်၊ နယ်မြေနှင့်ကျေးရွာ ၁၀ ခုနှင့်ဖွဲ့စည်းထားရှိပြီး အထက်တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်းကျောင်းခွဲတစ်ကျောင်း၊ မူလတန်းလွန်ကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်း လေးကျောင်းရှိပြီး ယခုကျွန်တော်တင်ပြမယ့် နယ်မြေ (၅) မှာရှိတဲ့ အ.မ.က (၃) မူလတန်းကျောင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၃၉ နှစ်ခန့် ၁၉၈၇ ခုနှစ်က မိဘများ ကိုယ့်အားကိုယ်ကိုးတည်ဆောက်ထားတဲ့ (၇၅ ပေ x ၂၅ ပေ x ၁၅) ပေရှိ သွပ်မိုးအုတ်ညှပ် တစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး နှစ်ကာလ ရှည်လာသည်နှင့်အမျှ ခြစားမှုများကြောင့် မျက်နှာကြက်များပျက်စီး၍မရှိတော့ခြင်း၊ အဆောက်အဦရဲ့ ထုတ်အားလုံးနီးပါးခြစားမှုကြောင့်ပျက်စီး နေခြင်း၊ ကျောင်းတိုင်များခြစားမှုကြောင့်ပျက်စီးနေခြင်း၊ အမိုး၊ ထုတ်များခြစားနေခြင်း၊ ကျောင်းပြတင်း ပေါက်များလည်း ပျက်စီးနေခြင်းတို့ကြောင့် ယင်းကျောင်း ဆောင်သည် ကျောင်းသား ကျောင်းသူများ အတွက် အန္တရာယ်ရှိသောကျောင်းဆောင် ဖြစ်လျက်ရှိနေပါ ကြောင်း။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ကျောင်းသား ကျောင်းသူ ၁၃၀ ဦး၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ကျောင်းသား ကျောင်းသူ ၁၁၄ ဦး တက်ရောက်ပညာသင်ကြားလျက် ရှိပြီး ယခုအခါ မိဘများကပင် ကိုယ့်အားကိုယ်ကိုးတည်ဆောက်ထားတဲ့ ၆၀ ပေ x ၇၀ ပေရှိတဲ့ နှစ်ထပ် ကျောင်းဆောင်မှာ စာသင်ခန်းနှစ်ခန်းကို နှစ်တန်းပေါင်းပြီးတော့မှ သင်ကြားနေရလျက်ရှိကြောင်း၊ စာသင်ခန်းလေးခန်းပါ တစ်ထပ်ကျောင်းဆောင်သစ်တစ်ဆောင် မဖြစ်မနေလိုအပ်လျက်ရှိနေပါသဖြင့် မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စု၊ နယ်မြေ (၅) ရှိ အ.မ.က (၃) ကျောင်းအတွက် ကျောင်း ဆောင်သစ်တစ်ဆောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင်က
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေနဲ့ ကချင်ပြည်နယ်အတွက် ယခုနှစ်မှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေကျပ် ၄၅၅၇.၆ သန်းနဲ့ လုပ်ငန်းပေါင်း ၁၂ ခုကို ဆောင်ရွက်လျက်ရှိပါ ကြောင်း မြစ်ကြီးနားမြို့ရဲ့ လုပ်ငန်း ၉ ခုအတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၃,၂၄၆ သန်းပါဝင်ပြီး ဆောင်ရွက် လျက်ရှိကြောင်း၊ အမှတ် (၃) အခြေခံပညာမူလတန်း ကျောင်း၊ နန်းကွေ့သည် မြေဧရိယာ ၁.၈၉ ဧက ကျယ်ဝန်းပြီး လက်ရှိစာသင်ဆောင်များနှင့်လျာထား အဆောက်အဦများရဲ့ Google Map ပုံ တည်နေရာပုံဖြင့် တင်ပြအပ်ပါကြောင်း။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၊ နန်းကွေ့မှာ စုစုပေါင်းကျောင်းသား ၁၁၉ ဦးရှိပြီး ဝန်ထမ်းဆရာ ဆရာမ ၅ ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး အဆိုပါကျောင်းမှာ အန္တရာယ်ဆောင်တစ်ဆောင်အပါအဝင် စာသင်ခန်းခြောက်ခန်းနဲ့ သင်ကြားသင်ယူမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါကြောင့်မို့လို့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၊ နန်းကွေ့မှာရှိတဲ့ အန္တရာယ်ဆောင် ၇၅ x ၂၅ ပေ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ကို ဖျက်သိမ်းပြီး လိုအပ်တဲ့စာသင်ခန်းသုံးခန်းစာ (၆၀ x ၃၀)ပေ RC တစ်ထပ် ဆောက်လုပ်နိုင်ရန် လာမည့်ဘဏ္ဍာရေးနှစ်မှာ ငွေလုံးငွေရင်းတည်ဆောက်ရေးဘတ်ဂျက်ရရှိမှုအပေါ် မူတည်ပြီး ပြည်နယ်၏တန်းစီဇယားဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါ သည်။