မြိတ်မြို့တွင် ပညာရေးဒီဂရီကောလိပ်တစ်ခု တည်ထောင်ဖွင့်လှစ်နိုင်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အကျဆုံးသော ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ပညာရေး၏ အရည်အသွေးမြင့်မားရေးအတွက် သင်ရိုး ညွှန်းတမ်း၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းများနှင့် ခေတ်မီနည်းပညာများ လိုအပ်သကဲ့သို့ အရည်အသွေး ပြည့်ဝသော ဆရာ ဆရာမများကို လုံလောက်စွာ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး သည်လည်း အထူးအရေးကြီးပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၌ အခြေခံပညာကဏ္ဍကို အရည် အသွေးမြှင့်တင်ရန် အတွက် လက်ရှိတွင် ထားဝယ်ပညာရေးကောလိပ်တစ်ခုသာရှိပြီး တစ်နှစ်လျှင် ဆရာ ဆရာမ ၄၀၀ ဦး ခန့်သာ မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး တွင် ပညာရေးဝန်ဆောင်မှုပေးနိုင်သည့် နေရာများမှာ နယ်ပယ်ကျယ်ပြန့်ပြီး ကျောင်းသားဦးရေများပြားမှုနှင့် ဆရာ ဆရာမလိုအပ်ချက် မြင့်မားမှုတို့ကြောင့် လက်ရှိဆရာအတတ်သင်ပညာ မွေးထုတ်ပေးနိုင်သည့် အင်အားမှာ တိုင်းဒေသကြီး၏ လိုအပ်ချက်နှင့် နှိုင်းယှဉ်ပါက လုံလောက်မှုမရှိသည့်အခြေအနေကို တွေ့ရှိရပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်၊ ကော့သောင်းခရိုင်ဟူ၍ ခရိုင်လေးခုရှိပါပြီး ၎င်းခရိုင်လေးခု၏ ပညာရေးလိုအပ်ချက်ကို ထားဝယ်မြို့ရှိ ပညာရေးဒီဂရီကောလိပ်တစ်ခုတည်းဖြင့် ဖြည့်ဆည်းပေးရန်မှာ ပထဝီအနေအထားနှင့် သွားလာရေး အခက်အခဲကြောင့် လတ်တလောတွင် စိန်ခေါ်မှုများ ရှိနေခဲ့ပါကြောင်း။
ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီး၏ မြောက်ပိုင်းနှင့်တောင်ပိုင်းတို့အကြား ပညာရေး ဝန်ဆောင်မှုများ ပိုမိုမျှတစွာ ဖြန့်ဝေပေးနိုင်ရန် တိုင်းဒေသကြီး၏ အလယ်တွင်တည်ရှိသော မြိတ်မြို့တွင် ပညာရေးဒီဂရီကောလိပ်တစ်ခု ထပ်မံဖွင့်လှစ်ပေးခြင်းသည် ပထဝီအနေအထားအရလည်းကောင်း သင့်လျော်သည့် အချက်တစ်ချက်လည်းဖြစ်ပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လရှိ အချက်အလက်များ အရ တနင်္သာရီတိုင်းဒေသကြီးရှိ ခရိုင်လေးခုတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူစုစုပေါင်းမှာ ၅၅၆,၃၆၉ ဦးရှိပြီး ထိုကျောင်းသားများ၏ ပညာရေး၊ အရည်အသွေးမြှင့်တင်ရေး အတွက် လုံလောက်သော အရည်အသွေးပြည့်ဝသည့် ဆရာ ဆရာမများ လိုအပ်လျက်ရှိပါကြောင်း၊ အထူးသဖြင့် မြိတ်ခရိုင်တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသားအရေအတွက်သည် တိုင်းဒေသကြီး တစ်ခုလုံး၏ ၅၆.၄၂ ရာခိုင်နှုန်း အချိုးအစားအမြင့်ဆုံးဖြစ်ပြီး မြိတ်မြို့တွင် ဆရာအတတ်သင်ပညာ မွေးထုတ်ပေးရန်အတွက် အရေးပါသော စည်းကမ်း၊ အကြောင်းပြချက်တစ်ရပ်လည်းဖြစ်ပါကြောင်း။
တနင်္သာရီတိုင်းဒေသကြီးအတွင်း အခြေခံပညာကဏ္ဍ လက်ရှိဆရာလိုအပ်ချက်မှာလည်း ဖော်ပြပါအတိုင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်တွင် ဆရာ ဆရာမလိုအပ်ချက် များစွာရှိနေသဖြင့် အရည်အသွေးမြင့်ဆရာ ဆရာမများ စနစ်တကျလေ့ကျင့် မွေးထုတ်ပေးနိုင်သည့် အခွင့်အလမ်းများကို တိုးချဲ့ပေးရန်လိုအပ်နေပါကြောင်း၊ ခရိုင်တစ်ခုချင်း၏ ပညာရေးလိုအပ်ချက် ပိုမိုရှင်းလင်းစွာဖော်ပြနိုင်ရန် ကျောင်းသားအရေအတွက် လက်ရှိဆရာအင်အားနှင့် လစ်လပ်ဆရာလိုအပ်ခြင်းတို့ကို နှိုင်းယှဉ်ဖော်ပြပါက ဖော်ပြပါအတိုင်းဖြစ်ပါကြောင်း၊ ၎င်းနှိုင်းယှဉ် ချက် မှတစ်ဆင့် မြိတ်ခရိုင်သည် ကျောင်းသားဦးရေ၊ ဆရာလိုအပ်ချက်၊ ပညာရေးဝန်ဆောင်မှု ပေးရန်လိုအပ်ခြင်းများအရ အရေးပါသော ပညာရေးအချက်အခြာဒေသတစ်ခုဖြစ်ကြောင်း ပိုမို ရှင်းလင်းစွာ သိရှိနိုင်ပါကြောင်း၊ တစ်ဖက်တွင် တိုင်းဒေသကြီးရှိ ခရိုင်လေးခု၏ ကျောင်းသား အရေအတွက် စုစုပေါင်း ၂၅၆,၃၆၉ ဦးရှိ ဆရာလစ်လပ်နေရာများမှာလည်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်တွင် စုစုပေါင်း လစ်လပ်ဦးရေ ၉,၅၉၂ ဦးရှိနေပါကြောင်း။
မြိတ်မြို့သည် တနင်္သာရီတိုင်းဒေသကြီးတွင် ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးအရအရေးပါ သည့် မြို့တစ်မြို့လည်းဖြစ်ပါပြီး အထူးသဖြင့် မြိတ်မြို့တွင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် စသည့်အဆင့်မြင့်ပညာ တက္ကသိုလ်များလည်း ဖွင့်လှစ်လျက် ရှိပါကြောင်း၊ ပညာရေးဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်များကို တိုးချဲ့ဖွင့်လှစ်ပါက အရည်အသွေး မြင့်ဆရာ ဆရာမများကို မွေးထုတ်နိုင်မည့်အပြင် မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်၊ ကော့သောင်းခရိုင်များမှ ကျောင်းသား ကျောင်းသူ များလည်း ပညာရပ်အစုံကို သင်ကြားနိုင်မည့်အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြိတ်မြို့သည် ကျောင်းသားအရေအတွက်နှင့် ဆရာလိုအပ်ချက် မြင့်မားသည့် ဒေသဖြစ်သည့်အပြင် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများလည်း ရှိပြီးဖြစ်သောကြောင့် ပညာရေး အနာဂတ်နှင့် မျိုးဆက်သစ်များ၏ ပညာရေးအခွင့်အလမ်းများအတွက် အကျိုးရှိစေရန် မြိတ်မြို့တွင် ပညာရေးဒီဂရီကောလိပ်တစ်ခု တည်ထောင်ဖွင့်လှစ်ခွင့်ပြုပါရန် အစီအစဉ် ရှိ /မရှိနှင့် အစီအစဉ်ရှိ ပါက မည်သည့်ခုနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဝင်းမောင်သိန်း က
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး တွင် နှစ်နှစ်သင်ပညာရေးကောလိပ် ၂၅ ကျောင်းကို လေးနှစ်သင်ပညာရေးဒီဂရီ ကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးတွင် မြိတ်မြို့နှင့် ၁၅၀ မိုင် အကွာတွင်ရှိသည့် ထားဝယ်ပညာရေးဒီဂရီကောလိပ်ကိုလည်းကောင်း၊ မြိတ်မြို့နှင့်၃၄၂ မိုင်အကွာတွင်ရှိသည့် မော်လမြိုင် ပညာရေးဒီဂရီကောလိပ်ကိုလည်းကောင်း ဖွင့်လှစ်ထားပြီး ကျောင်းသား ကျောင်းသူများ ကို မိမိ နှစ်သက်ရာ ကျောင်းသို့ လျှောက်ထားလာပါက တက်ရောက်ခွင့်ပြုလျက်ရှိပါကြောင်း။
ထားဝယ်ပညာရေးဒီဂရီကောလိပ် လေးနှစ်သင်ဘွဲ့ကြိုသင်တန်း B.A/B.Sc (Education) ပထမနှစ်ကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အထိ စုစုပေါင်းဝင်ခွင့်ရဦးရေ ၃၅၈ ဦးရှိသည့်အနက် မြိတ်မြို့နယ်မှ ဝင်ခွင့်ရဦးရေမှာ ၆၄ ဦးရှိခဲ့ပါကြောင်း၊ ထို့အပြင် နိုင်ငံတော် အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသောပညာတတ်များ ပိုမိုပေါ်ထွန်းလာစေရေး ဦးစားပေး ဆောင်ရွက်လျက်ရှိရာ ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအဆင်ပြေရေး၊ ပညာရပ်သင်ယူမှု အခွင့်အလမ်းများမြင့်မားရေးအတွက် ဒေသအလိုက်၊ ကျောင်းအလိုက် မျက်ခြည်ပြတ်မခံဘဲ ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်မြို့သို့သွားရောက်၍ ဆရာအတတ်ပညာသင်ယူရန် အခက်အခဲရှိသည့် ကျောင်းသား ကျောင်းသူများကို ပညာရေးဒီဂရီကောလိပ်ဝင်ခွင့် နှင့် စပ်လျဉ်းပြီး တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့သို့ ပုံမှန်နေ့ကျောင်းသားအဖြစ် ဝင်ခွင့် လျှောက်ထားစဉ်တွင် ဆန္ဒပြုလွှာ၌ မိမိအဆင်ပြေရာ၊ နှစ်သက်ရာပညာရေးဒီဂရီကောလိပ်များသို့ ဦးစားပေးလျှောက်ထားနိုင်ကြောင်း၊ ဆရာအတတ်ပညာများသင်ယူနိုင်ရန် စီစဉ်ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မြိတ်မြို့တွင် ပညာရေးဒီဂရီကောလိပ် တည်ထောင်ဖွင့်လှစ် ပေးရန် လတ်တလော အစီအစဉ်မရှိသေးပါကြောင်းနှင့် နောင်တွင် မြိတ်မြို့မှ ဆရာအတတ်ပညာ ဆည်းပူး လိုသော ကျောင်းသား ကျောင်းသူ အရေအတွက်များပြားလာပြီး ပညာရေးဒီဂရီကောလိပ် တစ်ခု တည်ထောင်ရန် လိုအပ်လာချိန်တွင် ဦးစားပေးစီစဉ်နိုင်မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးအောင်ဆန်းလွင်(တနင်္သာရီမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။ ပြည့်ပြည့်စုံစုံဖြေကြားပေးသည့်အတွက် အထူး ကျေးဇူးတင်ရှိပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး တွင် လစ်လပ်ဆရာ /ဆရာမ ၉,၅၉၂ ဦးကို ပြည့်မီအောင် မည်သည့်ပညာသင်နှစ်တွင် ဖြည့်ဆည်းပေးမည်ကို သိရှိလိုပါကြောင်းနှင့် Grade 12 အောင်၊ ဘွဲ့ရများကို မူဝါဒအရ မကိုက်ညီသော်လည်း အထူးအစီအစဉ်ဖြင့် ခန့်ထားပေးရန် အစီအစဉ် ရှိ /မရှိ တို့ကို သိလိုပါ ကြောင်းဖြင့် ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဝင်းမောင်သိန်း က
ကိုယ်စားလှယ်တော်ကြီး၏ ဆက်စပ်မေးခွန်းအပေါ် ပထမဆုံး ဆရာ ဆရာမလိုအပ်ချက်နှင့် စပ်လျဉ်းပြီး တင်ပြလိုပါကြောင်း၊ အထက်တန်းပြဆရာလိုအပ်ချက်များကို ရန်ကုန်နှင့် စစ်ကိုင်း ပညာရေး တက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်ဆင်း B.Ed ဘွဲ့ရများနှင့် ခန့်ထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ အလားတူ အလယ်တန်းပြဆရာလိုအပ်ချက်များကို ပညာရေးဒီဂရီကောလိပ် B.A Education ၊ B.SC Education သင်တန်းဆင်းများနှင့်ခန့်ထားပြီး ဆောင်ရွက်လျက်ရှိပြီး မူလတန်းပြဆရာလိုအပ်ချက်ကို ပညာရေးဒီဂရီကောလိပ်ဆင်း (Diploma in EP) သင်တန်းဆင်းများနှင့် ခန့်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားဦးရေ အရ ဆရာ လိုအပ်ချက်များကိုလည်း ဆရာနှင့်ကျောင်းသားအချိုးကို သေချာတွက်ချက်ပြီး ရေတိုရေရှည်စီမံကိန်း အရ အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ဒုတိယမေးခွန်း အနေဖြင့် Grade 12 အောင်သည့် ဘွဲ့ရများအတွက် ရှေ့တွင်တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ TA/LT အဖြစ် တာဝန်ယူလိုပါက ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် Diploma in EP ဘွဲ့ရအနေဖြင့် ဆက်တက်မည်ဆိုလျှင် ဆောင်ရွက်ရမည့်နည်းလမ်းများကို တင်ပြခဲ့ပြီး ဖြစ်ပါကြောင်းနှင့် အထက်ပါ နည်းလမ်းများအတိုင်း ဆောင်ရွက်ပြီးမှ တာဝန်ပေးအပ်နိုင်ကြောင်း ဖြေကြားခဲ့ပါသည်။