MY EN

(င)- ဦးမင်းခန့်ကျော်(ပဲခူးမဲဆန္ဒနယ်)

2026-11-09
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
မေးခွန်း
ဦးမင်းခန့်ကျော် (ပဲခူး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ပဲခူးတက္ကသိုလ် ဆောက်လုပ်ပြီးနောက် ကျန်ရှိသည့်မြေဧကအား ပြန်လည်စွန့်လွှတ်ပေးရန်  အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး (၉)အပိုင် လာဂမုကျေးရွာအုပ်စုသည် ၁၆-၅-၁၉၉၅ ရက် တွင် ယခု ပဲခူးတက္ကသိုလ်ဆောက်လုပ်ရန်အတွက် မြေများသိမ်းရာတွင် ပါဝင်သွားခဲ့ပါကြောင်း၊ ထိုစဉ်က ပဲခူးတက္ကသိုလ်ဆောက်လုပ်ရန် မြေဧက ၇၁၈.၆၅ ဧကသိမ်းရာတွင် လာဂမုကျေးရွာပိုင် မြေဧက ၃၀ နီးပါး ပါရှိသွားသည်ကိုလည်း သိရှိရပါကြောင်း၊ ထိုတက္ကသိုလ်ပိုင်မြေများထဲမှ အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်းဆောက်လုပ်ရန်အတွက် ၂၀၁၈ ခုနှစ်တွင် ဧကပေါင်း ၁၆၀ခန့်အား ပြန်လည်ခွဲဝေပေးခဲ့ပါကြောင်း၊ လက်ရှိ ပဲခူးတက္ကသိုလ်ပိုင်မြေများတွင် အမှန်တကယ် အသုံးပြုနေသော ဧကသည် ၁၁၉.၂၈ ဧကဖြစ်ပြီး ၄၁၉.၃၇ ဧကသည် မည်သည့်အဆောက်အဦမှ ဆောက်လုပ်ခြင်းမရှိဘဲ ကျန်ရှိနေပါကြောင်း။

တက္ကသိုလ်ဆောက်လုပ်ရန်အတွက် မြေကိုသိမ်းထားခြင်းသည် ၁၉၉၅ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်ပါကြောင်း၊ ယခုအချိန်ထိ အမှန်တကယ် ဆောက်လုပ်နိုင်သည်မှာ ၁၁၉. ၂၈ ဧကသာရှိပါကြောင်း၊ မေးသည့်အခါ စီမံကိန်းရှိသည်ဟု သိရသော်လည်း ထိုစီမံကိန်း မည်သည့် အချိန်တွင် စလုပ်မည်လဲ၊ ကျန် ၄၁၉.၃၇ ဧကထဲမှ ဧက ၃၀ လောက်  ပြန်လည်စွန့်လွှတ်ပေးလျှင် ထိုစီမံကိန်းကြီးတစ်ခုလုံး ထိခိုက်နိုင်ပါ့မလားဟု ပြန်လည်တွေးသင့်ပါကြောင်း၊ သက်ဆိုင်ရာဌာန အနေဖြင့် ထိုမြေဧက ၃၀ လေး ပြန်စွန့်လွှတ်ပေးနိုင်ပါက -

(၁)      နိုင်ငံတော်အတွက် ဘတ်ဂျက်မကုန်ဘဲ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေး သလိုမျိုးဖြစ်နေပါကြောင်း၊ 

(၂)      သက်ဆိုင်ရာဌာနအနေဖြင့်လည်း ကျန် ဧက ၄၂၀ နီးပါးထဲမှ ဧက ၃၀ ပြန်စွန့်လွှတ် ပေးနိုင်သည့်အတွက် ထိန်းသိမ်းစရိတ်များလည်း လျှော့ချနိုင်ပါကြောင်း၊ 

(၃)     ထိုဒေသရှိ ဒေသခံပြည်သူများလည်း ပျော်ရွှင်ကြမည်ဖြစ်သည့်အတွက် သုံးဦးသုံးဖလှယ် အကျိုးရှိနိုင်သည်ဟုလည်း တွက်ချက်ရပါကြောင်း။

ထို့ကြောင့် ပြည်သူ၊ အစိုးရ၊ သက်ဆိုင်ရာဌာနအဆင်ပြေမည့် ထိုကိစ္စလေးသည် အစိုးရနှင့် ဌာနအတွက် မပြောပလောက်သော်လည်း ပြည်သူများအတွက် ဘဝကြီးနှင့်ချီပြီး တစ်သက်တာ ပျော်ရွှင်သွားကြမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အသုံးပြုခြင်းမရှိသော လက်ကျန် ၄၁၉.၃၇ ဧကများ ထဲမှ အိမ်ထောင်စု ၁၀၄ စု၊ အိမ်ခြေ ၉၆ စုရှိပြီး လူဦးရေစုစုပေါင်း ၄၀၈ ဦးနီးပါး ရှိသော လာဂမု ကျေးရွာနေ ပြည်သူများအတွက် အမှန်တကယ်ပိုင်ဆိုင်သည့် မြေဧကများကို ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်း က

ပဲခူးတက္ကသိုလ်ကို ၂၇.၅.၁၉၉၇ ရက်နေ့တွင် ပဲခူးဒေသကောလိပ်အဖြစ်လည်းကောင်း၊ ၃၀.၁၁.၁၉၈၁ ရက်တွင် ပဲခူးကောလိပ်အဖြစ်လည်းကောင်း၊ ၁၇.၈.၁၉၉၂ ရက်တွင် ပဲခူးဒီဂရီ ကောလိပ်အဖြစ်လည်းကောင်း၊ ၁၃.၆. ၂၀၁၁ ရက်တွင် ပဲခူးတက္ကသိုလ်အဖြစ်လည်းကောင်း တိုးချဲ့ ဖွင့်လှစ်ခဲ့ပါကြောင်း၊ ပဲခူးတက္ကသိုလ်ပိုင်နယ်မြေ မြေယာပိုင်ဆိုင်မှုမှတ်တမ်းအရ ပဲခူးကောလိပ် လက်ထက်တွင် ၁၁၉.၂၈ ဧက ရှိခဲ့ပြီး၊ ခုနှစ်၊ ၄.၆. ၁၉၉၈ ရက်တွင် ၄၄.၇၄ ဧကနှင့် ၁၀.၈. ၁၉၉၈ ရက်တွင် ၅၅၄.၆၃ ဧကကို ပဲခူးဒီဂရီကောလိပ်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပဲခူးတက္ကသိုလ်ပိုင် မြေဧရိယာ စုစုပေါင်း ၇၁၈.၆၅ ဧကရှိသည့်အနက် မြေဧရိယာ ၁၆၀ ဧကတွင် အစိုးရစက်မှုလက်မှု သိပ္ပံ(ပဲခူး) ဖွင့်လှစ်သင်ကြားလျက်ရှိပါကြောင်း၊ အဆိုပါမြေဧရိယာ ၁၆၀ ဧကကို အစိုးရစက်မှုလက်မှု သိပ္ပံ (ပဲခူး)သို့ လွှဲပြောင်းပေးအပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

လက်ရှိ ပဲခူးတက္ကသိုလ်ပိုင်မြေ ၅၅၈.၆၅ ဧကအနက် မြေဧရိယာ ၁၃၅.၀၀ ဧကခန့်တွင်  ပညာရေး ဆိုင်ရာအဆောက်အအုံများ ဆောက်လုပ်အသုံးပြုလျက်ရှိပါကြောင်း၊ ပဲခူးတက္ကသိုလ်သည် ပညာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ်တိုးတက် များပြားလာသည့် ကျောင်းသားဦးရေအတွက် လိုအပ်သော ကျောင်းသား ကျောင်းသူအိပ်ဆောင်များ၊ နားနေဆောင်များ၊ RC များ၊ စာသင်ဆောင်များဆောက်လုပ်ခြင်း၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများ အတွက် အိမ်ရာများဆောက်လုပ်ခြင်းများကို ဘဏ္ဍာရေးနှစ်အလိုက် လျာထား၍ တည်ဆောက်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပဲခူးတက္ကသိုလ်သည် မြေဧရိယာ ကျယ်ဝန်းပြီး စိုက်ပျိုးမွေးမြူရေးပြုလုပ်သည့်လုပ်ငန်းများ များပြားခြင်းတို့ကြောင့် ဒေသလိုအပ်ချက် ကို ဆန်းစစ်လေ့လာခဲ့ပြီး ဒေသနှင့်ကိုက်ညီသော ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် သိပ္ပံလက်တွေ့ဆောင်များ၊ ခေတ်မီသုတေသန တက္ကသိုလ်အဆောက်အအုံတည်ဆောက် ခြင်း၊ ရုက္ခဗေဒဆိုင်ရာ စမ်းသပ်စိုက်ခင်းများအဖြစ် ပရဆေးနှင့် ရုက္ခဗေဒသုတေသနဥယျာဉ်၊ သတ္တဗေဒ ဆိုင်ရာ ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများအဖြစ် ငါးမွေးမြူရေးကန်နှင့် သတ္တဗေဒသုတေသနစခန်း၊ ဘူမိဗေဒနှင့် ပထဝီဝင် သုတေသနဥယျာဉ် ပျိုးထောင်ရန် လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသား ကျောင်းသူများ၏ ကာယဗလ ဖွံ့ဖြိုးတိုးတက်စေရန် အားကစားကဏ္ဍအတွက် မီတာ ၄၀၀ ပြေးလမ်းပါ အဆင့်မြင့်ဘောလုံးကွင်း၊ ပွဲကြည့်စင်၊ ရေကူးကန်၊ ပိုက်ကျော်ခြင်းကွင်းနှင့် ဘောလီဘောကွင်းများ တည်ဆောက်ခြင်းတို့ကို လျာထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ပညာရေးဆိုင်ရာ အဆောက်အအုံများ၊ သုတေသနပြုလုပ်ရန် အဆောက်အအုံများနှင့် လက်တွေ့စမ်းသပ်ရန်မြေနေရာများ၊ ဝန်ထမ်းနေအိမ်များ၊ အားကစားအဆောက်အအုံများကို ပညာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ္ဍာရေးနှစ်အလိုက်လျာထား၍ တည်ဆောက်ခြင်းလုပ်ငန်း များအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ပဲခူးတက္ကသိုလ်အတွက် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် မြေဧရိယာများအနက် စွန့်လွှတ် လွှဲပြောင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်း ခဲ့သည့်မေးခွန်းနှင့်စပ်လျဉ်း၍ လတ်တလောတွင် စွန့်လွှတ် လွှဲပြောင်းပေးရန် အစီအစဉ် မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။