ရှမ်းပြည်နယ်ရှိ ဆရာ ဆရာမ မပြည့်စုံသောကျောင်းများတွင် ဆရာ ဆရာမ ခန့်ထားပေးနိုင်ရေး၊ ပညာရေးကောလိပ်များတွင် ဒေသခံတိုင်းရင်းသားများ ပိုမိုတက်ရောက်ခွင့်ရရှိရေးနှင့် ပညာရေးဝန်ထမ်းများ ဌာနသို့ ပြန်လည်ဝင်ရောက်လိုပါက ဦးစားပေးခန့်ထားနိုင်ရေးတို့အား ဆက်သွယ်ပေးနိုင်ခြင်း ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ် တစ်ခုလုံး အနေနဲ့ အခြေခံပညာကျောင်းပေါင်း ၆,၄၆၀ ကျောင်း၊ ဆရာ ဆရာမ ၂၉,၂၂၅ ဦး၊ ကျောင်းသား ကျောင်းသူ ၆၄၅,၅၄၈ ဦး ပညာသင်ကြားလျက်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ပြည်နယ်တစ်ခု လုံးအနေနဲ့ ကိုယ်ပိုင်ကျောင်း ၂၂၁ ကျောင်း၊ ဆရာ ဆရာမ ၁,၂၈၁ ဦး၊ ကျောင်းသား ကျောင်းသူ ၂၈,၉၀၇ ဦး ရှိကြောင်း၊ ပထမတစ်ချက်က ကိုယ်ပိုင်ကျောင်းတက်နိုင်တဲ့ ကျောင်းသား ကျောင်းသူသည် ၄ ရာခိုင်နှုန်းလောက်ပဲရှိပြီး ကျန်တဲ့ ၉၆ ရာခိုင်နှုန်းသော ကျောင်းသား ကျောင်းသူများက နိုင်ငံတော်က ဖွင့်လှစ်ထားတဲ့ကျောင်းတွေကို အားကိုးပြီး သင်ကြားနေရကြောင်း တွေ့ရကြောင်း၊ ဒုတိယတစ်ချက်က ကိုယ်ပိုင်ကျောင်းမှာ ဆရာ ကျောင်းသားအချိုးက ၁ : ၁၂ လောက်ပဲ ရှိပြီး တတိယအချက်အနေဖြင့် ရှမ်းပြည်နယ် တစ်ခုလုံးအနေနဲ့ အခြေခံပညာ ကျောင်းပေါင်း ၆,၄၆၀ ရှိတယ်ဆိုပေမယ့် ရှမ်းပြည်နယ်(မြောင်ပိုင်း)က မဖွင့်နိုင်တဲ့ကျောင်းပေါင်း ၁,၈၀၀ ကျော်ကိုနုတ်လိုက်လျှင် တကယ်ဖွင့်နိုင်တဲ့ကျောင်းက ၄,၆၃၃ ကျောင်းပဲ ရှိကာ အဲဒီထဲမှာမှ ဆရာ ဆရာမ လုံးဝမရှိတဲ့ကျောင်းက ၄၂၈ ကျောင်းဖြစ်ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်း နီးနီးလောက် ဆရာ ဆရာမ မရှိတဲ့အနေအထား တွေ့ရကြောင်း။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ‘ဝ’အထူးဒေသက ပန်ဆန်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း အဲဒီမြို့နယ်ပါ ထပ်တွဲလိုက်လျှင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ အားလုံးပေါင်း ၂၃ မြို့နယ် ရှိပြီး အဲဒီ ၂၃ မြို့နယ်မှာ အခြေခံပညာကျောင်းပေါင်း ၂,၅၄၉ ကျောင်းရှိပြီး လားရှိုးမြို့ ပတ်ပတ်လည် မှာရှိတဲ့ မဖွင့်လှစ်နိုင်တဲ့ကျောင်းအပါအဝင် စုစုပေါင်းကျောင်းပေါင်း ၁,၈၂၇ ကျောင်းက လက်ရှိ ဖွင့်လှစ်နိုင်တဲ့အနေအထားမရှိကြောင်း၊ ဖွင့်လှစ်တဲ့ကျောင်းပေါင်း ၇၂၂ ကျောင်းမှာ ဆရာ ဆရာမ လုံးဝ မရှိတဲ့ကျောင်းက ၈၁ ကျောင်း ရှိပြီး ၁၀ ရာခိုင်နှုန်းကျော်ကြောင်း၊ ဆရာ ဆရာမ တစ်ဦးတည်း ရှိတဲ့ကျောင်းက ၁၇၇ ကျောင်းရှိတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၂၀ ရာခိုင်နှုန်းကျော်ရှိတာ တွေ့ရှိရပါကြောင်း။
ရှမ်းပြည်နယ်ရဲ့ပထဝီအနေ အထားအရ သွားလာရေးခက်ခဲတဲ့နေရာတွေမှာ ဖွင့်လှစ်ထား တဲ့အခြေခံပညာကျောင်းကို တခြား တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပညာရေးဝန်ထမ်း ဆရာ ဆရာမ လာရောက်တာဝန်ထမ်းဆောင်ရန် လည်း မလွယ်ကူလှကြောင်း၊ သွားလာရေးခက်ခဲမှုအပြင် ဘာသာစကားခက်ခဲမှုလည်းရှိပြီး ဒေသခံတိုင်းရင်းသားများနှင့် ဆက်သွယ်ပြောဆိုရာမှာလည်းကောင်း၊ ကလေးများအား စာပေသင်ကြားပေးရာမှာလည်းကောင်း ဘာသာစကားအခက်အခဲကြောင့် သင်ကြား၊ သင်ယူမှုအပိုင်း မှာလည်း ထိုက်သင့်သလောက် မအောင်မြင်ရခြင်းဖြစ်ကြောင်း သိရှိရ ကြောင်း၊ တခြားဒေသမှလာရောက်တာဝန်ထမ်းဆောင်ပါကလည်း နှစ်အနည်းငယ်အတွင်း ပြန်လည် ပြောင်းရွှေ့သွားကြတဲ့အတွက် ဝေးလံခက်ခဲတဲ့ဒေသခမှာရှိတဲ့ အခြေခံပညာကျောင်း တွေမှာ ဆရာ ဆရာမလိုအပ်ချက်က များမြဲများလျက် ရှိနေရခြင်းဖြစ်ကြောင်း၊ အဲဒီလိုမဖြစ်ရအောင် ဒေသခံ တိုင်းရင်းသားများထဲမှ ဆရာ လုပ်ငန်းစိတ်ပါဝင်စားတဲ့ တက္ကသိုလ်ဝင်တန်းအောင်တဲ့ ဘွဲ့ရ လူငယ်များအား မိမိဒေသအနီးရှိ အခြေခံပညာကျောင်းများသို့ လိုအပ်ချက်သတ်မှတ် အရည် အချင်း လျှော့ပေါ့ပြီး နေ့စားလပေး သို့မဟုတ် ဆွဲခန့်၊ ဒါမှမဟုတ် တိုင်းရင်းသားဘာသာသင် ဆရာ ဆရာမအဖြစ် ခန့်ထားပါက တောင်ပေါ်ကျောင်းတွေမှာ ဆရာ ဆရာမ မြဲနိုင်ပြီး လစ်လပ်မှုလည်း နည်းပါးသွားနိုင်ပါကြောင်း။
ဘာသာစကားကျွမ်းကျင်ပြီး သင်ကြားမှုမှာလည်း ထိရောက်ပြီး တိုင်းရင်းသားကလေးများ ပညာရေးစိတ်ဝင်စားလာအောင် ဒေသခံဘာသာစကားဖြင့် သင်ကြားပြောဆိုနိုင်ခြင်းအားဖြင့် ကျောင်းထွက်နှုန်းလည်း လျော့ပါးသွားနိုင်ပြီး ပညာတတ်ဒေသခံတိုင်းရင်းသားများလည်း ပိုမို ပေါ်ထွက်လာနိုင်တဲ့ အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ကြောင်း၊ ဆရာ ဆရာမလိုအပ်ချက် တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ဆရာ ဆရာမ မပြည့်စုံတဲ့ကျောင်း များ၊ ဆရာ ဆရာမ လုံးဝမရှိတဲ့ကျောင်းတွေမှာ ဆရာ ဆရာမ ခန့်ထားပေးနိုင်ရေးအတွက် အောက်ပါ မေးခွန်းများအား မေးမြန်းတင်ပြသွားမှာဖြစ်ပါတယ် -
(၁) ဒေသခံတိုင်းရင်းသားများထဲမှ တက္ကသိုလ်ဝင်တန်းအောင် သို့မဟုတ် ဘွဲ့ရများအား မိမိရပ်ရွာဒေသများရှိ စာသင်ကျောင်းများတွင် နေ့စားလပေး သို့မဟုတ် တိုင်းရင်းသား ဘာသာသင် ဆရာ ဆရာမအဖြစ် ပညာသင်နှစ်အတွင်း ခန့်ထားပြီး နွေရာသီ ကျောင်းပိတ်ရက်များတွင် နီးစပ်ရာဒေသရှိ ပညာရေးကောလိပ်များတွင် ဆရာ အတတ်ပညာပို့ချပြီး ပညာရေးဝန်ကြီးဌာနရဲ့ Permit နဲ့ ဆရာ ဆရာမများအဖြစ် ခန့်ထားပေးနိုင်ခြင်း ရှိ မရှိ၊
(၂) ရှမ်းပြည်နယ်အတွင်းရှိ ဆရာအတတ်သင်ပညာရေးကောလိပ်များတွင် ဒေသခံ တိုင်းရင်းသားများ ပိုမိုတက်ရောက်ခွင့်ရရှိရေးအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက် ပေးနိုင်ခြင်း ရှိ မရှိ ၊
(၃) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ၂၀၂၁ ခုနှစ် ဖြစ်စဉ်နှင့် ၂၀၂၃ ခုနှစ် အကြမ်းဖက်ခံရတဲ့ စုစုပေါင်း ဆရာ ဆရာမ ၁,၉၈၃ ဦး ထုတ်ပယ်ခြင်းခံရပါတယ်။ အဲဒီအထဲမှာ တချို့က တိုက်ပွဲကာလအတွင်း ပိတ်မိတဲ့ ဆရာ ဆရာမတွေ၊ တချို့က ခြိမ်းခြောက်ခံရလို့ သတင်းမပို့မိတဲ့ ဆရာ ဆရာမတွေလည်း ပါပါတယ်။ အဲဒီအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသ အကြမ်းဖက်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကင်းကွာတဲ့ ပညာရေးဝန်ထမ်းများ ဌာနသို့ ပြန်လည်ဆက်သွယ်ဝင်ရောက်လိုပါက ဝင်ရောက် ခွင့်ပြုနိုင်ရေး ၎င်းတို့နေထိုင်ရာဒေသများအတွင်းရှိ ဆရာ ဆရာမ လိုအပ်တဲ့ကျောင်း များမှာ ဦးစားပေးခန့်ထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ ပြည်သူ့ မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဝင်းမောင်သိန်းက
ပညာရေးဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားဘာသာစာပေ သင်ကြားခွင့်ရရှိသော အခြေခံပညာကျောင်းတွေမှာ တိုင်းရင်သားဘာသာစာပေ သင်ကြားရေးအထောက်အကူပြု (Teaching Assistant-TA)အဖြစ် တာဝန်ထမ်းဆောင်ရန် လျှောက်ထားနိုင်ပါကြောင်း၊ သတ်မှတ်ချက်များ အနေနဲ့ တိုင်းရင်းသားစာပေသင်အဖြစ် လျှောက်ထားရာမှာ သက်ဆိုင်ရာ တိုင်းရင်းသားစာပေကို အရေး၊ အဖတ်၊ အပြောတို့ကို သင်ကြားနိုင်ပြီး အနိမ့်ဆုံးပညာအရည်အချင်း Grade 10 အောင်မြင် ပြီးသူဖြစ်ရမှာဖြစ်ပြီး Language Teacher-LT လျှောက်ထားသူသည် အနိမ့်ဆုံးပညာ အရည်အချင်းမှာ မူလတန်းအဆင့် ပြီးမြောက်အောင်မြင်သူ ဖြစ်ရမှာဖြစ်ပါကြောင်း။
လျှောက်ထားရန် လုပ်ငန်းစဉ်များအနေနဲ့ မြို့နယ်များရှိတဲ့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့မှ သက်ဆိုင်ရာ အခြေခံပညာကျောင်းများမှာခန့်ထားပေးနိုင်ရန်အတွက် အဆိုပြု လျှောက်လွှာများကို တိုင်းဒေသကြီး ပြည်နယ်များမှာရှိတဲ့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန များကိုပေးပို့ပြီး ထိုမှတစ်ဆင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန (နေပြည်တော်) သို့ စိစစ်ပေးပို့ရမှာဖြစ်ကြောင်း၊ စိစစ်ပြီးသည့် အဆိုပြုလျှောက်လွှာ များကို ပညာရေးဝန်ကြီးဌာနသို့ ညှိနှိုင်းပေးပို့၍ အဆိုပါ လျှောက်လွှာများအနက်မှာ သတ်မှတ်ချက်နဲ့ ကိုက်ညီသူများသည် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ သင်တန်းကို တက်ရောက်ခွင့်ရရှိပြီး အခြေခံပညာဦးစီးဌာနမှ TA/LT(ပုတ်ပြတ်)အဖြစ် နှစ်စဉ် ခန့်ထားပေးလျက်ရှိပါကြောင်း။
လက်ရှိမှာ ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ပညာရေးဒီဂရီကောလိပ်များမှာ တိုင်းရင်းသား ဘာသာစာပေသင် ဆရာ ဆရာမများအတွက် ဆရာအတတ်ပညာ အရည်အသွေးမြှင့် အထောက် အကူပြုဆွေးနွေးပွဲသင်တန်း (TA/LT)ကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ရာမှာ အမှတ်စဉ် (၁/၂၀၂၂) ကနေ အမှတ်စဉ် (၅/၂၀၂၆) အထိ ရှမ်းပြည်နယ်မှာရှိတဲ့ ပညာရေးဒီဂရီကောလိပ်များမှ TA/ LT စုစုပေါင်း ၉၀၁ ဦးအထိ မွေးထုတ်ပေးခဲ့ပြီးဆက်လက်ခန့်အပ်ဆောင်ရွက်လျက်ရှိကြောင်း၊ဒေသခံတိုင်းရင်းသား များထဲမှ ဘွဲ့ရရှိသူများအား ပညာရေးဌာန၏ ဆရာ ဆရာမများအဖြစ် ခန့်ထားပေးနိုင်ခြင်းနှင့် ပတ်သက်၍ ဘွဲ့ရရှိပြီးသူများအတွက် ပညာရေးဒီဂရီကောလိပ်များမှာ ဖွင့်လှစ်လျက်ရှိတဲ့ ပညာရေး နှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Diploma in Education and Pedagogy- Dip.EP) သင်တန်းကို တက်ရောက်ပြီး မူလတန်းပြများအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်တာဖြစ်ပါ ကြောင်း၊ သင်တန်းဝင်ခွင့်သတ်မှတ်ချက်များအနေနဲ့ တက္ကသိုလ် တစ်ခုခုကနေ သတ်မှတ်ထားတဲ့ ဘွဲ့တစ်ခုခုရရှိသူများသည်တိုင်းဒေသကြီးပြည်နယ်အလိုက်သက်ဆိုင်ရာပညာရေးဒီဂရီကောလိပ်များ မှာ ဝင်ခွင့်လျှောက်ထားရမှာဖြစ်ပြီး အင်္ဂလိပ်စာနှင့် ပညာရေးဆိုင်ရာအထွေထွေဗဟုသုတ ရေးဖြေ စာမေးပွဲနှင့် လူတွေ့နှုတ်ဖြေစာမေးပွဲတွေ ဖြေဆိုရမှာဖြစ်ပါကြောင်း၊ Diploma in EP အမှတ်စဉ် (၁) သင်တန်းအောင်မြင်ခဲ့တဲ့ ရှမ်းပြည်နယ်က ဒေသခံ ဦးရေမှာ စုစုပေါင်း ၄၅၅ ဦး ရှိခဲ့ပြီးဖြစ်ကြောင်း။
ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ဆရာအတတ်သင် ပညာရေးဒီဂရီကောလိပ်များမှာ ဒေသခံ တိုင်းရင်းသားများ ပိုမိုတက်ရောက်ခွင့်ရရှိစေရေးနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ် ပညာဦးစီးဌာနအနေနဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးပညာရေးဒီဂရီကောလိပ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးပညာရေး ဒီဂရီကောလိပ်တို့ကို ဖွင့်လှစ်လျက်ရှိကြောင်း၊ ဒေသခံတိုင်းရင်းသားများ ပိုမိုတက်ရောက်ခွင့်ရရှိ စေရေးအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားစဉ်မှာပင် ဦးစားပေးလျှောက်ထားသော ဆန္ဒပြုလွှာ များအတိုင်း ထည့်သွင်းစဉ်းစားပြီး ဝင်ခွင့်ပြုလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်မှာရှိတဲ့ ပညာရေးဒီဂရီ ကောလိပ်တွေမှာ ယခုနှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ သင်တန်းတက်ရောက်လျက်ရှိသော ရှမ်းပြည်နယ်က ဒေသခံဦးရေမှာ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်မှာ ၇၇၂ ဦး၊ တောင်ကြီး ပညာရေးဒီဂရီကောလိပ်မှာ ၃၂၃ ဦး၊ လားရှိုးပညာရေးဒီဂရီကောလိပ်မှာ ၁၄၇ ဦးဖြစ်ပြီး စုစုပေါင်း ဒေသခံဦးရေ ၁,၂၄၂ ဦး တက်ရောက်လျက်ရှိကြောင်း။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ အကြမ်းဖက်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက်မှာ ကင်းကွာ နေသည့် ပညာရေးဝန်ထမ်းများ ဌာနကို ပြန်လည်ဆက်သွယ်ဝင်ရောက်လိုပါက ဝင်ရောက်ခွင့်ပြု နိုင်ရေးအတွက် ၎င်းတို့နေထိုင်ရာဒေသများအတွင်းမှာရှိတဲ့ ဆရာ ဆရာမ လိုအပ်တဲ့ကျောင်းတွေမှာ ဦးစားပေးခန့်ထားနိုင်ရေးနှင့်စပ်လျဉ်း၍ အခြေခံပညာဦးစီးဌာနအနေနဲ့ ဒေသအခြေအနေအရ ယာယီပိတ်ထားရတဲ့ကျောင်းများမှ သတင်းပို့ဆက်သွယ်လာသည့် ဝန်ထမ်းများအားလည်းကောင်း၊ တိုက်ပွဲရှောင်ဝန်ထမ်းများအားလည်းကောင်း ဖွင့်လှစ်လျက်ရှိတဲ့ကျောင်းများမှာ ယာယီတွဲဖက် တာဝန်ထမ်းဆောင်လိုကြောင်း၊ ၎င်းတို့ကိုယ်တိုင် သတင်းပေးပို့ဆက်သွယ်လာပါက သတ်မှတ် ထားတဲ့ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာ ရေးမှူးရုံးများကစိစစ်ပြီး တွဲဖက်တာဝန်ထမ်းဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး သတင်းပေးပို့ဆက်သွယ်ခြင်းမရှိတဲ့ ဝန်ထမ်းများကို လစာရပ်ဆိုင်းထားခြင်း၊ တာဝန်မှယာယီ ရပ်ဆိုင်းခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်းစသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်လျက်ရှိကာ တာဝန်မှယာယီဆိုင်းငံ့ထားခြင်းခံရတဲ့ ပညာရေးဝန်ထမ်းများအနေနဲ့ တာဝန်ထမ်းဆောင်လိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးများသို့ ကိုယ်တိုင်သတင်းပို့ ဆက်သွယ်လျှောက်ထားရမှာဖြစ်ပါကြောင်း၊ အဆိုပါဝန်ထမ်းများကို ဌာနဆိုင်ရာစစ်ဆေးမှုပြုပြီး အပြစ်မရှိကြောင်း အကြောင်းပြချက်ခိုင်လုံပါက အလုပ်ပြန်လည်ခန့်အပ်ပေးမှာဖြစ်ကြောင်း၊ ရာထူးမှ ထုတ်ပယ်ခြင်းခံရ၍ အယူခံတင်သွင်းသူများကိုလည်း နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး ပြန်လည်ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။