MY EN

(က)-ဦးနိုင်ဝင်း(ကျောက်တန်းမဲဆန္ဒနယ်)

2026-11-09
ပို့ဆောင်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးနိုင်ဝင်း (ကျောက်တန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ကျောက်တန်းမြို့နယ်၊ ကဒပ္ပနကျေးရွာရှိ ချောင်းကမ်းပါးပြိုကျမှုအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် အမြန်ဆုံး ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်း မဲဆန္ဒနယ် ကဒပ္ပနစံပြကျေးရွာတွင် ရေတိုက်စားခံနေရတဲ့ ချောင်းကမ်းပါးအား ရေထိန်းနံရံ တည်ဆောက် ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်း၍ မေးမြန်းသွားမည်ဖြစ်ပါကြောင်း။ 

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမဲဆန္ဒနယ် ကဒပ္ပနစံပြကျေးရွာသည် အိမ်ထောင်စု ၄၉၆ စု၊ အိမ်ခြေ ၄၆၈ အိမ်၊ လူဦး‌ရေ ၁,၉၄၀ ဦး၊ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ အ.လ.က (ခွဲ) စာသင်ကျောင်းတစ်ကျောင်း၊ ကျေးလက် ဆေးပေးခန်းတစ်ခန်းနှင့် လယ်မြေဧက ၁,၃၅၆ ရှိပါကြောင်း၊ ကဒပ္ပနကျေးရွာသည် မှော်ဝန်းချောင်း၏ဘေးတွင်တည်ရှိပြီး ချောင်းရေ တိုက်စားမှုကို နှစ်စဉ်ကြုံတွေ့နေရပြီး ချောင်းကမ်းပါးများပြိုကျ၍ ကျေးရွာနေပြည်သူများ၏ လယ်ယာ မြေများ၊ နေအိမ် ခြံဝန်းများ၊ သောက်သုံးရေကန်များနှင့် လမ်းများပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာ သဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပေပေါင်း ၄၃၀၀ ရှည်လျား သည့် ကမ်းထိန်းနံရံ များကို ငွေကျပ်သိန်းပေါင်း ၅,၀၀၀ ကျော်ကုန်ကျခံကာ တည်ဆောက်ပေးခဲ့ပါကြောင်း၊ ကဒပ္ပနကျေးရွာသည်မှော်ဝန်းချောင်းနှင့် ပေပေါင်း ၆၀၀၀ ကျော် ထိစပ်နေပြီး နှစ်စဉ် ရေတိုက်စား မှုကြောင့် သောက်သုံးရေကန် ၁၂ ကန်ရှိသည့်အနက် ၂ ကန်သာသောက်သုံးရေ ရရှိပါကြောင်း ၊ ရွာလမ်းမများ၊ နေအိမ်ခြံဝန်းများ၊ လူနေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများ ရေတိုက်စားခံ နေရသဖြင့် ယခုအခါ ကျေးရွာနေမိဘပြည်သူများသည် ချောင်းကမ်းပါးများ ရေတိုက်စား ပြိုကျနေသည့် အန္တရာယ်ကိုစိုးရိမ်ပူပန်လျက်ရှိပါကြောင်း၊ ၎င်းရေတိုက်စားမှုကြောင့် ချောင်းကမ်းပါးများ ပြိုကျမှုအား အချိန်မီမတားဆီးပါက လူနေအိမ် ၁၀၀ ကျော်ရေတိုက်စားမှုနှင့်ကြုံတွေ့နိုင်ပါကြောင်း။ 

သို့ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကဒပ္ပနကျေးရွာတွင် မှော်ဝန်းချောင်းရေတိုက်စားမှုကြောင့် ချောင်းကမ်းပါးပြိုကျပျက်စီးနေမှုအား အမြန်ဆုံးဆောင်ရွက် ပေးနိုင်ပါရန်နှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးထွန်းလူ က

ကဒပ္ပနကျေးရွာသည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်း မြို့နယ်တွင် တည်ရှိပါကြောင်း၊ ရန်ကုန်မြစ်မှဝင်လာသည့် မှော်ဝန်းချောင်း တစ်နည်းအားဖြင့် ကျောက်တန်း ချောင်း လို့လည်း ဒေသအခေါ်အဝေါ်ကနေ ခေါ်ပါကြောင်း၊ ၎င်းမှော်ဝန်းချောင်း၏အပေါ်ဘက်ရှိ ကဒပ္ပန ချောင်းဆုံရာနေရာတွင်တည်ရှိသည့် ကျေးရွာတစ်ခုလည်းဖြစ်ပါကြောင်း၊ ရန်ကုန်မြစ်နှင့် မှော်ဝန်း ချောင်းဆုံသည့်နေရာမှနေပြီး ကဒပ္ပနကျေးရွာထိဆိုလျှင် မိုင်အားဖြင့် ၂၇ မိုင်လောက် ကွာဝေးပါ ကြောင်း၊ မှော်ဝန်းချောင်းသည် ရေတက်ရေကျရှိသည့်ချောင်း တစ်ခုဖြစ်ပြီး ရေတက် ရေကျအနေ ဖြင့် ၂.၅ မီတာမှ ၃.၅ မီတာထိရှိသည့် ချောင်းတစ်ခု ဖြစ်သည်ကိုတွေ့ရှိရမည် ဖြစ်ပါကြောင်း၊ မှော်ဝန်းချောင်းဘက်အခြမ်း တွင် ပေ ၁,၆၀၀ လောက်ဆက်စပ်နေပြီး ကဒပ္ပနချောင်းဘက်မှာဆိုပါက ပေ ၂,၁၀၀ လောက် ဆက်စပ်နေသည့် ကျေးရွာတစ်ခုဖြစ်ပါကြောင်း၊ ကျေးရွာ အနေအထားအရ ချောင်းနှစ်ခုနှင့်ဆက်စပ်နေပြီး ကမ်းပြိုမှုဖြစ်နေရသည့် အခြေအနေဖြစ်ပါကြောင်း၊ မှော်ဝန်းချောင်း သည် ရေတက်ရေကျရှိသည့်ချောင်း ဖြစ်ပါကြောင်း၊ ကဒပ္ပနချောင်းလည်း ၎င်းနည်းလည်းကောင်း ဖြစ်ပါကြောင်း၊ ၎င်းချောင်းနှစ်ခုဆုံသည့်နေရာတွင် ရေစီးကြောင့် ဝဲဖြစ်နေသည့်နေရာရှိပြီး ၎င်းနေရာ သည် မိုးများသည့်ဒေသဖြစ်ပါကြောင်း၊  နောက်တစ်ခုမှ ကဒပ္ပနကျေးရွာတွင် သောက်ရေကန်များ သည့်အတွက် အောင်းရေတွေရှိပြီး မြေသားမှအမြဲတမ်းပျော့နေသည့် အတွက် ကမ်းပြိုမှုဖြစ်ရသည့် အကြောင်း အရင်းများဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ကဒပ္ပနကျေးရွာ၏ ကမ်းရေ တိုက်စားမှုသည် ၂၀၀၂ ခုနှစ်မှ ယခုအချိန်ထိ  ၁၆၀ ပေလောက် ကမ်းစားသွားခြင်း၊ ပြိုသွားခြင်း၊ ၎င်းကဒပ္ပနချောင်းဘက်ဆိုလျှင် ပေ ၁၇၀လောက် စားသွားသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

 ကဒပ္ပနချောင်း၏အထက်ဘက်တွင် ကဒပ္ပနရေထိမ်းတံခါး ရှိပါကြောင်း၊ ၎င်းရေထိမ်းတံခါး ကို  မိုးရာသီတွင် အမြဲဖွင့်ထားပါ‌ကြောင်း၊  မိုးရွာသည့်အခါ အပေါ်မှ ကျလာသည့် မိုးရေများသည် ချောင်း အတိုင်း စီးဆင်းသွားပြီး ကဒပ္ပနချောင်း၊ ၎င်းမှ မှော်ဝန်းချောင်း၊ မှော်ဝန်းချောင်းကနေတစ်ဆင့် ရန်ကုန် မြစ် ထဲကိုစီးဝင်သွားပါကြောင်း၊ နွေရာသီတွင် ရန်ကုန်မြစ်ထဲက တက်လာသည့် ရေငန်များ မဝင်ရောက် နိုင်အောင်၊ နုန်းများမဝင်ရောက်နိုင်အောင်၊ ရေချို စုဆောင်းနိုင်အောင် ၎င်းရေထိမ်းတံခါး ကို ပိတ်ထားပြီး နွေရာသီ၌  ၎င်းဘေးတွင်ရှိသည့်လယ်များ၊ စိုက်ပျိုးမြေများအတွက် ရေချိုပေးဝေ နိုင်ရေးကို ဆောင်ရွက်ထားရှိပါကြောင်း၊ ၎င်းချောင်းနှစ်ခု၏ အနေအထားကို ကြည့်မည် ဆိုပါက ကဒပ္ပနချောင်းမှ ဆင်းလာသည့်ရေ နှင့် မှော်ဝန်းချောင်းမှ တက်လာသည့်ရေတို့သည် ၎င်းချောင်းဆုံ နေရာတွင်ဆုံပြီး ဝဲပြန်ဖြစ်‌ပေါ်နေသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကဒပ္ပနကျေးရွာ၏ မှော်ဝန်းချောင်း ဘက်ခြမ်းကမ်းပြိုနေသည့် ၁၄၀၀ ပေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှနေပြီး ကျောက်စီမြေထိန်းနံရံ လုပ်ပေးထားရှိခဲ့ပါပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်ပိုင်တိုင် ရေကာကိုလည်း ရေလမ်းကြောင်းများ ကဒပ္ပနဘက်ကမ်းကို မကပ်ဘဲ ရေကာလေးချောင်းကိုထည့် တည်ဆောက်ထားပေးထားခြင်းဖြစ်ပါကြောင်း၊ ယခုလက်ရှိ အချိန် တွင် ကမ်းထိန်းနံရံလုပ်ထားသည့်နေရာမှ နိမ့်နေပြီး ပေ ၂၀၀ လောက် ပြိုကျပျက်စီးနေ သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကဒပ္ပနဘက်ချောင်းအခြမ်းဘက်တွင် မှာ ၂၀၁၉-၂၀၂၀ ပြည်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှနေပြီး ကွန်ကရစ်ပိုင်တိုင်အခြေပြု ကမ်းထိန်းနံရံလုပ် ထားပေးသည့် ပေ ၃၅၀ ရှိပါကြောင်း၊ ယခုလက်ရှိတွင် ကမ်းပါးပြိုနေသည့် ပေ ၄၀၀ နေရာရှိသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ကဒပ္ပနချောင်းဘက်တွင် ရေတိုက်စားမှုကို ကာကွယ်ရန်အတွက် လုပ်မည်ဆိုပါက ချောင်းဘက်တွင် ပြိုကျနေသည့် ပေ ၂၀၀၊ ခုနက ရေလွှဲရေကာ ၄ ခုအနက် ပျက်စီးနေသည့် ၂ ခု  တို့ကို ပြုပြင်ရမည်ဖြစ်ပါကြောင်း၊  ကဒပ္ပနချောင်းဘက်တွင် ကမ်းပြိုနေသည့် ပေ ၄၀၀ နေရာ ၂၀၀ ကို ပြုပြင်တည်ဆောက်ရေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မှော်ဝန်းချောင်းနှင့် ကဒပ္ပန ချောင်းတို့၏ ရေလမ်းကြောင်းအခြေအနေကို ၂၀-၁၀-၂၀၂၆ ရက်နေ့တွင် တိုင်းတာရေး သွားရောက် ဆောင်ရွက်ခဲ့သည့်အခါ မှော်ဝန်းချောင်း၏ ရေအနက်သည် ၄ မီတာလောက်ရှိပြီး မှော်ဝန်း ချောင်း ကနေဝင်လာသည့် ချောင်းဆုံနေရာမှာ ဝဲဖြစ်နေသည့်အတွက် ရေနက်ဝန်းဖြစ်ပြီး ၎င်းနေရာ တွင် ၈ မီတာလောက်ဖြစ်သွားပါကြောင်း၊ ကဒပ္ပနချောင်းထဲဝင်သည့်အခါ ၁ မီတာ မှ ၂ မီတာလောက် အထိရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မြစ်ရေတိုက်စားမှုမှ ကာကွယ်ရန် အတွက်ဆိုပါက အထက်တွင်တင်ပြခဲ့သည့် ကဒပ္ပနကျေးရွာ၏ မှော်ဝန်းချောင်းဘက်အခြမ်းတွင် ကမ်းပြိုကာကွယ် ခြင်းနှင့် ရေကာတာ ၂ ချောင်းကို ပြင်ရမည်ဖြစ်သလို ၎င်း၏မျက်နှာချင်းဆိုင်တွင်ရှိသည့် သောင် ကုန် ကို လှီးဖြတ်ရမည်ဖြစ်ပါကြောင်း၊ ထို့မှသာဝင်လာသည့်ရေများသည် ကဒပ္ပနကျေးရွာ ဘက်ကို မထိုးဘဲ ၎င်းဘက်မှကပ်ပြီး မှော်ဝန်းချောင်းဘက်ကို ပြန်လည်စီးဆင်းသွားမည်ဖြစ်ပါကြောင်း၊ ကဒပ္ပန ဘက်အခြမ်းတွင်လည်း ၎င်းအတိုင်းဖြစ်ပါကြောင်း၊ ပေ ၄၀၀ ကမ်းပြိုသည့်နေရာကို ကျောက်စီ  မြေထိန်းနံရံတည်ဆောက်ပေးရမည်ဖြစ်သလို ၎င်း၏ရှေ့တွင်ဖြစ်သည့်သောင်စွယ်ကို ဖြတ်ထုတ်ပြီး ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ကမ်းပြိုကာကွယ်ရေးကိုလည်း ကျောက်စီမြေထိန်းနံရံနှင့် လုပ်မည် ဖြစ်ပါကြောင်း၊ ရှေ့တွင်ရှိနေသည့် သောင်စွယ်များကိုလည်း ဖြတ်မည်ဆိုပါက ရေစီးကြောင်း သည် သူ့လမ်းကြောင်းတိုင်းသူမှန်ပြီး စီးဆင်းသွားမည်ဖြစ်ပါကြောင်း၊ ၎င်း ၂ ချက်ကိုလုပ်မည်ဖြစ်ပါကြောင်း၊ သို့သော် မှော်ဝန်းချောင်း၏ အနေအထားအရချောင်းအကွေ့သည် တော်တော်ပြင်းသည့်အတွက် ကဒပ္ပနကျေးရွာကို ကျောက်စီမြေ ထိန်းနံရံလုပ်ထားသော်လည်း ၎င်းနေရာကို ရေထိုးနေအုံးမည် ဖြစ်ပါကြောင်း။ 

          ထို့ကြောင့် ၎င်းနေရာကို ရေထိုးမှုသက်သာစေချင်ပါက ဖြတ်တူးမြောင်းလို့ ရေးထားသည့် ချောင်းဖြတ်သည့်မြောင်း ကဒပ္ပနကျေးရွာဘက်ကို မစီးဆင်းဘဲ မှော်ဝန်းချောင်းထဲကို ပြန်ဝင်မည့် ချောင်းဖြတ်တူးမြောင်းကိုလည်း ဆက်လက်ပြီး ဆောင်ရွက်သွားရန် လိုအပ်သည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် မိမိတင်ပြခဲ့သည့် ကဒပ္ပနကျေးရွာ၏ ကမ်းပြိုမှုမှာ မှော်ဝန်းဘက်အခြမ်း ကဒပ္ပနချောင်းဘက်အခြမ်းများကို လုပ်ပေးရန် အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် လျာထားခြင်းမရှိပါကြောင်း၊ သို့သော်နောင်နှစ်များတွင်လျာထားပြီး ဆောင်ရွက်ပေးမည်ဆိုပြီး  ဖြေကြားထားရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးသည့် မေးခွန်း အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရမှနေပြီး နောင်နှစ် ဘတ်ဂျက်လျာပြီး ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်သည့်အခါမှာ မိမိတို့အနေဖြင့် လုပ်ငန်းမဆောင်ရွက်ခင် စတင်ပြီး တိုင်းတာရေးလုပ်သည့်အချိန်များတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လုပ်ရမည့် လုပ်ငန်းများကိုလည်း အစီအမံများရေးဆွဲပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရထံသို့ တင်ပြပြီး ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်းစတင်ဆောင်ရွက်ပြီဆိုပါက ပို့ဆောင်ရေး ဝန်ကြီးဌာနအနေဖြင့် နည်းပညာအကူအညီ လုပ်ငန်းအကူအညီများကိုပေးပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။