MY EN

(ဂ)- ဦးသက်ပိုင်ထူး(ဖားကန့်မဲဆန္ဒနယ်)

2026-11-06
တတိယအကြိမ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မေးခွန်း
ဦးသက်ပိုင်ထူး (ဖားကန့် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဖားကန့်ရှိ သယံဇာတများအား အကြီးစားနှင့် အလတ်စား တူးဖော်ခွင့်မပြုဘဲ အသေးစားနှင့် လက်လုပ် လက်စားတူးဖော်ခွင့်ကို စည်းကမ်းနှင့်အညီ ခွင့်ပြုပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

ဖားကန့်မြို့နယ်သည် နိုင်ငံတော်အတွက် အဖိုးတန်ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာများ ထွက်ရှိရာဒေသတစ်ခုဖြစ်ပြီး ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းသည် ကချင်ပြည်နယ်နှင့် ဖားကန့် ဒေသအတွက် အဓိကဝင်ငွေရရှိသည့် စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ အခြေခံလူတန်းစား ဖြစ်သည့် လက်လုပ်လက်စားပြည်သူများမှစ၍ ရေမဆေးကျောက်ရှာဖွေသူ၊ ကျောက်ရောင်းဝယ်သူ များ၊ ဈေးသည်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် အခြားဆက်စပ်လုပ်ငန်းများအထိ ကျောက်စိမ်းလုပ်ငန်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မှီခိုရပ်တည်နေကြ ရသည်ဖြစ်ပါ ကြောင်း။

ကျောက်စိမ်းလုပ်ငန်း၏ စီးပွားရေး ဆက်စပ်မှုသည် ဖားကန့်ဒေသနှင့် ကချင်ပြည်နယ် အတွင်း ရပ်တန့်နေခြင်းမဟုတ်ဘဲ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသများရှိ ကျောက်စိမ်းရောင်း ဝယ်ခြင်း၊ ဖြတ်တောက်ခြင်း၊ သွေးခြင်းနှင့် အချောထည်ပြုလုပ်ခြင်းလုပ်ငန်းများကို မှီခိုလုပ်ကိုင် နေကြသူများ၏အသက်မွေးဝမ်းကျောင်းအထိ ဆက်စပ်ပတ်သက် သက်ရောက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကျောက်စိမ်းလုပ်ငန်းကို စီမံခန့်ခွဲရာတွင် သယံဇာတထိန်းသိမ်းရေးတစ်ခုတည်းကို မတွေး ဘဲ နိုင်ငံတော်အခွန်ဘဏ္ဍာရရှိရန်အပြင် အခြေခံ ပြည်သူများစွာ၏စားဝတ်နေရေးနှင့် အသက် မွေးဝမ်းကျောင်းအခြေအနေများကိုပါ ထည့်သွင်း  စဉ်းစားပေးရန် အထူးလိုအပ် ပါကြောင်း၊ လက်ရှိအခြေအနေတွင် တရားဝင်လုပ်ကိုင်လိုသည့်  ပြည်သူများသည် တူးဖော်လုပ်ကိုင် ခွင့်မ ရရှိကြသော်လည်း တရားမဝင်တူးဖော်မှုများတွင် ရပ်တန့်သွားခြင်း လုံးဝ မရှိဘဲ နယ်မြေတည် ငြိမ်မှုမရှိခြင်းနှင့် စောင့်ကြည့်ကြပ်မတ်မှုအားနည်းခြင်းတို့ကို အခွင့်ကောင်းယူ၍ စက်ယန္တရား ကြီးများစွာကို အသုံးပြု၍ ယနေ့အထိ အလွန်အကျွံ ပေါ်တင်တူးဖော်ထုတ်လုပ်လျက် ရှိပါကြောင်း၊ ကျောက်စိမ်းတူးဖော်မှုများကို နိုင်ငံတော်မှပိတ်ထားသော်လည်း တရားမဝင်တူးဖော်မှု များကို ထိရောက်စွာမတားဆီးနိုင်လျှင် သယံဇာတများကိုလည်း မထိန်းသိမ်းနိုင်၊ ပြည်သူများ၏ ခက်ခဲဆင်း ရဲမှုများစွာကိုလည်း မဖြေရှင်းနိုင်၊ နိုင်ငံတော်အတွက်လည်း ရသင့်ရထိုက်သည့် အခွန်များစွာကို မရရှိသည့်အခြေအနေဖြစ်နေ၍ နိုင်ငံတော်က ၁၀ နှစ်လောက်နေမှ ရရှိမည့်ဝင်ငွေများကို တရားမ ဝင်တူး ဖော်သူများသည် တစ်နှစ်၊ နှစ်နှစ်အတွင်း ရရှိနေကြသည်ဖြစ်ပါကြောင်း။

ထို့အပြင် စည်းကမ်းမဲ့တူးဖော်မှုများနှင့် မြေစာစွန့်ပစ်မှုများကြောင့် ဖားကန့်မြို့၏ အရေး ပါသော အဓိကချောင်းများဖြစ်သည့် ဥရုချောင်းနှင့် မော်ဝမ်းချောင်းတို့ တိမ်ကောလာ၍ ရေစီး ရေလာပိတ်ဆို့မှု၊ ရေကြီးရေလျှံမှုနှင့် လူနေရပ်ကွက်များ မြေစာဖုံးလွှမ်းခံရမှုများကို ဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ထိုအခြေအနေကို အချိန်မီမတားဆီးနိုင်လျှင် လာမည့်မိုးရာသီတွင် ဖားကန့် မြို့သည် မြေစာပုံများအောက်တွင် ရောက်ရှိသွားနိုင်ပြီး စိုးရိမ်ရသည့်အခြေအနေအထိ ဖြစ်ပေါ်လာ နိုင်ပါကြောင်း၊ တရားမဝင်တူးဖော်မှုများကို ထိရောက်စွာတားဆီးနိုင်ရန်နှင့် ဖားကန့်မြို့ ကြီး စွန့်ပစ်မြေစာပုံအောက်မရောက်ရှိရေး၊ မိဘပြည်သူများ လူမှုစီးပွားဘဝလုံခြုံရေးတို့အ တွက် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အခြေခံအကျဆုံးအရေးပေါ် လိုအပ်ချက်ဖြစ်ပါကြောင်း၊ ဖားကန့်မြို့နယ်ရှိ ဒေသခံပြည်သူများစွာ၏ ကျီးလန့်စာစား၍ နီးရာဓားကို ကြောက်နေရသညိ့ အခက်ခဲဆုံးအခြေအနေများကို နိုင်ငံတော်အကြီးအကဲများမှ အလေးအနက် ထားစဉ်းစား၍ အမြန်ဆုံးတည်ငြိမ်အေးချမ်းလာစေရန် အရေးပေါ်စီမံချက်များ၊ မဖြစ်မနေချမှတ် ဆောင်ရွက်ပေးရန် ပြည်သူများ အားလုံးကိုယ်စား တင်ပြလိုပါကြောင်း။

သို့ဖြစ်ပါ၍ ဖားကန့်ရတနာနယ်မြေရှိ ကျောက်စိမ်းသယံဇာတများကို လက်ရှိမျိုးဆက် အတွက်သာမက နောင်လာမည့် သားစဉ်မြေးဆက်အတွက်ပါ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရန်၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကို ကာကွယ်ထိန်းသိမ်းရန်၊ ဒေသခံပြည်သူများ တရားဝင်အလုပ် အကိုင်နှင့် ဝင်ငွေရရှိရန်၊ တရားမဝင်တူးဖော်ထုတ်လုပ်မှုများကို လျှော့ချတားဆီးနိုင်ရန်နှင့် နိုင်ငံတော် အတွက် အခွန်အခများ စနစ်တကျရရှိစေရန်အတွက် အကြီးစားစက်ယန္တရားများ အသုံးပြုသည့် တူးဖော်ထုတ်လုပ်မှုနှင့် အလတ်စားတူးဖော်ထုတ်လုပ်မှုတို့ကို ခွင့်မပြုဘဲ မြန်မာ့ကျောက်မျက် ရတနာဥပဒေ (၂၀၁၉) ပါပြဋ္ဌာန်းချက်များနှင့်အညီ အသေးစားတူးဖော်ထုတ်လုပ်ခြင်းနှင့် လက်လုပ် လက်စား တူးဖော်ထုတ်လုပ်ခြင်းတို့ကိုသာ ခွင့်ပြုပေးရန် အစီအစဉ် ရှိ မရှိကို မြန်မာနိုင်ငံအတွင်းရှိ ကျောက်စိမ်းလုပ်ငန်းကို မှီခိုရပ်တည်ရှင်သန်နေရသည့် များစွာသော ပြည်သူသန်းပေါင်းများစွာ၏ ကိုယ်စား မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာ၊ ဒုတိယဝန်ကြီး နဦးခင်လတ်ကြီး က   

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေကို ၁၁-၁၀-၂၀၀၁ ရက်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၄၀/၂၀၀၁) သဘောတူညီချက် အရ ယခင်သတ္တုတွင်းဝန်ကြီးဌာန၏ ၁၈-၁၀-၂၀၀၁ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၈၈/၂၀၀၁) ဖြင့် သတ်မှတ်ခဲ့ပါကြောင်း၊  ခေတ်ကာလအလိုက်ပြဋ္ဌာန်းခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ အရ လုပ်ကိုင်ခွင့်ရှိခဲ့သည့် လုပ်ကွက်အမျိုးအစားများသည် ၁၉၉၅ ခုနှစ်၊ မြန်မာ့ကျောက်မျက် ရတနာဥပဒေတွင် ၅ဝ ဧကခန့်ကျယ်ဝန်းသည့် ကျောက်မျက်ရတနာအကျိုးတူလုပ်ကွက်နှင့် တစ် ဧက အကျယ်အဝန်းရှိသည့် ပုဂ္ဂလိကလုပ်ကွက်များကို ချထားပေးခဲ့ပါကြောင်း၊၂၀၀၃ ခုနှစ်၊ မြန်မာ့ ကျောက်မျက်ရတနာဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် လုပ်ကွက်အမျိုးအစားများကို ပြင်ဆင် သတ်မှတ်ခဲ့ခြင်းမရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့်ဥပဒေတွင် ဧကသတ်မှတ်ချက် ဖော်ပြမှုမပါရှိဘဲ လုပ်ကွက်သက်တမ်း အနေဖြင့် အကြီးစားလုပ်ကွက်ကို ၁၀ နှစ်၊ အလတ်စား လုပ်ကွက်ကို ငါးနှစ်၊ အသေးစားလုပ်ကွက်ကို သုံးနှစ် နှင့် လက်လုပ်လက်စားလုပ်ကွက်ကိုတစ်နှစ် သတ်မှတ်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ မြန်မာ့ ကျောက်မျက်ရတနာဥပဒေတွင် အကြီးစားလုပ်ကွက် အတွက် သတ်မှတ်ထားမှု မပါရှိတော့ဘဲ အလတ်စားလုပ်ကွက် တစ်ကွက်ကို ၅ ဧက၊ သက်တမ်း သုံးနှစ်၊ အသေးစားလုပ်ကွက် တစ်ကွက်ကို ၃ ဧက၊ သက်တမ်း နှစ်နှစ်နှင့် လက်လုပ်လက်စား လုပ်ကွက်တစ်ကွက်ကို ၁ ဧက၊ သက်တမ်း တစ် နှစ်ဆို၍ သတ်မှတ်ခဲ့ပါကြောင်း၊ ၁၉၉၅ ခုနှစ်၊ မြန်မာ့ ကျောက်မျက်ရတ နာဥပဒေအရ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေတွင် ခွင့်ပြုခဲ့သည့်အကျိုးတူ လုပ်ကွက်ပေါင်းသည် ၃၀၅ ကွက်နှင့် ပုဂ္ဂလိကလုပ်ကွက် ၇,၃၄၃ ကွက်ကို ၂၀၁၆ ခုနှစ်၊ ဧပြီလမှ စတင်၍ သက်တမ်းတိုး ပေးခြင်းမရှိတော့ဘဲ လစ်လပ်လုပ်ကွက်အဖြစ် စာရင်းသွင်း မှတ်တမ်းတင် ထားရှိခဲ့ရာတွင် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် လုပ်ကွက်အားလုံး၏ လစ်လပ်လုပ်ကွက်များအဖြစ် စာရင်းသွင်း မှတ်တမ်းတင် ထားခဲ့ပြီးဖြစ်ပါကြောင်း။

၂၀၁၆ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေအရ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေသည် သက်တမ်းတစ်နှစ်ရှိသည့် တစ်ဧကအကျယ်အဝန်းရှိ လက် လုပ်လက်စားလုပ်ကွက် ၁၃၂ ကွက်ကို ၂ဝ၁၈ ခုနှစ်တွင် လုပ်ကိုင်ခွင့်ချထားပေးခဲ့သော်လည်း နယ်မြေ လုံခြုံရေး အခြေအနေအရ စီမံခန့်ခွဲမှုလုပ်ဆောင်မှုများ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက်ကြောင့် လက်လုပ် လက်စားများကိုလည်း ထပ်မံချထားပေးခဲ့ခြင်းမရှိပါကြောင်း၊ ဖားကန့်ရတနာနယ်မြေတွင် လက်ရှိအခြေအနေအရ နယ်မြေလုံခြုံရေးတည်ငြိမ်မှုမရှိခြင်း၊ ဘူမိ ဗေဒဖြစ်စဉ်အရ အရည်အ သွေးကောင်းမွန်သည့် ကျောက်စိမ်းဖြစ်ပေါ်လာရန် နှစ်သန်းပေါင်း များစွာ အချိန်လိုအပ်ခြင်း၊ ကျောက်စိမ်း၊ ကျောက်မျက် သယံဇာတများကို နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် သားစဉ် မြေးဆက် ရေရှည်အသုံးပြုနိုင် စေရန်အတွက် ရည်ရွယ်၍ တူးဖော် ထုတ်လုပ်မှုများကို ကန့်သတ် ဆောင်ရွက်ထားခြင်းတို့ကြောင့် ဖားကန့်ရတနာနယ် မြေအတွင်း အသေးစားတူးဖော်ထုတ်လုပ်မှုနှင့် လက်လုပ်လက်စားတူးဖော် ထုတ်လုပ်မှုများကို ခွင့်ပြုပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။