MSMEs ထုတ်ကုန်များ၏ ဈေးကွက်တိုးမြှင့်ရေး၊ အသုံးပြုမှုမြှင့်တင်ရေးနှင့် ရုပ်ရှင်၊ ဗီဒီယို၊ ရုပ်သံ ဇာတ်လမ်းတွဲများတွင် Local Content Policy နှင့် Product Placement Guideline ချမှတ် အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ /မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံ MSMEs ထုတ်ကုန်များ ဈေးကွက်ဝေစုတိုးမြှင့်ရေး၊ ပြည်တွင်းထုတ်ကုန် အသုံးပြုမှုမြှင့်တင်ရေး၊ ရုပ်ရှင်၊ ဗီဒီယို၊ ရုပ်သံဇာတ်လမ်းတွဲများတွင် Local Content Policy နှင့် Product Placement Guideline ချမှတ်ဆောင်ရွက်နိုင်ရန် စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်း သွားမည်ဖြစ်ပါကြောင်း၊ ၎င်းမေးခွန်းသည် မြန်မာ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် နိုင်ငံ့ GDP တိုးတက်ရေး၊ အလုပ် အကိုင်ဖန်တီးရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ပြည်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက် ရှိပါကြောင်း၊ သို့ရာတွင် မြန်မာဈေးကွက်မှာဆိုရင် ပြည်ပအမှတ်တံဆိပ်များ၏ ယှဉ်ပြိုင်မှုများကြောင့် မြန်မာ MSMEs ထုတ်ကုန်များ၏ ပြည်တွင်း ဈေးကွက်ဝေစုမှာ မျှော်မှန်းထားသလောက် မတိုးတက်သည်ကို တွေ့လာရပါကြောင်း၊ ယနေ့ ကမ္ဘာ ပေါ်ရှိ နိုင်ငံအများအပြားသည် မီဒီယာ၊ ရုပ်ရှင်၊ ဖျော်ဖြေရေး ကဏ္ဍများကို အသုံးချပြီး ပြည်တွင်း ထုတ်ကုန်များကို အားပေးမြှင့်တင်လျက်ရှိပါကြောင်း။
ဥပမာအားဖြင့် ကိုရီးယားနိုင်ငံ၏ Content Policy အစီအစဉ်အရ ရုပ်ရှင်၊ ရုပ်သံတွဲ၊ ဒီဂျစ်တယ် မီဒီယာမှတစ်ဆင့် ကိုရီးယားအစားအသောက်များ၊ အဝတ်အထည်များ၊ ဖက်ရှင်များ၊ နည်းပညာ ထုတ်ကုန်များကို ကမ္ဘာ့ဈေးကွက်သို့ အောင်မြင်စွာမိတ်ဆက်ပေးနိုင်သည်ကို တွေ့ရပါကြောင်း၊ ထိုင်းနိုင်ငံ၏ Soft Power Strategy တွင်လည်း ရုပ်ရှင်၊ အနုပညာ၊ အစားအသောက်၊ ဖက်ရှင်နှင့် ယဉ်ကျေးမှုများ မှတစ်ဆင့် ထိုင်းပြည်တွင်းထုတ်ကုန်များ၏ တန်ဖိုးနှင့် နိုင်ငံ၏ပုံရိပ်များကို ကမ္ဘာ့ဈေးကွက်တွင် မြှင့်တင်နိုင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ မလေးရှားနိုင်ငံ၏ Time Malaysian Product Campain ကလည်း ရာစုနှစ်များစွာ ဆက်တိုက်အကောင်အထည်ဖော်လာသည့်အခါ ပြည်တွင်းဈေးကွက်ထုတ်ကုန်များက အစိုးရ၊ ပုဂ္ဂလိကနှင့် မီဒီယာကဏ္ဍများ၏ ဦးစားပေး အသုံးပြု စေခြင်းတို့ကြောင့် MSMEs ထုတ်ကုန်များ ဈေးကွက်သည် ပိုမိုတိုးမြှင့်သွားနိုင်ခဲ့သည်ကို တွေ့ရပါ ကြောင်း၊ ၎င်းအတွေ့အကြုံများအရ ရုပ်ရှင်၊ ဗီဒီယို၊ ရုပ်သံဇာတ်လမ်းတွဲများမှာ ဇာတ်လမ်းနှင့် လိုက်ဖက်ညီသော မြန်မာ့ MSMEs ထုတ်ကုန်များကို သဘာဝ ကျစွာအသုံးပြုခြင်းသည် ပြည်တွင်း ထုတ်ကုန်များ၏ အမှတ်တံဆိပ်တန်ဖိုး၊ စားသုံးသူယုံကြည်မှု၊ ဈေးကွက်ဝေစုနှင့် ပို့ကုန်အလား အလာ တို့ကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့်မိမိရည်ရွယ်သည်က ၎င်းမေးခွန်းသည် ပြန်ကြားရေးဝန်ကြီးဌာနကို ရည်ရွယ်မေးမြန်းခဲ့သော်လည်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနရှိသည့်အတွက်ကြောင့် စက်မှုနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနက တာဝန်ယူဖြေကြားသွားမည်ဖြစ်သည့် အတွက် အောက်ပါမေးခွန်း ၅ ရပ်ကို ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုပါကြောင်း-
မြန်မာ MSMEs ထုတ်ကုန်များကို ရုပ်ရှင်၊ ဗီဒီယို၊ ရုပ်သံဇာတ်လမ်းတွဲများတွင် ဇာတ်လမ်းနှင့် ကိုက်ညီစွာ ဦးစားပေးအသုံးပြုနိုင်ရေး၊ Myanmar Local Content Policy ရေးဆွဲနိုင်ရန်နှင့် ရုပ်ရှင်၊ သဘင်၊ ဂီတဇာတ်လမ်းတွဲများမှာ မြန်မာထုတ်ကုန်များကို သဘာဝကျစွာ ပွင့်လင်းမြင်သာပြီး စားသုံးသူ အကျိုးစီးပွားကို မထိခိုက်စေဘဲ ထည့်သွင်းဖော်ပြနိုင်ရေးအတွက် Myanmar Product Placement Guideline ကို ထုတ်ပြန်ကျင့်သုံးနိုင်ရန် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီများ MSMEs လုပ်ငန်းရှင်များနှင့် ကြော်ငြာလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် MSMEs-Media Partnership Program အကောင်အထည်ဖော်နိုင်ရန် မြန်မာထုတ်ကုန်များကို အသုံးပြုသောရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲ လုပ်ငန်းများအား အခွန်ရန်ပုံငွေ သို့မဟုတ် ဆုချီးမြှင့်ခြင်းအစီအစဉ်များဖြင့် အားပေးရေးမူဝါဒချမှတ် အကောင်အထည်ဖော်နိုင်ရန်နှင့် နောက်ဆုံးမေးခွန်းအနေဖြင့် Made in Myanmar, Buy Myanmar Product အမျိုးသားရေးလှုပ်ရှားမှုကို Media၊ Digital Platform များနှင့်ချိတ်ဆက်၍ ပြည်တွင်း ထုတ်ကုန်များ ဈေးကွက်ဝေစုမြင့်တက်လာစေရေး ဆောင်ရွက်နိုင်ရန်အတွက် ဖော်ပြပါမူဝါဒ ငါးခုကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ရှိ/ မရှိ ကိုသိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။
စက်မှုနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအောင်ဇေယျ က
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျောရိုးတစ်ရပ်ဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်သမ္မတကြီး၏လမ်းညွှန်ချက်များနှင့်အညီ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအနေဖြင့် MSMEs ထုတ်ကုန်များ၏ ဈေးကွက်ဝေစုတိုးမြှင့်ရေး၊ ပြည်တွင်း ထုတ်ကုန် အသုံးပြုမှုမြှင့်တင်ရေး၊ နည်းပညာနှင့် ငွေကြေးဆိုင်ရာအထောက်အပံ့များ ပံ့ပိုးပေးခြင်း တို့ကို အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်များနှင့် ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများမှာ Knowledge Talk Show များ ကျင်းပပြုလုပ်ပေးလျက်ရှိပြီး မြန်မာ့ MSMEs ထုတ်ကုန်များ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားရေး၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေရေး၊ သွင်းကုန်အစားထိုးကုန်ထုတ်လုပ်ငန်းများ ဖြစ်ပေါ် လာစေရေး၊ စံချိန်စံညွှန်းမြင့်မားသော အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်စေရေး၊ ခေတ်မီလှပ သေသပ်သော ထုပ်ပိုးမှုများနှင့်အတူ ဈေးကွက်ဝေစုပိုမိုရရှိစေရေးနှင့် မြန်မာ့ MSMEs ဒေသထုတ်ကုန်များကို တိုင်းသူပြည်သားများပိုမိုသိရှိကြပြီး ဝယ်ယူသုံးစွဲမှု ပိုမိုတိုးတက်လာစေရေးတို့ အတွက် ဆောင်ရွက်ခဲ့သည့်အခါတွင် ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၆ ခုနှစ်၊ စက်တင်ဘာလအထိ တိုင်းဒေသကြီး ပြည်နယ်များတွင် MSMEs ထုတ်ကုန်ပြပွဲ ၂၅၄ ကြိမ်နှင့် MSMEs Knowledge Talk Show များ ၈၉ ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို ၁၀-၂-၂၀၂၅ ရက်နေ့မှ ၁၆-၂-၂၀၂၅ ရက်နေ့ အထိ နေပြည်တော်၊ တပေါင်းကွင်းမှာ ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ပြည်နယ်များမှ ပြခန်းပေါင်း ၉၆ ခန်းတွင် MSMEs ထုတ်ကုန် အမယ်ပေါင်း ၃,၇၄ဝ မျိုးအား ပြသရောင်းချခဲ့ရပြီး ငွေကျပ် ၃.၄ ဘီလီယံကျော်ရရှိခဲ့ကာ ဈေးကွက်ရှာဖွေပေးနိုင်ခဲ့ပါကြောင်း။
အလားတူ ဒုတိယအကြိမ် MSMEs ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ၈-၂-၂၀၂၆ ရက်နေ့မှ ၁၄-၂-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ပြည်နယ် များမှ ပြခန်းပေါင်း ၁၂၉ ခန်းတွင် MSMEs ထုတ်ကုန်အမယ်ပေါင်း ၃,၉၆၃ မျိုးအား ပြသရောင်းချ နိုင်ခဲ့ပြီးငွေကျပ် ၂၆ ဘီလီယံကျော်ရရှိခဲ့ပြီး ဈေးကွက်ဝေစုတိုးမြှင့်ရှာဖွေပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ ပြပွဲ နှစ်ကြိမ်အတွင်း ပြည်သူ ၇၂၂,၉ဝ၁ ဦးတို့ လာရောက်အားပေး ဝယ်ယူအားပေးခဲ့ ကြသည့်အတွက် ပြည်တွင်းထုတ်ကုန်အသုံးပြုမှုကို သိသာစွာမြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ပါ ကြောင်း။
ပြည်တွင်း ပြည်ပစီးပွားရေးချိတ်ဆက်ပေးခြင်း (Business Matching) နှင့်စပ်လျဉ်းပြီး ၂၀၂၅-၂ဝ၂၆ ခုနှစ်အတွင်းတွင် ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန် ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော် နှစ်ကြိမ် ကျင်းပခဲ့သည့်အခါမှာ MSMEs လုပ်ငန်းစီးပွားချိတ်ဆက်ပေးမှု အနေဖြင့် လုပ်ငန်းရှင် ၁,၄၇၀ ဦး၊ ဘဏ်လုပ်ငန်းရှင်များ၊ လက်လီလုပ်ငန်းရှင် ၁၅၃ ဦး၊ စီးပွားရေး သံမှူး ၁၆ ဦး တို့နှင့် တွေ့ဆုံမှုအကြိမ် ၂,၁၃၅ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဈေးကွက်တိုးမြှင့်ရရှိရေး ဆောင်ရွက်ပေး နိုင်ခဲ့ပါကြောင်း၊ အလားတူလုပ်ငန်းကြီးနှင့် လုပ်ငန်းသေးချိတ်ဆက်မှုအနေဖြင့် သီလဝါအထူး စီးပွားရေး ကုမ္ပဏီများက ပြည်တွင်း MSMEs များထံမှ ကုန်ကြမ်းနှင့်ပစ္စည်းများ ဝယ်ယူ ချိတ်ဆက်မှု တွင် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၌ ငွေကျပ် ၇၈,၆၆၃.၂၅ သန်း၊ ၂ဝ၂၆ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ ငွေကျပ် ၄ဝ,၂၆၈.၄၃ သန်း အသီးသီး ရရှိခဲ့ပါကြောင်း။
ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များ အောင်မြင်စေရန်အတွက် MSMEs လုပ်ငန်းများ၏ အရေးပါပုံကို ပြည်သူတစ်ရပ်လုံး ပိုမိုသိရှိနားလည်လာစေရန်ရည်ရွယ်ပြီး ကမ္ဘာ့ MSMEs နေ့ (World MSME Day) အခမ်းအနားကို၂၇.၆. ၂ဝ၂၆ ရက်နေ့မှ ၂၈ .၆.၂၀၂၆ရက်နေ့ အထိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၁) နေပြည်တော်တွင် နိုင်ငံတော်အဆင့် ခမ်းနားစည်ကားစွာ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးဌာန၊ တိုင်းဒေသကြီး ပြည်နယ်၊ အသေးစားစက်မှု လက်မှု လုပ်ငန်းနှင့် အသင်းအဖွဲ့များမှ ထုတ်ကုန်ပြခန်းများ ၁၃၁ ခန်း၊ ထုတ်ကုန်အမယ်ပေါင်း ၂၀,၆၆၂ မျိုး ပြသရောင်းချနိုင်ခဲ့ပြီး စုစုပေါင်းရောင်းချရသည့်တန်ဖိုး ကျပ်သိန်း ၃,၄၀၀ကျော် ရရှိခဲ့ပြီး ဈေးကွက် တိုးမြှင့်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ၊ နိုင်ငံတကာကုန်စည်ပြပွဲများတွင် MSMEs ထုတ်ကုန်များ ပြသရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်ရှိပါကြောင်း၊ မြန်မာ့MSMEsများ နိုင်ငံ တကာ စီးပွားရေးအခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေးနှင့် နိုင်ငံတကာအဆင့်မီ မြန်မာ့ပြည်တွင်း ထုတ်ကုန်များ ပြည်ပ ဈေးကွက်များသို့ ထိုးဖောက်ရောက်ရှိအောင် ချိတ်ဆက်ဆောင်ရွက်ရာတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ အာဆီယံနှင့် တရုတ်-မြန်မာနယ်စပ် ကုန်စည်ပြပွဲများအပါအဝင် နိုင်ငံ တကာ ကုန်စည်ပြပွဲ ၁၀ ခုတွင် MSMEs လုပ်ငန်း ၇၈ ခု ပါဝင်ပြသနိုင်ခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရေး လိုအပ်သော GACC မှတ်ပုံတင်ခြင်းများကိုလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးလျက် ရှိပြီး Myanmar Trade Portal မှတစ်ဆင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးလျက် ရှိပြီး E-commerce နှင့် Digital Trade မြှင့်တင်ရေးကိုလည်း အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း။
MSMEs လုပ်ငန်းများ ခေတ်နှင့်အညီ Digital စနစ်တွင် လိုက်ပါဆောင်ရွက်နိုင်ရေးနှင့် MSMEs ထုတ်ကုန်များ ပြည်တွင်း၊ ပြည်ပဈေးကွက်ဝေစု ပိုမိုရရှိနိုင်စေရေးအတွက် E-Market Place for Myanmar Product Platform (www.emartmmp.gov.mm) ကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး MSMEs လုပ်ငန်း ၂၁၆ ခုမှ ထုတ်ကုန် ၁,၈၄၁ မျိုးအား E-commerce စနစ်ဖြင့် ဈေးကွက်ချိတ်ဆက် ရောင်းချပေးလျက်ရှိပါကြောင်း၊ MSMEs ထုတ်ကုန်များအနေဖြင့် Online ဈေးကွက်သာမက ပုံမှန် အရောင်းဆိုင်ခန်းများဖြင့် တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ MSMEs ထုတ်ကုန်များကို စုစည်းပြသ ရောင်းချပြီး ဈေးကွက် ပိုမိုချဲ့ထွင်နိုင်စေရန် ရည်ရွယ်ပြီး ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း နှင့် ကျိုက်ဝိုင်းဘုရား လမ်းထောင့်၊ အမှတ်(၃၅)မှာ "E-Market Platform ပေါ်ရှိ MSME ထုတ်ကုန် အရောင်းပြခန်း"ကိုလည်း တည်ထောင်နိုင်ခဲ့ပြီး တိုင်းဒေသကြီး ပြည်နယ်များမှ MSMEs လုပ်ငန်း ၁၁၅ ခုမှ ပစ္စည်းအမျိုးအမည် ၅၂၅ မျိုးအား ဆိုင်ခန်းခ အခမဲ့ဖြင့် ဈေးကွက်ချိတ်ဆက် ရောင်းချ ပေးလျက်ရှိပါကြောင်း၊ E-Commerce လုပ်ငန်းမှတ်ပုံတင်စနစ်များ Global Trade Helpdesk Trade 4 MSMEs စသည့် Platform များမှ အခွန်နှုန်းထားနှင့် စည်းမျဉ်းများ၊ နိုင်ငံတကာ ကုန်သွယ်မှု အခွင့်အလမ်းများကို MSMEs လုပ်ငန်းရှင် များထံ အသိပညာပေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
မြန်မာ့ MSMEs ထုတ်ကုန်များကို ရုပ်ရှင်၊ ဗီဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲများတွင် ဇာတ်လမ်း နှင့်ကိုက်ညီစွာ ဦးစားပေးအသုံးပြုနိုင်စေရေးအတွက် National Local Content Policy ကို ရေးဆွဲ ချမှတ်နိုင်ရေးနှင့်စပ်လျဉ်းပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (ဂ) အရ ရုပ်မြင်သံကြားနှင့်အသံလွှင့်ကောင်စီ၏ လုပ်ငန်းတာဝန်များတွင် “ရုပ်မြင် သံကြားနှင့်အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဆွေးနွေး ညှိနှိုင်း၍ လုပ်ငန်းဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲထုတ်ပြန် ခြင်း"ဟုပါရှိပါကြောင်း၊ သို့သော် ယခုအခါ ရုပ်မြင်သံကြားနှင့်အသံလွှင့်ကောင်စီကို ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ဆဲ အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိအခြေအနေတွင် National Local Content Policy ကို ချမှတ်ထားခြင်း မရှိသေးသော်လည်း တိုင်းဒေသကြီး ပြည်နယ်များရှိ ဒေသ အလိုက် MSMEs ထုတ်လုပ်မှုဆိုင်ရာ သတင်း၊ အင်တာဗျူးများ၊ ရုပ်သံမှတ်တမ်းအစီအစဉ်များ၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နိုင်ငံတစ်ဝန်းဖွင့်လှစ် ထားသည့် သတင်းဗျူရိုများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ သတင်းမှတ်တမ်း ရိုက်ကူးရေး အဖွဲ့များဖြင့် ရိုက်ကူးထုတ်လုပ်လျက်ရှိပြီး ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာတို့မှ ရေးသားထုတ်လွှင့် ဖော်ပြပေးလျက်ရှိပါကြောင်း၊ အလားတူ ရုပ်ရှင်နှင့်ရုပ်သံလုပ်ငန်းများတွင် မြန်မာထုတ်ကုန်များကို သဘာဝ ကျကျ၊ ပွင့်လင်းမြင်သာပြီး စားသုံးသူအကျိုးစီးပွားကိုမထိခိုက်စေဘဲ ထည့်သွင်းဖော်ပြနိုင်ရေးအတွက် Myanmar Product Placement Guideline ကို ထုတ်ပြန်ကျင့်သုံး နိုင်ရေးနှင့်စပ်လျဉ်းပြီး ရုပ်သံနှင့်ရုပ်ရှင် လုပ်ငန်းများမှာ မြန်မာ့ထုတ်ကုန်များကို ထည့်သွင်းဖော်ပြ နိုင်ရေး အတွက် Myanmar Product Placement Guideline ကို သီးခြားထုတ်ပြန်နိုင်ခြင်း မရှိသေးသော်လည်း ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီကို ဖွဲ့စည်းပေါ်ပေါက်လာပြီးပါက ကောင်စီမှ ဆက်လက်ဆောင်ရွက်သွားရမည့်ကိစ္စ တစ်ရပ်ဖြစ်ပါကြောင်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၀၆၊ ပုဒ်မခွဲ (ခ) အရ ကောင်စီသည် သက်ဆိုင်ရာ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ရာတွင် ရုပ်မြင်သံကြားနှင့်အသံလွှင့်ကောင်စီ ဖွဲ့စည်းနိုင်ခြင်း မရှိသေးမီကာလအတွင်း Myanmar Product Placement ဆိုင်ရာကိစ္စရပ်များအား ဦးစားပေး ဆောင်ရွက်နိုင်ရေး မိတ်ဖက် ရုပ်သံလွှင့်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။
၂၅-၁၀-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ(၂/၂၀၂၃) အစည်းအဝေး၏ ဆုံးဖြတ်ချက် အရ MSMEs ထုတ်ကုန်များကိုလူသိများစေရန်နှင့် ဈေးကွက်ပိုမိုရရှိနိုင်ရေးအတွက် ရုပ်ရှင်၊ ဗီဒီယို ဇာတ်လမ်းတွဲများတွင် ထည့်သွင်းရိုက်ကူးနိုင်ရေး ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေးများသို့ အသိပေးနိုင်ရေး အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်ဖွဲ့စည်းထားသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (BGB) ၏ လစဉ်ညှိနှိုင်း အစည်းအဝေးများတွင် မြန်မာ့ MSMEs ထုတ်ကုန်များ၊ ဒေသထွက်ကုန်များအား သက်ဆိုင်ရာ ရုပ်မြင်သံကြား အစီအစဉ်များမှာ ဦးစားပေးပြီး ထည့်သွင်း ဖော်ပြနိုင်ရေး ရုပ်သံလွှင့်ကုမ္ပဏီများသို့ နှိုးဆော်တိုက်တွန်း ညှိနှိုင်းအားပေးလျက်ရှိပါကြောင်း၊ ရုပ်ရှင် ဇာတ်လမ်းခွင့်ပြုချက်အတွက် ရုပ်ရှင်ဆင်ဆာ အစည်းအဝေးခန်းများတွင်လည်း မြန်မာ့ MSMEs ထုတ်ကုန်များ၊ ဒေသထွက်ကုန်များအား သက်ဆိုင်ရာ ဇာတ်ဝင်ခန်းနှင့်ပြကွက်များကို ထည့်သွင်းဖော်ပြ နိုင်ရေး ညှိနှိုင်းအားပေးလျက်ရှိပါကြောင်း၊ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီများ၊ MSMEs လုပ်ငန်းရှင်များနှင့် ကြော်ငြာလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် MSMEs-Media Partnership Program ကိုအကောင်အထည်ဖော်ရန်ကိစ္စနှင့်စပ်လျဉ်းပြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီများ၊ MSMEs လုပ်ငန်းရှင် များနှင့်ကြော်ငြာလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကုန်ပစ္စည်း ကြော်ငြာသည့် လုပ်ငန်းများမှာ MSMEs လုပ်ငန်းရှင်များ၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဖြစ်ကြောင်း။
ကုန်ပစ္စည်းကြော်ငြာကိစ္စနှင့်စပ်လျဉ်းပြီး တည်ဆဲရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၇၄ တွင် “ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူသည် ပြည်တွင်းအရင်းအမြစ်များကို အသုံးပြု၍ ကြော်ငြာများရိုက်ကူးထုတ်လုပ်ခြင်းကို အားပေးရမည်"ဟု အတိအလင်း ဖော်ပြထားရှိပြီး ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (BGB)၏ လစဉ်ပုံမှန်ညှိနှိုင်းအစည်းအဝေးများတွင် ပြည်တွင်းရုပ်သံလွှင့်လုပ်ငန်းလုပ်ကိုင်သူများအား ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းများဆောင်ရွက် နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ Product Placement အကောင်အထည်ဖော်မှု အနေဖြင့် မြန်မာ့လက်ဖက်၊ မုန့်ဟင်းခါးနှင့် ဖန်စီလက်ဝတ်ရတနာများ ထည့်သွင်းပြသသည့် “ညမွှေးပန်း ကလေးရဲ့ကျောက်ပုစွန်" ရုပ်ရှင်ဇာတ်ကားနှင့် လက်ဖက်၊ အကြော်စုံထုတ်ကုန်များ ကြော်ငြာပြသသည့် “အမုန်းမြစ်” ရုပ်သံဇာတ်လမ်းတွဲတို့တွင် ပြည်တွင်း MSMEs ထုတ်ကုန်များကို ထည့်သွင်းကြော်ငြာ ပြသနိုင်ခဲ့ပါကြောင်း၊ မြန်မာ့ထုတ်ကုန်များကို အသုံးပြုသော ရုပ်ရှင်နှင့်ရုပ်သံထုတ်လုပ်ရေး လုပ်ငန်းများ အား အခွန်၊ ရန်ပုံငွေ သို့မဟုတ် ဆုချီးမြှင့်ရေးအစီအစဉ်များဖြင့် အားပေးနိုင်မည့်မူဝါဒများ ချမှတ် ဆောင်ရွက်ရန်ကိစ္စနှင့် စပ်လျဉ်းပြီး ရုပ်သံလွှင့်လုပ်ငန်းလုပ်ကိုင်သူများအား ကောင်းမွန်သည့် အစီအစဉ်များ ထုတ်လုပ်မှုနှင့် စပ်လျဉ်း၍ အထက်ဖော်ပြပါ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (ဂ) အရ ရုပ်မြင်သံကြားနှင့်အသံလွှင့်ကောင်စီက ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါသဖြင့် ဥပဒေအရ ကောင်စီပေါ်ပေါက်လာပြီးနောက်ပိုင်းတွင် ကောင်စီက ဆက်လက် ဆောင်ရွက်သွားရမည့်ကိစ္စရပ် ဖြစ်ပါကြောင်း။
"Made In Myanmar" နှင့် "Buy Myanmar Products" အမျိုးသားလှုပ်ရှားမှုကို မီဒီယာ၊ ဒီဂျစ်တယ်ပလက်ဖောင်းများနှင့်ချိတ်ဆက်၍ ပြည်တွင်းထုတ်ကုန်များ၏ ဈေးကွက်ဝေစုမြင့် တက်လာစေရေး ဆောင်ရွက်ရန်ကိစ္စနှင့်စပ်လျဉ်းပြီး မြန်မာ့ထုတ်ကုန်များကို လူသိများစေရေး၊ မြန်မာ့ထုတ်ကုန်များကို ဂုဏ်ယူစွာ အသုံးပြုလာစေရေးနှင့် MSMEs ကဏ္ဍမြှင့်တင်ရေးအတွက် နိုင်ငံပိုင် မီဒီယာများမှ ဇာတ်လမ်းတိုများ၊ အင်တာဗျူးအစီအစဉ်များ၊ Talk Show များ စသည်ဖြင့် အစီအစဉ် များအား ဦးစားပေးထုတ်လွှင့် ပေးလျက်ရှိရာ “ဒေသတစ်ခု ထုတ်ကုန်တစ်ခု” အစီအစဉ်နှင့် ဒေသ အသီးသီးရှိ MSMEs လုပ်ငန်းများအား သွားရောက်ရိုက်ကူးပြီး အင်တာဗျူးများ၊ ဆွေးနွေးပွဲများ၊ Program များဖြင့်လည်းကောင်း၊ တေးသီချင်းများဖြင့်လည်းကောင်း ရုပ်မြင်သံကြား၊ သတင်းစာနှင့် ဒီဂျစ်တယ်ပလက်ဖောင်းများတွင် ဖော်ပြဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ MSMEs ထုတ်ကုန်များကို MRTV-HD နှင့် MRTV Entertainment တို့တွင် အပတ်စဉ် ရုပ်ရှင် ၉ ကား၊ ဇာတ်လမ်းတွဲ ၄ တွဲဖြင့် ထည့်သွင်းအသုံးပြုလျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရိုက်ကူးရေးလျာထားချက်များ အနေဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်း ကျောင်းဆိုင်ရာ ဇာတ်လမ်းတို ၁ ပုဒ်၊ စက်မှု ကုန်ကြမ်းသီးနှံ ဝါ၊ ဝါး၊ ရော်ဘာနှင့် ဆီထွက်သီးနှံ နှမ်း၊ နေကြာ၊ ပဲပုပ်ဆိုင်ရာ အသိပညာပေး ဇာတ်လမ်းတို ၄ ပုဒ်၊ ပြည်တွင်း MSMEs ထုတ်ကုန်အခြေခံရုပ်သံ ဇာတ်လမ်းတွဲ ၃ တွဲ ရိုက်ကူးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယခု မေးမြန်းချက်များကို ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီ ဖွဲ့စည်း ပေါ်ပေါက်လာပါက သက်ဆိုင်ရာဝန်ကြီးဌာနက အသိပေးတင်ပြပေးသွား မည်ဖြစ်ကြောင်း ဖြေကြား ခဲ့ပါသည်။