မင်းလှမြို့နယ်၊ အလယ်ကုန်း-ကန့်လန့်ကုန်းလမ်းအား တာဘောင်ချဲ့ခြင်း၊ ဂဝံခင်းခြင်းနှင့် ၎င်းအပေါ်တွင် ကမ်းကပ်ခုံနှင့် Box Culvert ၂ စင်းတည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ မင်းလှမြို့နယ်သည် ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၄ အုပ်စုနှင့် ရပ်ကွက်၊ ကျေးရွာ စုစုပေါင်း ၆၆ အုပ်စုရှိပြီး ကျေးရွာခွဲ ၂၄၇ ရွာနှင့် ဖွဲ့စည်းထားရှိပါကြောင်း၊ မြို့ပေါ်နှင့် ကျေးရွာ အုပ်စုများသို့ ကူးလူးသွားလာနိုင်သည့်လမ်းများအနက် စိန်ပု-အလယ်ကုန်း-ကန့်လန့်ကုန်းလမ်းသည် အရေးပါသည့်လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ စိန်ပု-အလယ်ကုန်း-ကန့်လန့်ကုန်းလမ်းသည် ပထမအကြိမ် လွှတ်တော်သက်တမ်းကာလ ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် မြေသားလမ်းအဖြစ် စတင်ဖောက်လုပ်ခဲ့သည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဂဝံအပါးခင်းခြင်းနှင့် ကျောက်ပြွန်ချခြင်း၊ ၂၀၁၉ ခုနှစ်မ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ၅ ပေအကျယ် ကွန်ကရစ်တံတားတစ်စင်း တည်ဆောက် ပေးခြင်းတို့ကို ဆောင်ရွက် ခဲ့ပါကြောင်း၊ ကျန်နှစ်များတွင် ပျက်စီးနေသောလမ်းပိုင်းများသည် ဒေသခံ ပြည်သူများမှ နှစ်စဉ် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဂဝံကျောက်မြေများဝယ်ယူဖာထေးပြင်ဆင်ခြင်း တို့ကို ဆောင်ရွက်ခဲ့ ကြပါကြောင်း၊ ၎င်းလမ်းသည် အလယ်ကုန်းကျေးရွာ၊ ကန့်လန့်ကုန်းကျေးရွာ၊ ရှားကုန်းကျေးရွာ၊ ဆင်တဲကုန်းကျေးရွာ၊ တင်းကုတ်စုကျေးရွာနှင့် ကျည်ကုန်းကျေးရွာ စသည့်ကျေးရွာ ကြီးခြောက်ရွာ တွင် မှီတင်းနေထိုင်ကြသူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများအတွက် အသုံးပြု နေသော လမ်းတစ်လမ်းဖြစ်သည့်အပြင် လယ်ဧက ၄၀၀ ကျော်မှထွက်ရှိသည့် စပါး၊ မတ်ပဲ နှင့် ရာသီပေါ်သီးနှံများ၊ တခြားကုန်စိမ်းသီးနှံများ သယ်ယူပို့ဆောင်သည့် လမ်းတစ်လမ်းလည်းဖြစ် ကြောင်း၊ ယခုအခါ ထိုလမ်းသည် သွားလာရန်ခက်သည့်အနေအထားသို့ ရောက်ရှိပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အလယ်ကုန်း-ကန့်လန့်ကုန်း ဌာနအခေါ် စိန်ပု-အလယ်ကုန်း-ကန့်လန့်ကုန်းလမ်းသည် မြေသားတာဘောင်ချဲ့ခြင်းနှင့် ထု ၈ လက်မရှိ ဂဝံ ခင်းပေးရန်အစီအစဉ် ရှိ မရှိ၊ ၎င်းလမ်းပေါ်တွင် ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ် Box Culvert ၂ စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိတို့ကို မဲဆန္ဒရှင်ပြည်သူများကိုယ်စား သိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က
၎င်းလမ်းနှင့်စပ်လျဉ်း၍ ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာ ရေးနှစ်မှစပြီး မြေသားလမ်း ၄.၃ ဖာလုံကို ဂဝံလမ်းခင်းခြင်း စပြီးဆောင်ရွက်နေပါကြောင်း၊ အဆိုပါလမ်းသည် ပြည်ထောင်စုမှ စီမံခန့်ခွဲသည့် Class(C) အဆင့်ရှိသည့် လမ်းဖြစ်ပါကြောင်း၊ ဂဝံလမ်းက ၅ ဖာလုံ၊ မြေသားလမ်းက ၁ မိုင်နှင့် ဝ.၈၈ ဖာလုံ၊ ကွန်ကရစ်ဘီးလမ်းသည် ၂.၁၂ ဖာလုံ စုစုပေါင်း ၂ မိုင်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်ဆိုလျှင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြေသားလမ်း ၄.၃ ဖာလုံကို ကွန်ကရစ်ခင်းခြင်း မိမိတို့ ဆောင်ရွက်ရန်ရှိပါကြောင်း၊ ဆောင်ရွက်ပြီးလျှင် ဂဝံလမ်း ၁ မိုင် ၁.၃ ဖာလုံနှင့် ကွန်ကရစ်ဘီးလမ်း ၂.၁၂ ဖာလုံဖြစ်ပြီး မြေသားလမ်းသည် ၄.၅၈ ဖာလုံသာ ကျန်ရှိမည်ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် မြေသားလမ်း ၄.၅၈ ဖာလုံအနက် ၂.၅ ဖာလုံသည် မိုးတွင်းကာလတွင် သွားလာရန် ခက်ခဲလျက်ရှိပါကြောင်း၊ အဆိုပါလမ်းပိုင်းပေါ်တွင်ရှိသည့် Box Culvert ၂ စင်းသည်လည်း ကြမ်းခင်းများ ပျက်စီးနေပြီး ကြံ့ခိုင်မှုမရှိတော့သည့်အတွက်ကြောင့် ပြုပြင်ထိန်းသိမ်းခြင်းသည် ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်း ကန့်သတ်ရန်ပုံငွေဖြင့် မိမိတို့ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဂဝံလမ်းခင်းခြင်းအတွက် ၁ မိုင်နှင့် ၁.၃ ဖာလုံ အစကနေပြီးတော့ မြေသားလမ်း ၂.၅ ဖာလုံ ဂဝံခင်းခြင်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေတွင် လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။