MY EN

(ည) ဦးထွန်းထွန်းနိုင် (စဉ့်ကိုင်မဲဆန္ဒနယ်)

2026-11-06
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
မေးခွန်း
ဦးထွန်းထွန်းနိုင် (စဉ့်ကိုင် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

စဉ့်ကိုင်မြို့နယ်၊ဧည့်ပြ-မက္ခရာ-ကျွန်းဦး-မကျီးကုန်း-ရွာဘို-မီးသွေးဘုတ် ကျေးရွာချင်းဆက်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပါရန် သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

စဉ့်ကိုင်မြို့နယ်၊ ဧည့်ပြ-မီးသွေးဘုတ် ၇ မိုင်ခန့်ရှိသော ကျေးရွာချင်းဆက်လမ်းအား ကတ္ထရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပါရန် အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းဖြစ်ပါ ကြောင်း။ စဉ့်ကိုင်မြို့နယ်၊ ဧည့်ပြ-မီးသွေးဘုတ်လမ်းပိုင်းသည် ၉ မိုင်ခန့်ရှည်လျားပြီး ဧည့်ပြရွာမှ တစ်ဆင့် အနောက်သို့ သွားမည်ဆိုပါက သပြေရိုး-အုန်းပင်ဉာဏ် ကတ္တရာလမ်းသို့ရောက်ရှိပြီး မီးသွေးဘုတ်ရွာမှတစ်ဆင့် သွားမည်ဆိုပါက  ဘယ်လင်း-ပြင်ဦးလွင်သွားရာလမ်းမကြီးသို့ ချိတ်ဆက်သောလမ်းဖြစ်ပါကြောင်း။ ၉ မိုင် ရှည်လျားသော ကျေးရွာချင်းဆက်လမ်းသည် ၂ မိုင် ကတ္တရာလမ်းအဖြစ်ခင်းထားပြီးကျန် ၇မိုင်ခန့်မှာ မြေကျောက်လမ်းအဖြစ်ခင်းထားသည့် လမ်းဖြစ်ပါကြောင်း။ အဆိုပါ ကျေးရွာချင်းဆက်လမ်းအား ကျေးရွာခွဲပေါင်း ၁၅ ရွာ အိမ်ခြေပေါင်း ၂,၅၆၉ အိမ်၊ လူဦးရေပေါင်း ၁၂,၃၂၅ ဦးတို့ အကျိုးရှိစွာ အသုံးပြုနေသော လမ်းတစ်လမ်းဖြစ်ပါကြောင်း။ လမ်းတစ်လျှောက်လမ်းဘေးဝဲယာတွင် အ.ထ.က(ခွဲ) ၂ ကျောင်း၊ အ.လ.က ၁ ကျောင်း အ.မ.က ၅ ကျောင်း၊ ဘက ကျောင်း ၁ ကျောင်း စုစုပေါင်း ၉ ကျောင်း၊ ကျောင်းသား ကျောင်းသူပေါင်း ၂,၁၄၇ ဦး ပညာသင်ကြားရာတွင် အသုံးပြုနေသော လမ်းမကြီးလည်း ဖြစ်ပါကြောင်း။ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရန်အတွက် အကျိုးရှိစွာအသုံးပြုနေသည့် လမ်းဖြစ်ပါကြောင်း။ လမ်းဘေးဝဲယာ ၃ အုပ်စုမှ ဒေသခံ တောင်သူများသည် စိုက်ပျိုးမြေဧက ၁၅,၆၀၀ ကျော် ထွန်ယက်စိုက်ပျိုးနေသည့် ကုန်ထုတ်လမ်း တစ်လမ်း လည်းဖြစ်ပါကြောင်း။  မိုးတွင်းကာလတွင် ဒုဋ္ဌဝတီမြစ်ရေကြီးခြင်း၊ မြစ်ရေလျှံခြင်းများ ကြုံရသည့် အခါမျိုးမှာ ကယ်ဆယ်ရေးလုပ်ငန်းနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် ဧည့်ပြ-မီးသွေးဘုတ်လမ်း မသာလျှင် အခြားရွေးစရာလမ်းမရှိဘဲ ယခုတင်ပြပါလမ်းကိုသာ အသုံးပြု လျက်ရှိပါကြောင်း။ 

သို့ဖြစ်ပါ၍ ယခုအခါ အဆိုပါလမ်းသည် မိုးတွင်းများ၌ သွားလာရန် ခက်ခဲလျက်ရှိသော ကြောင့် ကျန်ရှိနေသောလမ်းအရှည် ၇ မိုင်ခန့်ရှိသည့် ဧည့်ပြ-မီးသွေးဘုတ်ကျေးရွာချင်းဆက်လမ်း အား အဆင့်မြှင့်ကတ္တရာလမ်း သို့မဟုတ် ရရှိသောဘတ်ဂျက်ပေါ်မူတည်၍ ရာသီမရွေးသွားလာနိုင် သော သင့်တင့်လျောက်ပတ်သော ကောင်းမွန်သောလမ်းတစ်ခုဖြစ်အောင် ဆောင်ရွက်ပေးရန် အစီအစဉ်  ရှိ မရှိ ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး  

            တင်ပြပါလမ်းသည် တိုင်းဒေသကြီးမှ စီမံခန့်ခွဲသည့် Class (B) အဆင့်လမ်းဖြစ်ပါကြောင်း၊ ကတ္တရာလမ်း ၁ မိုင်၊ ၆.၈၃ ဖာလုံနှင့် အမာခံလမ်း ၇ မိုင် ၁.၁၇ ဖာလုံ စုစုပေါင်း ၉ မိုင်ရှိပါကြောင်း၊ အဆိုပါလမ်း ၉ မိုင်တွင် ကတ္တရာလမ်း ၁ မိုင် ၆.၈၃ ဖာလုံ လမ်းပိုင်းသည် အများပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာအသုံးပြုလျက်ရှိပါကြောင်း။ အမာခံလမ်းပိုင်း ၇ မိုင် ၁.၁၇ ဖာလုံအနက် ကျွန်းဦးကျေးရွာနှင့် ညောင်ပင်သာကျေးရွာကြားတွင်ရှိသည့် ၁မိုင်၊ ၁ဖာလုံသည် ကောင်းမွန်ပြီး ကျန် ၆ မိုင် ၀.၁၇ ဖာလုံသည် ပျက်စီးလျက်ရှိပါကြောင်း။ လတ်တလော သွားလာရေး အဆင်ပြေစေရန်အတွက် အမာခံလမ်း ၆ မိုင် ၀.၁၇ ဖာလုံ ဂျင်းခင်းလုပ်ငန်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုပြင်ဆင် ထိန်းသိမ်းခြင်းရန်ပုံငွေ အကန့်အသတ်ဘောင်အတွင်းမှ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။ အမာခံလမ်း အဆင့်မှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်မှစတင်ပြီး တိုင်းဒေသကြီးရန်ပုံငွေတွင် လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း နှင့် ကတ္တရာလမ်းအဖြစ်အဆင့်မြှင့်တင်ခြင်းအား လတ်တလောဦးစားပေး အစီအစဉ်တွင် ပါဝင်ခြင်း မရှိပါကြောင်းမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ဖြေကြားခဲ့ပါသည်။