သီပေါမြို့နယ်၊ အုံမု-ဘော်ကြိုလမ်းမမှ မူးလေးကျေးရွာအထိ လမ်းပိုင်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ အုံမု-ဘော်ကြိုလမ်းမမှ မူးလေးကျေးရွာအထိ သွားလာသောလမ်းပိုင်း အား လက်ရှိဆိုးရွားနေသောလမ်းပိုင်းမှ ရာသီမရွေးသွားလာနိုင်သော ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/ မရှိ မေးမြန်းလိုပါကြောင်း၊ ၎င်းလမ်းပိုင်း တွင် အုံမု-ဘော်ကြိုလမ်းမ မှနေပြီး မူးလေးကျေးရွာသို့ သွားသည့်လမ်းဖြစ်ပြီး လမ်း၏အရှည်သည် ၂ မိုင်နှင့် ၀ ဖာလုံဖြစ်ပါကြောင်း၊ လမ်းအမျိုးအစားသည် Class(A)အဆင့်ရှိသည့် လမ်းဖြစ်ပြီး ရှမ်းပြည်နယ်မှ စီမံခန့်ခွဲသည့်လမ်းပိုင်းဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှပိုင်သည့် လမ်းပိုင်းတစ်ခုဖြစ်ပါကြောင်း၊ လမ်းပိုင်း၏ တည်နေရာသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂,၈၀၀ အထက်မှာရှိသည့် တောင်ပေါ်လမ်းတစ်ခုဖြစ်ပါ ကြောင်း၊ ၎င်းလမ်းပိုင်း၏လက်ရှိအခြေအနေမှာ ၁ မိုင်နှင့် ၅ ဖာလုံက အမာခံလမ်း၊ 2 x 4 ကျောက်ခင်းထားပြီး ၀ မိုင် ၃ ဖာလုံသည် မြေသားလမ်းဖြစ်ပါကြောင်း၊ လက်ရှိအနေအထားတွင် မြေသားလမ်းကို အမာခံလမ်းအဖြစ် ဦးစွာအဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ တချို့ နေရာများတွင် ရေကျော်သည့်နေရာများကို တွေ့ရမည်ဖြစ်ပါကြောင်း။
၎င်းလမ်းကို ရာသီမရွေးသွားလာနိုင်သည့် ဆောင်ရွက်မည့်အဆင့်များကို လုပ်ဆောင်မည် ဆိုပါက ပထမအဆင့်အနေဖြင့် မြေသားလမ်းကို အမာခံလမ်းအဖြစ် အဆင့်မြှင့်တင်ပြီး လမ်း အောက်ခံနှင့် မျက်နှာပြင်ကို သင့်လျော်သည့်စံချိန်စံနှုန်းများနှင့် အဆင့်မြှင့်တင်ရန်လိုပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် လမ်းဘေးဝဲ/ယာရှိ ရေမြောင်းများကိုတူးဖော်ပြီး မိုးတွင်း၌ မိုးရေစီးဆင်းမှု များကို စနစ်တကျ ရေတိုက်စားမှုဘေးကင်းလျှင်လည်း လမ်းပျက်စီးမှုဘေးမှ ကာကွယ်ရန် လိုအပ်ပါ ကြောင်း၊ တတိယအဆင့်အနေဖြင့် အမာခံလမ်းကို ရာသီမရွေးသွားလာနိုင်သည့် ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ရန်လိုသည့်အတွက်ကြောင့် ၎င်းလုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်သွားရန်နှင့် ပြည်နယ်ရန်ပုံငွေကနေဖြစ်စေ၊ ငွေလုံးငွေရင်းအသုံးစရိတ်ကနေဖြစ်စေ အဆင့်ဆင့်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့် လုပ်ငန်းအမျိုးအစားအလိုက် နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းလိုအပ်ချက် များနှင့် ကုန်ကျစရိတ်များကို တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး လုပ်ငန်းဦးစားပေး အဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/ မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ အုံမုမှ ဘော်ကြိုလမ်းမကနေ မူးလေးကျေးရွာ အထိ ကျေးရွာလမ်းသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ပြည်နယ်မှ စီမံခန့်ခွဲသော Class (A) အဆင့်ရှိလမ်းဖြစ်ပါကြောင်း၊ အမာခံလမ်း ၁ မိုင် ၅ ဖာလုံနှင့် မြေသားလမ်း ၃ ဖာလုံ စုစုပေါင်း ၂ မိုင် ရှိပါကြောင်း၊ အဆိုပါလမ်း ၂ မိုင်ကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပြီး ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ဘော်ကြို - မူးလေး လမ်း ၂ မိုင်ကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ပြည်နယ်ရန်ပုံငွေရရှိမှု အပေါ်မူတည်ပြီး လျာထားတင်ပြပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးကောင်းသက်စံ(သီပေါမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။
ယခုလို ဒုတိယဝန်ကြီးအနေဖြင့် ပြည့်ပြည့်စုံစုံရှင်းလင်းဖြေကြားသွားသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း၊ တရားတော်နှင့်အညီပြောရလျှင် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရား၏အခြေခံ များဖြစ်သလို ပြည်သူများ၏ဆင်းရဲပင်ပန်းမှုကို လျော့ပါးစေပြီး အများအကျိုးဖြစ်ထွန်းစေမည့်လမ်း တစ်လမ်းကို ဖောက်လုပ်ပေးခြင်းသည်လည်း အများပြည်သူအတွက် အကျိုးပြုစေသည့် မွန်မြတ် သည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ လမ်းတစ်လမ်းသည် ကျေးရွာနှင့် မြို့များကို ဆက်သွယ် ပေးသည့်လမ်း သာမက ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားအတွက် ဖွင့်လှစ်ပေးသည့် အခွင့်အလမ်းတစ်ခု ဖြစ်ပါကြောင်း၊ လမ်း၏အသက်သည် ခိုင်ခံ့မှုဖြစ်ပြီး ခိုင်ခံ့မှု၏အခြေခံသည် ရေစီးရေလာစနစ်တကျ ရှိခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါလမ်းတွင် ရာသီမရွေး သွားလာနိုင်သည့် ကွန်ကရစ်လမ်းအဖြစ် အဆင့်ဖော်ဆောင်သည့်အခါတွင် မိုးရာသီ၌ ရေစီးဆင်းမှု ပြင်းထန်သည့်နေရာများရှိပါကြောင်း၊ တောင်ပေါ် ဒေသဖြစ်သည့်အတွက် ဖြတ်ကျော်သည့်နေရာ များတွင် ရေကျော်မြောင်းများ၊ တစ်နည်းအားဖြင့် Box Culvert များလည်း တည်ဆောက်ပေးရန်လည်း လိုအပ်ပါကြောင်း။
ယခုလို လမ်းကိုသာခင်းကျင်းပြီး ရေစီးရေလာကို မစီမံနိုင်ဘူးဆိုလျှင် မိုးရေတိုက်စားမှုကြောင့် လမ်း၏ကြံ့ခိုင်မှုက လျော့နည်းပျက်စီးလာနိုင်ပါကြောင်း၊ ၎င်းရေလမ်းကြောင်းကို စနစ်တကျ ပြောင်းပေးနိုင်မှသာလျှင် လမ်း၏သက်တမ်းကို ကြာရှည်စေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လမ်းဖောက် ခြင်းနှင့်အတူ ရေကျော်မြောင်းများကို လိုအပ်သည့်နေရာတွင် ကွင်းဆင်းစစ်တမ်း ကောက်ယူပြီး ရေစီး ရေလာကောင်းမွန်ရေးအတွက် နေရာဒေသအခြေအနေပေါ်မူတည်ပြီး သင့်လျော်သည့် ဒီဇိုင်း၊ အရွယ် အစား၊ ခံနိုင်ရည်ရှိမှုတို့ကို ခင်းကျင်းမည့်လမ်းပေါ်မှာမူတည်ပြီး တစ်ပါတည်း တည်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ /မရှိ ကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်း အား မေးမြန်းပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က
၎င်းလမ်းနှင့်စပ်လျဉ်းပြီး ကျေးလက် လမ်းတစ်လမ်းဆောင်ရွက်မည်ဆိုပါက လမ်း၏ အခြေအနေများနှင့်စပ်လျဉ်းပြီး Box Culvert ပြုလုပ်ရမလား။ Pipe Culvert ပြုလုပ်ရမလား။ လမ်း၏အခြေအနေကို မည်သို့လုပ်ရမလဲ ဆိုသည်ကို အမြဲတမ်းကွင်းဆင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကွင်းဆင်းဆောင်ရွက်ပြီးသည်နှင့် ကွင်းဆင်းဆောင်ရွက်သည့်အပေါ်မူတည်ပြီး ရရှိသည့်ဘဏ္ဍာငွေများကို တင်ပြပြီး လမ်းများခင်းပါကြောင်း၊ လမ်းများခင်းသည့်အခါတွင်လည်း ကိုယ်စားလှယ်တော်ကြီး ပြောသည့် လိုအပ်သည့်လမ်းပျက်စီးမှုအတွက် Pipe Culvert ၊ Box Culvert များကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကနေ လိုအပ်သည့်နေရာများတွင် ဘဏ္ဍာငွေရရှိမှု အပေါ်မှာမူတည်ပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အမြဲတမ်းလည်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထို့နည်းတူ လမ်းတစ်လမ်း ရေရှည်တည်တံ့ခိုင်မြဲရန်ဆိုသည်မှာ လမ်းကို ခင်းပေးသည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအပြင် ၎င်းနေရာဒေသမှာရှိ ကျေးလက်နေ ပြည်သူများ၏တာဝန်ကလည်း အမြဲတမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ဆိုလိုသည့်သဘောမှ ရေသည် သာမန်အားဖြင့် ကိုယ်စားလှယ်တော်ကြီးပြောသလို သာမန် လမ်းအတိုင်းစီးမယ်ဆိုလျှင် Box Culvert အနေအထားအရ မိမိတို့လုပ်ပေးရသည်မှာ မှန်သော် ငြားလည်း တစ်ခါတလေ သဘာဝဘေးအန္တရာယ်ဖြစ်သည့် သစ်ပင်များကျိုး၍ လမ်းကြောင်းများလွှဲပြီး ရေလမ်းကြောင်းများက ပြောင်းသွားတာမျိုးလည်းရှိကောင်းရှိပါကြောင်း၊ ဒီလို လမ်းကြောင်းများ ပြောင်းသွားသည့်အခါ Box Culvert လုပ်ထားသည့်လမ်းကြောင်းထဲကို မဝင်ဘဲ တခြားလမ်းကြောင်း များ ကို ဖြတ်သွားလျှင်လည်း ပြုလုပ်ပေးထားသည် လမ်းမှာ ရေရှည် တည်တံ့ခိုင်မြဲမည်မဟုတ်ဘဲ ပျက်စီးသွားနိုင်ပါကြောင်း၊ ထို့ကြောင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ကိုယ်စားလှယ်တော်ကြီး ပြောသည့်အတိုင်း လိုအပ်သည့်နေရာများကို Box Culvert ၊ Pipe Culvert ၊ တံတားများကို ၎င်းလမ်းရေရှည် တည်တံ့ခိုင်မြဲရန်အတွက် ဆောင်ရွက်ပြီး ရန်ပုံငွေရရှိမှု အပေါ် ဆောင်ရွက်ပေးသကဲ့သို့ ကျေးရွာနေ ပြည်သူလူထုများနှင့် တာဝန်ကျသည့် ကိုယ်စား လှယ်တော်ကြီး များကလည်း ၎င်းလမ်းကို သတ်မှတ်ထားသည့်နှစ်အတိုင်းအတာအထိကို ရေရှည်တည်တံ့ခိုင်မြဲအောင် နိုင်ငံတော်၏ဘဏ္ဍာငွေ မဆုံးရှုံးအောင် ဆက်လက် ထိန်းသိမ်းသွား မှသာ မိမိတို့လမ်းများက ပိုခိုင်ခံ့ပြီး နိုင်ငံတော် ဘဏ္ဍာငွေကိုလည်း ထိန်းသိမ်းရာရောက်ပါကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့်လည်း ကိုယ်စားလှယ်တော်ကြီးပြောသည့် အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။