သဲကုန်းမြို့နယ်၊ လောင့်ကြီးကျေးရွာ၊ ရွာလယ်လမ်းမကြီးအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ လောင့်ကြီးကျေးရွာအုပ်စုတွင် ကျေးရွာခွဲပေါင်း ၇ ရွာရှိပြီး အိမ်ထောင်စု ၉၅၇ စု၊ လူဦးရေ ၃,၀၁၈ ဦးရှိပြီး ၎င်း၏အနီးအနားတွင် ဆင်ကျုံးကျေးရွာအုပ်စုရှိရာ ကျေးရွာခွဲ နှစ်ရွာရှိပြီး ဆင်ကျုံးကျေးရွာအုပ်စုမှာလည်း ၎င်းလောင့်ကြီးလမ်းကို မှီခိုအားထားရပါ ကြောင်း၊ ၎င်း ဆင်ကျုံး-လောင့်ကြီးလမ်းသည် ရွာ၏အရှေ့ဘက်မှ အနောက်ဘက်သို့ သွယ်တန်းနေသည့် ရွာတန်းရှည် တစ်ခုဖြစ်ပါကြောင်း၊ အင်းမ-ဝက်ပုတ်-ပုတီးကုန်း-သဲကုန်းတောရွာ လမ်းတစ်လျှောက် အနောက်ဘက်တွင်ရှိနေသော လောင့်ကြီး-လက်ပံကုန်း-အိုးထိန်းကုန်း-ကိုးတင်းကြမ်းရှိ ကွန်ကရစ် လမ်းခင်းပေး သော်လည်း လမ်း၏အရှေ့ဘက်မှာရှိနေသည့် လောင့်ကြီးလမ်း၊ ဆင်ကျုံးလမ်းသည် မြေညီလမ်းအဖြစ် ကျန်ရှိနေသည်ကို တွေ့ရှိရပါကြောင်း။
၎င်း လောင့်ကြီး-ဆင်ကျုံးလမ်းသည် အရှည်ပေ ၁ မိုင် ၁ ဖာလုံခန့်လိုအပ်နေလျက်ရှိပြီး အကျယ် ၁၈ မိုင်ခန့် ကျယ်ဝန်းပါကြောင်း၊ ၎င်း မြေညီလမ်းကို ဆင်ကျုံး-လောင့်ကြီးမှာရှိနေသည့် ကျေးရွာပြည်သူများ၏ အလှူငွေဖြင့် နှစ်စဉ် ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ CDD အဖြစ် လည်း၂၀၁၉-၂၀၂၀ပြည့်နှစ်တွင် CDD လူထုဗဟိုပြု စီမံကိန်းအဖြစ်လည်း ဆောင်ရွက်လျက်ရှိသည့် အတွက် ၎င်းမြေညီလမ်းသည် ကောင်းမွန်စွာ သွားလာလျက်ရှိပါကြောင်း၊ လောင့်ကြီးအုပ်စု အတွင်းရှိ ပြည်သူများ၊ ရပ်မိရပ်ဖများ၏ တင်ပြချက်အရ ၎င်းလမ်းသည် ပုတီးကုန်းမြို့သို့လည်းကောင်း၊ ပေါင်းတည်မြို့သို့လည်းကောင်း၊ ဆက်သွယ်ထားသည့်လမ်းဖြစ်ပြီး ၎င်းလမ်းပေါ်တွင် သွားလာနေ သည့် ပြည်သူသည် ထောင်ပေါင်းများစွာ အားကိုးအားထားပြုရသည့်လမ်းဖြစ်ပြီး ကုန်ထုတ်လမ်း တစ်ခုလည်း ဖြစ်ပါကြောင်း၊ ဆိုင်ကယ်၊ ထော်လာဂျီများ နေ့စဉ်သွားလာလျက်ရှိသည့် အတွက် လမ်းသည်မိုးတွင်း အခါတွင် ပျက်စီးပါကြောင်း၊ ယခုလို ပွင့်လင်းရာသီတွင် လမ်းကိုပြုပြင်ထားသဖြင့် လမ်းမှ ကောင်းမွန်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ လောင့်ကြီး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ရွာလယ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်တိုးမြှင့်နိုင်ရန် အစီအစဉ် ရှိ/ မရှိကို သိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က
ဆင်ကျုံးလမ်းသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် တိုင်းဒေသကြီးမှ စီမံခန့်ခွဲသော အရှည် ၁ မိုင် ၁ ဖာလုံခန့်ရှိပြီး Class(A) အဆင့်ရှိသည့် မြေနီလမ်းဖြစ်ပါကြောင်း၊ လက်ရှိ လမ်းအခြေ အနေမှာ ကောင်းမွန် လျက်ရှိပါကြောင်း၊ ကျေးလက်လမ်းမဟာဗျူဟာအရ ရာသီမရွေးသွားလာနိုင် သောလမ်းအဖြစ် ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးစားပေးဆောင်ရွက်ရန် များစွာရှိနေသဖြင့် ရန်ပုံငွေရရှိမှုအခြေအနေအရ ကွန်ကရစ်လမ်းအဖြစ် လတ်တလောတွင် အဆင့် မြှင့်တင်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားခဲ့ပါသည်။