MY EN

(ဆ)- ဒေါ်မော်မော်ခိုင်(ဒီးမော့ဆိုမဲဆန္ဒနယ်)

2026-11-04
တတိယအကြိမ်
တတိယ
ပြည်ထဲရေးဝန်ကြီးဌာန
မေးခွန်း
ဒေါ်မော်မော်ခိုင် (ဒီးမော့ဆို မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ခိုးရာပါပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူသည့်ဥပဒေ(၃/၁၉၈၆) ဖြင့် ထိရောက်စွာ အရေးယူပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

လက်ရှိမြန်မာနိုင်ငံ၏ ပဋိပက္ခဖြစ်ပွားရာဒေသများသည် စီးပွားဖြစ်ခိုးယူမှုများကြောင့် နေရပ်ကို ယာယီစွန့်ခွာနေကြရသည့် ပြည်သူများသည် နေအိမ်များမီးလောင်ပျက်စီး၍ နေထိုင်ရာ နေအိမ်မရှိ တော့ ခြင်း၊ နေအိမ်မပျက်စီးသော်လည်း ကျန်ရှိပစ္စည်းများအားလုံး ခိုးယူခြင်းများကြောင့် ပြည်သူ အများစုသည် ဘဝကို တစ်ကနေပြန်စနေကြရခြင်းဖြစ်ပါကြောင်း၊ ပဋိပက္ခများကြောင့် ပျက်စီးဆုံးရှုံးရသည် ကို ဖြေသိမ့်လို့ရသော်လည်း လူ့ပယောဂကြောင့် ခိုးယူခြင်းခံခဲ့ကြရသည်ကို ကျေနပ်မှုမရှိ ကြပါကြောင်း၊ ပြည်သူများပိုင်ဆိုင်သည့်ပစ္စည်းများကို ဈေးဖြတ်၍ ခိုးယူနိုင်အောင် အခွင့်အလမ်းများပေး ခဲ့သည့် ဖြစ်စဉ် များ ရှိခဲ့သည်ကို တင်ပြလိုပါကြောင်း။

မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများတွင် ပြန်လည်နေထိုင်ခွင့်မရသေးသည့် ပြည်သူများ သည် ယနေ့အချိန်အထိ ဘုန်းတော်ကြီးကျောင်းများတွင်လည်းကောင်း၊ နေအိမ်များငှားရမ်း၍လည်း ကောင်း နေထိုင်လျက်ရှိပါကြောင်း၊  မိမိနေထိုင်ရာရပ်ကွက်၊ ကျေးရွာများတွင် ပြန်လည်နေ ထိုင်ခွင့် မရသေးသည့် ပြည်သူများသည် မိမိတို့အိမ်ကို ပြန်လည်ကြည့်ရှုခွင့်ရရန် စာအဆင့်ဆင့် တင်ပြီးမှ သာလျှင် ပြန်ကြည့်ရှုခွင့် ရကြသည်ဖြစ်ပါကြောင်း၊ ပြန်လည်ကြည့်ရှုစဉ် ပစ္စည်းများရှိနေသေး သော်လည်း နောက်ပိုင်းတွင် အိမ်တွင်းရှိ ပစ္စည်းအလုံးစုံ ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့တဲ့အပြင် နေအိမ်မှ သွပ်များ ခွာယူခြင်း၊ တံခါးများဖြုတ်ခိုးခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ထိုဖြစ်စဉ်၏ နောက်ဆက် တွဲများ ကြောင့် ရပ်ကွက်အတွင်း ခိုးရာပါပစ္စည်းများ ရောင်းဝယ်ခြင်း၊ ခိုးရာပါပစ္စည်း အရောင်းဆိုင် များသည် တရားဝင်ရောင်းချခွင့်ရှိသလို ပေါ်ပေါ်တင်တင် ရောင်းလာကြပါကြောင်း၊ ပြည်သူများ ကြားတွင် ခိုးရာပါ ပစ္စည်းများကို အလွယ်တကူဝယ်ယူနေကြသည့်  ဖြစ်စဉ်များရှိနေခြင်းသည် တရားမဝင်မှုကို အားပေးရာ ရောက်နေပါကြောင်း၊ ဝယ်လိုအားကောင်းနေသ၍ ရောင်းလိုအားမြင့် တက်နေခြင်းသည် ထပ်မံခိုး ယူမှုကိုဖြစ်ပေါ်စေရန် တွန်းအားပေးသလိုဖြစ်နေပါကြောင်း၊ ၎င်းဖြစ်စဉ်များ ကြောင့် ဒေသခံ လုပ်ငန်းရှင် များလည်း များစွာအထိနာ ဆုံးရှုံးခဲ့ကြရသည့်အတွက် မိမိဒေသကို စိတ်နာ၍ ပြန်မလာသူများစွာရှိ နေပါကြောင်း၊ အမှားကြာအမှန်ဖြစ်ဆိုသည့် ဖြစ်ရပ်မျိုးမဖြစ်အောင် ထိရောက် သောအရေးယူမှုများ ဆောင်ရွက်ပေးစေလိုပါကြောင်း။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)၊ ပုဒ်မ ၃၅၆ တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်ဖြစ်ပါကြောင်း၊ ပုဒ်မ ၃၅၇ တွင် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ ပါပြဋ္ဌာန်း ချက်များနှင့် မဆန့် ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် တခြား ဆက်သွယ်ရေးဆိုင်ရာလုံခြုံမှုပေးရမည်ဆိုသည်ကိုပါရှိသည့်အတွက် ခိုးရာပါ ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ် ခြင်းကို အရေးယူသည့်ဥပဒေအမှတ် (၃/၁၉၈၆) သို့မဟုတ် ဆက်စပ် ဥပဒေများဖြင့် ထိရောက်စွာ အရေးယူ ဖော်ထုတ်ပေးပါရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က 

ဥပဒေအမှတ် (၃/၁၉၈၆) သည် ဥပဒေကခွင့်မပြုသော စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေဖြင့် ဖြစ်စေ၊ ဥပဒေနှင့်ဆန့်ကျင်၍ ရရှိသော ဝင်ငွေဖြင့်ဖြစ်စေ၊ ဥပဒေနှင့်အညီ အခွန်များကို ပေးဆောင် ခြင်းမပြုဘဲ ထိမ်ချန်ထားသော ဝင်ငွေဖြင့်ဖြစ်စေ ရရှိလာသော ငွေကြေးနှင့်ပစ္စည်းများကို ထိရောက် စွာအရေးယူနိုင်ရန်ရည်ရွယ်၍ တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့်ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူသည့် ဥပဒေပင်ဖြစ်ပါတယ်။  

အဆိုပါဥပဒေ ပုဒ်မ ၂ တွင်  တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့်ပစ္စည်းဆိုသည်မှာ ဥပဒေကခွင့်မပြုသော စီးပွားရေးလုပ်ငန်းမှ ဝင်ငွေဖြင့်ဖြစ်စေ၊ ဥပဒေနှင့်ဆန့်ကျင်၍ ရရှိသောဝင်ငွေဖြင့်ဖြစ်စေ၊ ဥပဒေနှင့်အညီ အခွန်များကိုပေးဆောင်ခြင်းမပြုဘဲ ထိမ်ချန်ထားသော ဝင်ငွေဖြင့်ဖြစ်စေ ရရှိသည့် ပစ္စည်းကိုဆိုလိုသည်ဟု ဖော်ပြထားပါသဖြင့် တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့်ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေးအရေးယူသည့်ဥပဒေဖြစ်ပါကြောင်း၊ ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် ယာယီနေရပ်စွန့်ခွာနေထိုင်ကြသော ပြည်သူများ၏ အိုးအိမ်၊ ပရိဘောဂ၊ စက်ပစ္စည်းများ ခိုးယူခံရခြင်းကိစ္စများအတွက် အဆိုပါဥပဒေဖြင့် အရေးယူ ဆောင် ရွက်နိုင်မည် မဟုတ်ဘဲ ခိုးမှုကျူးလွန်ခြင်း၊ ခိုးရာပါပစ္စည်းလက်ခံခြင်း၊ ရောင်းဝယ်ခြင်း တို့နှင့်စပ်လျဉ်း၍ ရာဇသတ်ကြီးပါ ဥပဒေပုဒ်မများဖြင့် အရေးယူဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံအတွင်းရှိသည့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ယာယီနေရပ်စွန့်ခွာ နေထိုင်ကြ သည့်  ပြည်သူများ၏အိုးအိမ်များ၊ ပရိဘောဂများ၊ စက်ပစ္စည်းများ ခိုးယူခံရပြီးနောက် ခိုးရာပါ ပစ္စည်းများ ရောင်းဝယ်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်သည့်အခါ ရာဇသတ်ကြီးပုဒ်မ ၃၇၈၊ ၃၇၉၊ ၃၈၀ တို့တွင်  ခိုးမှုအင်္ဂါရပ်များနှင့် ခိုးမှုကျူးလွန်ခြင်းတို့အတွက် ပြစ်ဒဏ်များကို အတိအလင်း ပြဋ္ဌာန်း ထားရှိပါကြောင်း၊ ထို့ပြင် ခိုးယူခြင်း၊ ခြောက်လှန့်တောင်းယူခြင်းနှင့် လုယက်ခြင်း၊ ရာဇဝတ်မကင်းသော အလွဲသုံးစားပြုခြင်း၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး၊ ဖောက်ဖျက်မှုကျူးလွန်ခြင်းခံရသော ပစ္စည်းတစ်ရပ်ရပ်သည် ရာဇသတ်ကြီးပုဒ်မ ၄၁၀ ပါပြဋ္ဌာန်း ချက်များအရ ခိုးရာပါပစ္စည်းဖြစ်ပါကြောင်း၊ ခိုးရာပါပစ္စည်းများကို မရိုးမဖြောင့်သောသဘောဖြင့် လက်ခံခြင်း၊ ထိန်းသိမ်းခြင်းပြုသူကို ရာဇသတ်ကြီး ပုဒ်မ ၄၁၁ အရလည်းကောင်း၊ ခိုးရာပါပစ္စည်း အမြဲတစေ ရောင်းဝယ်ဆက်ဆံသူကို ရာဇသတ်ကြီး ပုဒ်မ ၄၁၃ အရလည်းကောင်း၊ ခိုးရာပါပစ္စည်းကို ဝှက်သိမ်းခြင်း၊ စီမံခန့်ခွဲခြင်း သို့မဟုတ် ဖျောက်ဖျက် ခြင်းပြုရာတွင် ကူညီသူကို ရာဇသတ်ကြီး ပုဒ်မ ၄၁၄ အရလည်းကောင်း အရေးယူဆောင်ရွက်နိုင်ပါကြောင်း။

ပြစ်မှုကျူးလွန်သူများအနေဖြင့် ပြစ်မှုကျူးလွန်ရာမှရရှိသော ငွေကြေးအကျိုးအမြတ်ပစ္စည်း များကို တရားဝင်အသွင်သို့ ရောက်ရှိစေရန် လွှဲပြောင်းခြင်း၊ ပြောင်းလဲခြင်း၊ အသွင်ပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်းတို့ကိုပြုလုပ်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက ပြစ်မှုကျူးလွန်သည့် ကာလအလိုက် အကျုံးဝင်သည့် ၂၀၁၄ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၃ နှင့် ၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၈ တို့အရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ပါကြောင်း။

မြန်မာနိုင်ငံအတွင်းရှိသည့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ယာယီနေရပ်စွန့်ခွာ နေထိုင်ကြ သော ပြည်သူများ၏ အိုးအိမ်များ၊ ပရိဘောဂများ၊ စက်ပစ္စည်းများကို ခိုးယူခံရပြီးနောက် ခိုးရာပါ ပစ္စည်းများ ရောင်းဝယ်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ နစ်နာသူကာယကံရှင်များသည် သက်ဆိုင်ရာရဲတပ်ဖွဲ့ စခန်းများတွင် အမှုဖွင့်လှစ်တိုင်ကြားမှုများကိုလည်း အရေးယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဤသို့ဆောင်ရွက်သည့် အခါ ကယားပြည်နယ်တွင် ၂၀၂၅ ခုနှစ်၌ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အရေးယူဆောင်ရွက်သည့် အမှု ၃ မှု၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်ထိ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အရေးယူဆောင်ရွက်မှု ၁ မှု၊ ပဲခူးတိုင်းဒေသကြီးမှာဆိုရင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်ထိ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အရေးယူဆောင်ရွက်သည့်အမှု ၁ မှု စုစုပေါင်း ၅ မှုရှိပါကြောင်း။ 

သို့ဖြစ်ပါ၍ ၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၃ ဖြင့် ပြဋ္ဌာန်းထားသည့် တရား မဝင်သောနည်းလမ်းဖြင့် ရရှိသည့်ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူသည့်ဥပဒေသည် ဥပဒေကခွင့်မပြုသော စီးပွားရေးလုပ်ငန်းမှ ဝင်ငွေဖြင့်ဖြစ်စေ၊ ဥပဒေနှင့်ဆန့်ကျင်ပြီး ရရှိသောဝင်ငွေဖြင့် ဖြစ်စေ၊ ဥပဒေနှင့်အညီ အခွန်များကို ပေးဆောင်ခြင်းမပြုဘဲ ထိမ်ချန်ထားသောဝင်ငွေဖြင့်ဖြစ်စေ ရရှိသည့်ပစ္စည်းများနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြဋ္ဌာန်းထားသည့်ဥပဒေဖြစ်ပါ ကြောင်း၊ ယာယီနေရပ်စွန့်ခွာနေထိုင်ကြရသော ပြည်သူများ၏ အိုးအိမ်များ၊ ပရိဘောဂများ၊ စက်ပစ္စည်းများကို ခိုးယူမှု၊ ခိုးရာပါပစ္စည်းများ လက်ခံရောင်းဝယ်မှုများနှင့်စပ်လျဉ်း၍ ရာဇသတ် ကြီးပါပြဋ္ဌာန်းချက်များဖြင့်သာလျှင် အရေးယူဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် အရေးယူ ဆောင် ရွက်လျက်ရှိပါကြောင်း ပြန်လည်းဖြေကြားခဲ့ပါသည်။