MY EN

(ဂ)-ဒေါ်အေးမြမြကြိုင်(သာကေတမဲဆန္ဒနယ်)

2026-11-04
တတိယအကြိမ်
တတိယ
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
မေးခွန်း
ဒေါ်အေးမြမြကြိုင် (သာကေတ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

အများပြည်သူဆိုင်ရာစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းအား ပွင့်လင်းမြင်သာစွာချပြရန်နှင့် စီမံကိန်းများပြောင်းလဲပါက လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားရယူရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိအနေဖြင့် အမျိုးသားစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ ပုဒ်မ ၁၅ ပါအတိုင်း မြို့နယ်အဆင့်မှ ဝန်ကြီးဌာနအဆင့်အထိ တာဝန်ရှိသူများ အပြည့်အဝပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ  ဥပဒေပြုခြင်း၊ ဘဏ္ဍာငွေစိစစ်ခြင်းနှင့် မဲဆန္ဒနယ်ကို ကိုယ်စားပြုခြင်းတို့ဖြင့် ထိရောက်သည့် အပြန် အလှန်ထိန်းကျောင်းမှု ဆောင်ရွက်နိုင် ရန်ရည်ရွယ်ပြီး မေးမြန်းရခြင်းဖြစ်ပါကြောင်း။ 

ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး စီမံကိန်းဥပဒေတွေအရ ဒေသန္တရ စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် မူလလျာထားချက်အတိုင်း မဆောင်ရွက်နိုင်ဘဲ လမ်း၊ တံတား၊ ရေ၊ မီး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် မြေယာကိစ္စ မပြီးပြတ်ခြင်း၊ မီးတိုင်နှင့်ဆက်သွယ်ရေးတိုင်များ မဖယ်ရှားနိုင်ခြင်းစသည့် အကြောင်းပြချက်များ ကြောင့် တည်နေရာနှင့် အမျိုးအစား၊ စံချိန်စံညွှန်းများ ပြောင်းလဲဆောင်ရွက်နေကြသည်ကို လေ့လာ တွေ့ရှိရပါကြောင်း၊ ဒေသန္တရစီမံကိန်းရေးဆွဲစဉ်က ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု၊ နိုင်ငံ့ GDP တိုးတက် စေမည့် အဓိကကျသည့်ကုန်ထုတ်လမ်းများကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သော်လည်း အောက်ခြေတွင် အကြောင်းအမျိုးမျိုးပြပြီး အမာခံရှိပြီးသား သာမာန်ရပ်ကွက်လမ်းများဆီ ပြောင်းလဲခင်းကျင်း လိုက်ခြင်းသည် နိုင်ငံတော်နှင့်ဒေသအတွက် များစွာနစ်နာဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါကြောင်း၊ အောက်ခြေတွင် သွားရောက်မေးမြန်းသည့်အခါ နိုင်ငံတော်ဘဏ္ဍာငွေများ ပြန်မအပ်ရအောင်၊ မြို့မနာအောင် လုပ်ခြင်းဖြစ်ကြောင်း၊ နောက်နှစ်တွင် ပြန်တောင်းပေးပါမည်ဟု လွယ်လွယ်ပြောတတ်ကြပါကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့်ညီရဲ့လားလို့ မေးလိုက်ပါက ခွင့်ပြုချက်တင်ထားပါတယ်ဆိုပြီး အောက်ခြေတွင် အဆင်ပြေသလိုညှိနှိုင်းဆောင်ရွက်ကြသော်လည်း ခွင့်ပြုချက်အချိန်မီ ရ /မရ မသေချာပါကြောင်း၊ သို့သော် လမ်းမှ ခင်းပြီးသွားပြီဖြစ်ကြောင်း၊ ယခုလိုဆောင်ရွက်ရာ၌ အောက်ခြေတွင် အဆင်ပြေ အောင် လိုက်ညှိပေးသည့်ပုဂ္ဂိုလ်များကို ကျေးဇူးတင်တယ်ဆိုပြီး ဘာတွေနှင့် ဘယ်လိုကျေးဇူးတင် တယ်တော့ ကြားလို့ မကောင်းပါကြောင်း။ 

ပြောတော့ဖြင့် တည်နေရာလေးဘဲ ပြောင်းတာပါလို့ဆိုကြသော်လည်း တကယ့်မြေပြင်တွင် လုပ်ငန်းအရွယ်အစားနှင့် စံချိန်စံညွှန်းများက လုံးဝမတူတော့ပါကြောင်း၊ ကုန်ကားသွားသည့်လမ်းနှင့် Saloon ကားသွားသည့်လမ်းမှာ ဘယ်လိုမှ မတူညီနိုင်ပါကြောင်း၊ ၎င်းကိစ္စနှင့်စပ်လျဉ်းပြီး သာကေတမြို့နယ်၏ သမိုင်းကြောင်းကို အနည်းငယ်ပြောပြလိုပါကြောင်း၊ သာကေတမြို့နယ်ကို ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သာကေတမြို့နယ်၏လိုအပ်ချက်အတွက် ဒေသခံမိဘ ပြည်သူများ၏ ထည့်ဝင်ငွေဖြင့် အထွေထွေရောဂါကုဆေးရုံကြီးကို တည်ဆောက်ခဲ့ပါကြောင်း၊ ခေတ်ကာလအတော်ကြာပြီး အချိန်ကာလတစ်ခုမှာ သာကေတမြို့၏အားကိုးရသည့် အထွေထွေ ရောဂါကု ဆေးရုံကြီးသည် ကိုယ်ထူကိုယ်ထ မိဘပြည်သူများ ပူးပေါင်းပြီး တည်ဆောက်ခဲ့ကြသော် လည်း ကူးစက်ရောဂါဆေးရုံအဖြစ် ပြောင်းလဲသွားပါကြောင်း၊ နိုင်ငံတော်မှ မြို့နယ်အတွက် ဆောက်လုပ်ပေးခဲ့သည့် မြို့တော်ခန်းမကြီးသည် တိုင်းဒေသကြီးလူငယ်စင်တာအဖြစ် ပြောင်းလဲ ပေးခဲ့ရပါကြောင်း၊ သာကေတမြို့နယ် ဒေသခံမိဘပြည်သူများ၏ရင်ထဲမှာ ဆူးများနှင့်အပြည့်ဖြစ် နေကြသော်လည်း နိုင်ငံတော်အတွက်၊ ဒေသအတွက် စေတနာထားပြီး မြိုသိပ်ခံစားရပါကြောင်း၊ သို့သော်လည်း မိဘပြည်သူများ၏စေတနာနှင့် အနစ်နာခံမှုများကို အမှားများနှင့် အလဲအထပ် ထပ်မလုပ်သင့်တော့ဘူးလို့ မြင်ပါကြောင်း၊ တစ်ကြိမ်တစ်ခါမှားခဲ့လျှင် သင်ခန်းစာယူလို့ ရနိုင်သော် လည်း အကြိမ်ကြိမ်၊ အခါခါမှားနေဦးမည်ဆိုပါက မဲဆန္ဒရှင် မိဘပြည်သူများ၏ မျှော်လင့်ချက်ကို ထိခိုက်စေရာရောက်ပါလိမ့်မည်ဖြစ်ပါကြောင်း။ 

ဥပမာဒီဘက်ရပ်ကွက်အတွက် လျာထားသည့်ရေပိုက်သွယ်တန်းရေးဘတ်ဂျက်ကို ဟိုဘက် ရပ်ကွက်ကို ပြောင်းလိုက်တာမျိုးများသည် လုပ်ငန်းလိုအပ်ချက်အရပါလို့ အကြောင်းပြသော်လည်း ဒါတွေသည် ပြည်သူ့ယုံကြည်မှုကို ကျဆင်းစေသည့်အတွက် သမိုင်းသင်ခန်းစာယူပြီး ပြန်လည် စိစစ်သုံးသပ်သင့်သည်ဟု မြင်ပါကြောင်း၊ လွန်ခဲ့သည်များကို ပြန်ပြင်လို့မရသော်လည်း နောက်ထပ် ဒီလိုအမှားများ ထပ်မလုပ်ကြရန် အလေးထား တိုက်တွန်းလိုပါကြောင်း၊ ထို့အပြင် ၂၀၁၂ ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၆၂ တွင် လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့မဲဆန္ဒနယ်နှင့် ဒေသ ဖွံ့ဖြိုးရေးစီမံချက်များ ရေးဆွဲရာတွင်လည်းကောင်း၊ပြည်သူများ၏ သဘောဆန္ဒဖော်ဆောင်ရာတွင် လည်းကောင်း သက်ဆိုင်ရာအာဏာပိုင်များက အလေးထား တိုင်ပင်ရမည့်ပုဂ္ဂိုလ်များဖြစ်ကြောင်း အတိအလင်းပြဋ္ဌာန်းထားရှိသည့်အတွက်ကြောင့် ၎င်းကိစ္စနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန မှ မည်သို့စီစဉ်ဆောင်ရွက်ပေးပါမည်ကို သိလိုပါကြောင်းမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဟန်ဝင်းအောင် က

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) တွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုသည်ဟု ပြဋ္ဌာန်း ထားပါကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူကိုဗဟိုပြုပြီး အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်ရည်ရွယ်ပြီး နှစ်စဉ်အမျိုးသားစီမံကိန်းဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၀၊ ပုဒ်မခွဲ (ခ) အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်လည်းကောင်း၊ ဒေသန္တရစီမံကိန်းဥပဒေ များကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉၀၊ ပုဒ်မခွဲ (ခ) အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့်လည်းကောင်း ပြဋ္ဌာန်းရခြင်းဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားစီမံကိန်းဥပဒေနှင့် ဒေသန္တရစီမံကိန်းဥပဒေများကို လွှတ်တော် ကာလမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ရေးဆွဲပြဋ္ဌာန်းခဲ့ပြီးဖြစ်သော်လည်း ပြည်သူများပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန်အတွက် အမျိုးသားစီမံကိန်းဥပဒေနှင့် နောက်ဆက်တွဲ များကို လွှတ်တော်ကိုယ်စားလှယ်များသို့လည်းကောင်း၊ ဒေသန္တရစီမံကိန်းဥပဒေများနှင့် နောက်ဆက်တွဲ များကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များသို့လည်းကောင်း ဖြန့်ဝေထားရှိပြီးဖြစ်ပါကြောင်း ။

စီမံကိန်းများ တည်နေရာ ပြောင်းလဲခြင်း၊ လုပ်ငန်းအမျိုးအစား၊ စံချိန်စံညွှန်း ပြောင်းလဲခြင်း များနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုအဆင့်၌ ပြောင်းလဲသည့်ကိစ္စရပ်များအတွက် ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိပြီး ဒေသအလိုက်ဆောင်ရွက်မည့် စီမံကိန်းများ ပြောင်းလဲခြင်းတို့အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုမှ တစ်ခုသို့ ပြောင်းလဲဆောင်ရွက် ရမည့်ကိစ္စရပ်များတွင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏သဘောထားများ ရယူခြင်းနှင့် သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်များထံ အသိပေးညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုရန်ပုံငွေရရှိပြီးသော အချို့လုပ်ငန်း များသည် ဒေသအခြေအနေအရလည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ မဖြစ်မနေ ဦးစားပေးဆောင်ရွက်ရန် လိုအပ်လာသည့်နေရာသို့လည်းကောင်း၊ လုပ်ငန်းအမျိုးအစား၊ ဒီဇိုင်းပုံစံများ ပြောင်းလဲခြင်းကြောင့်လည်းကောင်း လုပ်ငန်းတည်နေရာနှင့် လုပ်ငန်းအစီအစဉ်များ ပြောင်းလဲဆောင်ရွက်ရပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဆောက်လုပ်ရေးလုပ်ငန်းစိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း)နှင့် စက်ပစ္စည်း ကြီးကြပ်မှုကော်မတီတို့သို့ သက်ဆိုင်ရာ လုပ်ငန်းအမျိုးအစားအလိုက် သဘောထားမှတ်ချက်များ တောင်းခံခြင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ အဆိုပါသဘောထားမှတ်ချက်များနှင့်အတူ ခွင့်ပြုချက်တောင်းခံခြင်းစသည့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင်ပါရှိသည့် ရန်ပုံငွေလွှဲပြောင်း သုံးစွဲခြင်းနှင့်စပ်လျဉ်းပြီး ပြဋ္ဌာန်းချက်များနှင့် မြန်မာနိုင်ငံ၏ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဆိုင်ရာစည်းမျဉ်း (၃၅/၂၀၁၇) တို့နှင့်အညီဆောင်ရွက်ပြီး ခွင့်ပြုချက်ရရှိပါက လုပ်ငန်းတည်နေရာ ပြောင်းလဲခြင်း၊ လုပ်ငန်းအစီအစဉ်ပြောင်းလဲခြင်းတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း။ 

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် နှစ်စဉ်စီမံကိန်းများ၊ ကာလတိုစီမံကိန်းများနှင့် နှစ်ရှည်ဖွံ့ဖြိုးရေး စီမံကိန်းများကို ရေးဆွဲရာတွင် ပြည်သူကိုဗဟိုပြုပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။ အများပြည်သူနှင့်သက်ဆိုင်သည့် စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံနှင့် အများပြည်သူဝန်ဆောင်မှုများ တိုးတက်ကောင်းမွန် လာပြီး အမှန်တကယ် အကျိုးရှိစေရန်ရည်ရွယ်ပြီး ရပ်ကွက်၊ ကျေးရွာများ၏လိုအပ်ချက်များ၊ ပြည်သူများ၏တင်ပြချက်များ ကဏ္ဍအလိုက်စုစည်းပြီး သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစိစစ် တိုင်းတာတွက်ချက်ခြင်း၊ ဦးစားပေးအစီအစဉ်ရေးဆွဲကာ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများနှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ စီမံကိန်းအကောင်အထည်ဖော်မှုမှာ နှစ်အလိုက်ခွင့်ပြုသည့် လုပ်ငန်းစီမံကိန်းများ လစဉ် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြုလုပ်သည့်အစည်း အဝေးများမှာ ချပြရှင်းလင်းခြင်းနှင့် အများပြည်သူပွင့်လင်းမြင်သာအောင် ချပြရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့များ အနေဖြင့် လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အကြောင်းအမျိုးမျိုး ကြောင့် မူလလျာထားချက်ပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိ၍ လုပ်ငန်း တည်နေရာပြောင်းလဲခြင်းနှင့် လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းစံချိန်စံညွှန်း ပြောင်းလဲခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် စီမံကိန်းရေးဆွဲ အကောင် အထည်ဖော်ရေးကော်မတီ အစည်းအဝေးမှာ ဆွေးနွေးညှိနှိုင်းပြီး လုပ်ထုံးလုပ်နည်းများနှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း (၃၅/၂၀၁၇) တို့နှင့်အညီ ဆောင်ရွက်လျက်ရှိ ကြောင်းကို ဖြေကြားထားသည်ကိုတွေ့ရပါကြောင်း၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့များ အနေဖြင့် လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းများကို တည်နေရာပြောင်းလဲခြင်းနှင့် လုပ်ငန်းအမျိုးအစား၊ စံချိန်စံညွှန်းပြောင်းလဲခြင်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း (၃၅/၂၀၁၇) တို့နှင့်အညီ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများအား ဖိတ်ကြားပြီး ဆောင်ရွက်သွား မည်ဟု ဖြေကြားထားပါကြောင်း။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ ပုဒ်မ ၁၅ တွင်လည်း မြို့နယ်အဆင့် မှစတင်ပြီး တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အပြည့်အဝပူးပေါင်းဆာင်ရွက်ရမည်ဟု ပြဋ္ဌာန်း ထားရှိပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းတည်နေရာများ ပြောင်းလဲခြင်းနှင့် လုပ်ငန်း အမျိုးအစား၊ စံချိန်စံညွှန်းပြောင်းလဲခြင်းများရှိပါက အများပြည်သူသို့ ပွင့်လင်းမြင်သာချပြနိုင်ရေး  အတွက် လွှတ်တော်ကိုယ်စားလှယ်များကိုပါ အသိပေးဖိတ်ကြားဆောင်ရွက်စေမည်ဖြစ်ကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားစီမံကိန်းဥပဒေနှင့် ဒေသန္တရ စီမံကိန်းဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၀၊ ပုဒ်မခွဲ(ခ)နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂ဝ တို့အရ လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉ဝ၊ ပုဒ်မခွဲ (ခ)နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၅၁ တို့အရလည်းကောင်း ရေးဆွဲအကောင်အထည်ဖော်ရေးဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုတင်ပြချက်များနှင့်အညီ ပေါင်းစပ်ဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်း။ 

လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေးများတွင် အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်းပြုနိုင်သည်ဖြစ်ရာ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက် ပေးသည့် စီမံကိန်းများနှင့်စပ်လျဉ်းပြီး လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလာသော မေးခွန်း များကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက ဖြေကြားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စု အစိုးရ အဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂ဝ အရ ပြည်ထောင်စုအစိုးရက ချမှတ်ထားသော မူဝါဒများနှင့်အညီ လိုအပ်သော စီမံကိန်းများရေးဆွဲရာမျာ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြု ချက်ဖြင့် အကောင်အထည်ဖော်ခြင်းဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရများ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၁ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အတွင်း အကောင် အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး စီမံကိန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြင့်လည်းကောင်း၊ နိုင်ငံတော်၏အမျိုးသားစီမံကိန်းဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရက ပြည်ထောင်စုလွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည့်အခါမှာ ပြည်ထောင်စု လွှတ်တော် ပြည်ထောင်စုဆိုင်ရာ နည်းဥပဒေများ နည်းဥပဒေ ၁ဝ၂၊ နည်းဥပဒေခွဲ (ဂ) အရ ၎င်းဥပဒေ ကြမ်းကို နိုင်ငံတော်ပြန်တမ်း တွင် ထည့်သွင်းဖော်ပြရေး ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်သည့် စီမံကိန်းများသည် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားရယူ ပြီး ဖြစ်သည့် အတွက် အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ ချပြထားသည့် စီမံကိန်းများ ဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း။

သို့ဖြစ်ပါ၍ အများပြည်သူနှင့် သက်ဆိုင်သည့် စီမံကိန်းများရေးဆွဲခြင်းနှင့် အကောင် အထည်ဖော်ခြင်း၊ စီမံကိန်းများ တည်နေရာပြောင်းလဲခြင်းနှင့် လုပ်ငန်းအမျိုးအစား၊ စံချိန်စံညွှန်း ပြောင်းလဲခြင်းများဆောင်ရွက်ရာတွင် အများပြည်သူတို့ ပွင့်လင်းမြင်သာစွာ သိရှိစေနိုင်ရန်အတွက် ပြောင်းလဲမည့်စီမံကိန်းများအပေါ်မူတည်ပြီး သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့များသည် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံသို့ အသိပေးညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြား ခဲ့ပါသည်။ 

ဒေါ်အေးမြမြကြိုင်(သာကေတမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။   

    သက်ဆိုင်ရာ ဒုတိယဝန်ကြီးမှ ပြည့်ပြည့်စုံစုံရှင်းလင်းဖြေကြားပေးသွားသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊  တကယ့်အောက်ခြေတွင် အဓိကကျသည့်ကုန်ထုတ်လုပ်ငန်းများနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မည့်စီမံကိန်းကြီးများ ဆုံးရှုံးသွားပြီး အောက်ခြေအဆင့်၌ အဆင်ပြေသလို ပြောင်းလဲ အကောင်အထည်ဖော်လိုက်သည့် လုပ်ငန်းများကြောင့် ပြည်သူ့ဘဏ္ဍာငွေများ ထိရောက်စွာ အသုံး မပြုနိုင်ဘဲ လေလွင့်ပြုန်းတီးမှုများ ဖြစ်ပေါ်နေရဆဲ ဖြစ်ကြောင်း၊ နိုင်ငံတော်၏ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု အမှန်တကယ်တိုးတက်စေရေးကို ရှေးရှုပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အနိမ့်ဆုံးတာဝန်ဖြစ်သည့် မဲဆန္ဒနယ်ကို ကိုယ်စားပြုနိုင်ရန်အတွက် မေးမြန်းရခြင်းဖြစ်ကြောင်း ကို ဖြည့်စွက်တင်ပြလိုပါကြောင်း၊ နိုင်ငံ့ဘဏ္ဍာ၊ ပြည်သူ့ဘဏ္ဍာကို ဘောင်ဝင်အောင်တောင်းပြီး လက်သင့် ရာ သုံးနေတာမျိုးမဖြစ်စေရေးနှင့် တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ကွဲကွဲပြားပြား သတိပြုမိစေရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေနှင့် စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံစာများကို လုပ်ထုံး လုပ်နည်းနှင့်အညီ အဆင့်ဆင့်စိစစ်ကြပ်မတ်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ ကို သိရှိလိုပါကြောင်း၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံစာများကို Real Time, Up to Date သိမ်မွေ့ ထိရောက်စွာ စိစစ်ကြပ်မတ်ဆောင်ရွက်စေခြင်းအားဖြင့် ပြည်သူ့ယုံကြည်မှုကို တည်ဆောက်ပေးရန် ရည်ရွယ်ပြီး မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် အောက်တိုဘာလ ၂၈ ရက်နေ့က နိုင်ငံတော် သမ္မတကြီးက မှတ်ကျောက်တင်ခံနိုင်အောင် ကြိုးစားကြရန်မှာကြားခဲ့ပြီး နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် မိဘပြည်သူများ သာယာဝပြောရေး အတွက် နိုင်ငံ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိ တိုးတက်မှုရရှိအောင် အမြဲကြိုးစားနေခြင်းသည် မည်သူမျှငြင်းမရသည့် အမှန်တရား ဖြစ်ပါကြောင်း၊ နိုင်ငံဘဏ္ဍာနှင့် ပြည်သူ့ဘဏ္ဍာကို ဘောင်ဝင်အောင်တောင်းပြီး လက်သင့်ရာ သုံးနေမည် ဆိုပါက အိတ်ပေါက်နှင့် ဖားကောက်သလို ဖြစ်နေဦးမည်ဟု တင်ပြရင်း ဆက်စပ်မေးခွန်းအား မေးမြန်းခဲ့ပါ သည် ။ 

အဖြေ
အဖြေ

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဟန်ဝင်းအောင် က

၎င်းမေးခွန်းနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များကိုလည်း သဘောထား ရယူပြီး ပေါင်းစပ်ညှိနှိုင်းဖြေကြားထားခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် ပေါင်းစပ် ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်များ အနေဖြင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးတို့သည် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး စီမံကိန်း ပြုပြင်ပြောင်းလဲခြင်း၊ စံချိန်စံညွှန်း ပြောင်းလဲခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းကို ရှင်းလင်း ဖြေကြားထားပြီး ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ လွှတ်တော်ကိုယ်စားလှယ်များသည် ယခုနောက်ပိုင်းတွင် ပူးပေါင်းဆောင်ရွက်သွားမည်အကြောင်းကို ဖြေကြားထားသည်ကို တွေ့ရပါ ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့်လည်း သက်ဆိုင်ရာနယ်မြေအတွင်း စီမံကိန်းများ ပြောင်းလဲမှုရှိလာပါက စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေး များသည် လွှတ်တော်ကိုယ်စားလှယ်ကြီးများအား အထူးဖိတ်ကြား၍ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဖြေကြားထားပါကြောင်း၊ ထို့ကြောင့် နောက်ပိုင်းဆောင်ရွက်သည့် စီမံကိန်းပြောင်းလဲ ခြင်း၊ စံချိန်စံညွှန်းပြောင်းလဲခြင်းများအတွက် ဆက်လက်ဆောင်ရွက်ရန် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် တိုင်းဒေသကြီး၊ ပြည်နယ်များ စီမံကိန်းရေးဆွဲရေးအဖွဲ့များကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။