MY EN

(ခ)-ဦးမဇိုးလောင်ဝီး(လဟယ်မဲဆန္ဒနယ်)

2026-11-04
တတိယအကြိမ်
တတိယ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးမဇိုးလောင်ဝီး( လဟယ် မဲဆန္ဒနယ်) နာဂ အမျိုးသားပါတီ

လဟယ်မြို့နယ်၊ တိုက်ရံချောင်းတွင် ဆိုင်ကယ်ကူးကြိုးတံတားအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

လဟယ်မြို့နယ် အတွင်းရှိ လဟယ်-တိုက်ရံ-ဝေါင်ညိုနောင်-ရောင်ဖွန်ကြားရှိ တိုက်ရံချောင်း ပေ ၃၀၀ ဆိုင်ကယ်ကူး ကြိုးတံတားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ /မရှိနှင့်စပ်လျဉ်းပြီး မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ လဟယ်ကျေးရွာ၊ တိုက်ရံကျေးရွာ၊ ဝေါင်ညိုနောင်ကျေးရွာ၊ ရောင်ဖွန်ကျေးရွာကြားရှိ တိုက်ရံချောင်း ပေ ၃၀၀ ဆိုင်ကယ်ကူးကြိုးတံတားတစ်စင်း ဒေသခံမိဘပြည်သူများအတွက် မဖြစ်မနေဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ တိုက်ရံချောင်းမှာ လဟယ်မြို့နှင့် ကျေးရွာများအကြား အဓိကဆက်သွယ် ထားသော ချောင်းတစ်ခုဖြစ်ပါကြောင်း။ 

အဆိုပါတိုက်ရံချောင်းအား ဆိုင်ကယ်ကူးကြိုးတံတား ဆောင်ရွက်ပေးမည်ဆိုပါက ကျေးရွာပေါင်း ၁၃ ရွာ၊  အိမ်ခြေ ၁,၁၂၅ အိမ်နှင့် လူဦးရေ ၅,၅၀၀ ဦးသောမိဘပြည်သူများအတွက် များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်ပါကြောင်း၊ အဆိုပါတိုက်ရံချောင်းသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်ကတည်းက မိဘပြည်သူများ ခန္တီးမြို့နယ်သို့ ကိုယ်ထူကိုယ်ထ ခြေလျင်ခရီးဖြင့် သွားရောက်ပြီး ကြိုးတံတားကို သုံးညအိပ် လေးရက်ခရီးဖြင့် ပြည်သူများကိုယ်တိုင်သွားထမ်းပြီး ကိုယ့် အား ကိုယ်ကိုးနှင့်တပ်ဆင်ထားသည့် ကြိုးတံတားဖြစ်ပြီး ဒေသခံမိဘပြည်သူများသာမက တာဝန်ကျ ဝန်ထမ်းများပါ ခဲရာခဲဆစ်သွားလာနေရသော ကြိုးတံတားဖြစ်ပါကြောင်း၊ တိုက်ရံကျေးရွာတွင် မူလတန်း(လွန်)ကျောင်းရှိပြီး ၎င်းမူလတန်း(လွန်) ကျောင်းကို တက်ရောက်နိုင်ရန်အတွက် နီးစပ်ရာ ကျေးရွာမှ ကျောင်းသား/ကျောင်းသူများသည် နေ့စဉ် အဆိုပါကြိုးတံတားပေါ်မှာ ခက်ခက်ခဲခဲ ဖြတ်သန်း ပြီး ပညာရေးသင်ကြားနေရသည့်အခြေအနေဖြစ်ပါကြောင်း။

တိုက်ရံချောင်းသည် မိုးရာသီကာလများတွင် ရေစီးသန်ပြီး ရေမြင့်တက်လျက်ရှိပါကြောင်း၊ ဒေသခံ မိဘပြည်သူများ၏ အရေးပေါ်မကျန်းမမာဖြစ်၍ လဟယ်မြို့ဆေးရုံသို့ ပို့ဆောင်ရာတွင် ယာယီကြိုးတံတား ပေါ်မှ ခက်ခက်ခဲခဲ ဖြတ်သန်းသွားလာနေရပါကြောင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီး ရွယ်အိုများ၊ ကျောင်းနေအရွယ်ကလေးများနှင့် အရေးပေါ်လူနာများ အတွက် အသက်အန္တရာယ် စိန်ခေါ်မှုကြီးစွာ ရှိပါကြောင်း၊ တိုက်ရံကျေးရွာတွင် အခြေခံပညာ မူလတန်း(လွန်)ကျောင်းရှိပြီး အနီးဝန်း ကျင်ကျေးရွာမှ ကျောင်းသား ကျောင်းသူများသည် ခက်ခက်ခဲခဲ နေ့စဉ်နှင့်အမျှ အဆိုပါ ချောင်းကို ဖြတ်သန်းသွားလာလျက်ရှိပြီး ၎င်းယာယီကြိုးတံတားပေါ်မှ မတော်တဆပြုတ်ကျ၍ အသက်ဆုံးရှုံးခဲ့ရသော ကလေးငယ်များစွာ ရှိခဲ့ပါကြောင်း၊ ဒေသခံပြည်သူများ၏ ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန်များကို မြို့ပေါ်သို့တင်ပို့ရောင်းချရန်နှင့် မြို့ပေါ်မှ လူသုံးကုန်ပစ္စည်းများ ရွာသို့သယ်ယူရန်အတွက် ချောင်းကိုအခက်အခဲမျိုးစုံဖြင့် ဖြတ်သန်းသွား လာနေရသောကြောင့် ဒေသခံများ၏လူမှုစီးပွားဘဝကို များစွာထိခိုက်လျက်ရှိပါကြောင်း။

၎င်းတိုက်ရံချောင်းအား သမ္မတကြီးဦးသိန်းစိန်လက်ထက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဆားမူမှလည်းကောင်း၊ NLD လက်ထက်တွင်လည်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသက်နောင်မှလည်းကောင်း အသီးသီးမေးခွန်းမေးမြန်း ခဲ့ကြပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်ပြီးမှသာ ဆောင်ရွက်ပေးမည်ဟု ဖြေကြားခဲ့သောကြောင့် ယခုအချိန်အထိ အဆိုပါ ကြိုးတံတားသည် လျာထားခြင်းမရှိသကဲ့သို့ ဆောင်ရွက်ပေးခြင်းလည်းမရှိသောကြောင့် ဒေသခံမိဘ ပြည်သူများ ခက်ခက်ခဲခဲ ရုန်းကန်သွားလာနေရကြောင်း တင်ပြလိုပါကြောင်း၊ နာဂတောင်တန်း၏ ပထဝီ အနေအထားအရ မော်တော်ယာဉ်ကြီးများသွားလာရန် အကန့်အသတ်ရှိသဖြင့် မော်တော်ဆိုင်ကယ် သည် ဒေသခံပြည်သူများ၏ ပင်မသယ်ယူပို့ဆောင်ရေးယာဉ်ဖြစ်ပါကြောင်း။ 

မိမိတို့ ပြည်သူများအနေဖြင့် ဆိုင်ကယ်ကူးကြိုးတံတားအစား ဖြစ်နိုင်လျှင် ကားကူးကြိုးတံတား၊ RC တံတား သို့မဟုတ် သံဘောင်ဘေလီတံတား တင်ပြတောင်းခံချင်သော်လည်း လက်ရှိမြန်မာနိုင်ငံတော် သည် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များစွာ ဆောင်ရွက်နေရသည်ကို သိရှိနားလည်သောကြောင့် စရိတ် သက်သာပြီး အကောင်အထည်ဖော်ရလွယ်ကူသည့် ဆိုင်ကယ်ကူးကြိုးတံတားကိုသာ တင်ပြတောင်းခံ ရခြင်းဖြစ်ပါကြောင်း၊ အဆိုပါကြိုးတံတားအား ဆောင်ရွက်ပေးမည်ဆိုပါက ဒေသခံမိဘပြည်သူများ၏ ရာသီမရွေးသွားလာရေးနှင့် လူမှုစီးပွားဘဝကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ လဟယ်-တိုက်ရံ-ဝေါင်ညိုနောင်-ရောင်ဖွန်ကြားရှိ တိုက်ရံချောင်း ပေ ၃၀၀ ဆိုင်ကယ်ကူး ကြိုးတံတားအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်းဖြင့် မေးမြန်းပါသည်။ 

အဖြေ
အဖြေ

 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က

လဟယ်-တိုက်ရံ-ဝေါင်ညိုနောင်- ရောင်ဖွန်ကြားတွင်ရှိသည့် တိုက်ရံချောင်းကူးတံတားသည် တိုင်းဒေသကြီးမှစီမံခန့်ခွဲသော လမ်းအရှည် ၁၅ မိုင် ၆ ဖာလုံရှိ Class(B) အဆင့်ရှိသည့် လမ်းမပေါ် တွင်တည်ရှိသော ကြိုးတံတားဖြစ်ပါကြောင်း။

ကြိုးတံတားသည် အလျား ၃ဝဝ ပေ၊ အကျယ် ၄ ပေ ရှိပြီး ၂၀၁၂ ခုနှစ်တွင် ကျေးရွာများမှ သစ်သား၊ မျော ၊ ဝါးများဖြင့် ကိုယ်ထူကိုယ်ထတည်ဆောက်ထားသော ကြိုးတံတားတစ်စင်း ဖြစ်ပြီး လက်ရှိအခြေအနေတွင် ဆိုင်ကယ်နှင့်လူများသွားလာရန် အခက်အခဲလည်းရှိပါကြောင်း၊ လတ်တ လော သွားလာမှုအဆင်ပြေစေရန် ပြည်ထောင်စုထိန်းသိမ်းခြင်း ရန်ပုံငွေမှ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လတ်တလော အဆင်ပြေသွားလာနိုင်ရန် အတွက်ဖြစ်ပါကြောင်း၊ ဆိုင်ကယ်ကူး ကြိုးတံတားတည်ဆောက်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း ကြိုတင်လေ့လာမှုကို ဦးစွာဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသနှင့်ကိုက်ညီသော ဒီဇိုင်းကိုရေးဆွဲသွား မည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဖြေကြားချက်အရ ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

ဦးမဇိုးလောင်ဝီး(လဟယ်မဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။

 လာရောက်ဖြေကြားပေးပါသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ လတ်တလော သွားလာလို့အဆင်ပြေအောင် ပြင်/ထိန်းဆောင်ရွက်ပေးမည်ဟု သိရသည့်အတွက်လည်း အများကြီးဝမ်းသာပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် မြေပြင်ကွင်းဆင်းပြီး ဒေသနှင့် ကိုက်ညီသည့်ဒီဇိုင်းကို ရေးဆွဲပြီး ဆောင်ရွက် ပေးမည်ဟု ဖြေကြားပေးသည့်အတွက်လည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီး ရန်ပုံငွေ ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေရရှိမှုအပေါ်မှာမူတည်ပြီး ဆောင်ရွက်ပေးမည်ဟု ဖြေကြားသည့်အခါ ဘဏ္ဍာငွေမရရှိပါက မဆောင်ရွက်ပေးနိုင်ဘူးလို့လည်း အဓိပ္ပာယ်သက်ရောက် ပါကြောင်း။ 

အဆိုပါကြိုးတံတားသည် တစ်ပေကို ၅ သန်း၊ ပေ ၃၀၀ ဆိုလျှင် သန်း ၁၅၀ သာရှိပါကြောင်း၊ ပွင့်ပွင့် လင်းလင်းတင်ပြပါက နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိ မြို့အဝင်မုဒ်ဦး၏ ဘယ်ဘက် တစ်ခြမ်း ကွန်ကရစ်တိုင်၊ ကော်လံတိုင် လေးတိုင်စာတောင် မရှိသည့်ပမာဏဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖြစ်နိုင်မည်ဆိုပါက ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးစေ လိုပါကြောင်းဖြင့် မေးမြန်းပါသည်။ 

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က

ကိုယ်စားလှယ်တော်ကြီးတင်ပြသည့်အတိုင်း တိုင်းဒေသကြီးကနေပြီး စီမံခန့်ခွဲသည့် တံတားဖြစ်သည့်အတွက်ကြောင့် တိုင်းဒေသကြီးအစိုးရကို ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးပြီး ဆောင်ရွက်ပေးရန် ဆက်ပြီး ပြောကြားပေးမည် ဖြစ်ကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။