နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂-၁၁-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပ
MY EN

( င)-ဦးဗန်နီ(ဟားခါးမဲဆန္ဒနယ်)

2026-11-02
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးဗန်နီ (ဟားခါး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဥပဒေမဲ့ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကပိုင်ကျောင်းများအား အရေးယူရန်နှင့် တရားဝင်ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကပိုင်ကျောင်းများအနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ရှိ မရှိ စောင့်ကြည့်ကြပ်မတ်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ယနေ့ကမ္ဘာမှာ နည်းပညာသာလွန်တိုးတက်တဲ့နိုင်ငံတွေရဲ့ ဗိုလ်ကျစိုးမိုးမှု၊ လူမှုစီးပွား၊ စစ်ရေးဆိုင်ရာကဏ္ဍစုံထိန်းချုပ်တာတွေကို ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများ ကြုံတွေ့ခံစား နေရတာ အားလုံးအသိပဲဖြစ်ပါကြောင်း၊ အမှန်တော့ နည်းပညာတိုးတက်တဲ့နိုင်ငံတိုင်းသည် သူ့အလိုလို အချိန်တိုတိုနှင့် ဖြစ်တည်တိုးတက်လာတာမဟုတ်ဘဲ အဆိုပါနိုင်ငံတွေရဲ့ ခိုင်မာထိရောက်တဲ့ ပညာရေးစနစ်တစ်ခုကို အစိုးရနှင့်ပြည်သူ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ထားခြင်းကြောင့် ဖြစ် တာကို လေ့လာသိရှိခဲ့ရပါကြောင်း။ 

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်ရဲ့ပညာရေးကဏ္ဍကို အရှိန်အဟုန်တိုးတက်စေရန်နှင့် နိုင်ငံတကာအဆင့်မီပညာရေးစနစ် တိုးတက်ထွန်းကားစေရန် ရည်ရွယ် ကာ အစိုးရပညာရေးကျောင်းများသာမက ပုဂ္ဂလိကပိုင်ကျောင်းများကိုပါ စနစ်တကျ ဖွင့်လှစ်အကောင် အထည်ဖော်နိုင်စေရန် ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၄)၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၅၀/၂၀၂၃)တို့ဖြင့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ခြင်းကိုပင် ပုဂ္ဂလိကပညာရေးဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ ဥပဒေပေါ်ပေါက်လာရသည့်အကြောင်းရင်း နှင့် ရည်ရွယ်ချက်မှာ နိုင်ငံတော်၏အနာဂတ်အတွက် မျှော်တွဲရည်ရွယ်ဖော်ဆောင်ထားခြင်းဖြစ်သော် လည်း မြေပြင်လေ့လာတွေ့ရှိမှုများအရ ဥပဒေပြဋ္ဌာန်းချက်များနှင့်မကိုက်ညီဘဲ တရားမဝင်ဖွင့်လှစ် ထားသောကျောင်းများသည် စီးပွားရေးလုပ်ငန်းများအသွင် များပြားဖောင်းပွလျက်ရှိသလို တရားဝင် ဖွင့်လှစ်ထားသော ကိုယ်ပိုင်ကျောင်းကလည်း ဥပဒေညွှန်ကြားချက်များ လိုက်နာဆောင်ရွက်မှု အားနည်းနေကြောင်းကို တွေ့ရှိရပါကြောင်း။ 

ယခုမေးခွန်းကိုတင်ပြခဲ့သည်မှာ လေးလခန့်ကြာမြင့်ပြီဖြစ်၍ အဆိုပါကာလအတွင်း တရားမဝင်ပြဋ္ဌာန်းချက်များနှင့်မကိုက်ညီဘဲ ဖွင့်လှစ်ထားတဲ့ကိုယ်ပိုင်ကျောင်းများကို နိုင်ငံတော်မှ စတင်အရေးယူဆောင်ရွက်လျက်ရှိနေတဲ့ အခြေအနေများကို တွေ့ရှိရတဲ့အတွက် ပြည်ထောင်စုအစိုးရ အား ကျေးဇူးတင်အသိအမှတ်ပြုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးကို အဘက်ဘက်မှ အလေးပေးအကောင်အထည်ဖော်မှုဆောင်ရွက်လျက်ရှိသော်လည်း တချို့သောဒေသများမှာ ကြပ်မတ်စစ်ဆေးမှုအားနည်းနေသေးခြင်းကြောင့် နိုင်ငံတော်ရဲ့ပညာရေးရည်မှန်းချက်များကို သွေဖြည်နှောင့်နှေး စေလျက်ရှိပါကြောင်း။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆင့်မြင့်ပုဂ္ဂလိကပိုင်အခြေခံကျောင်း အရေအတွက် များပြားလာခြင်းသည် ထိရောက်ကောင်းမွန်တဲ့ ပညာရေးစနစ်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်သော်လည်း ဥပဒေကျော်လွန်ကာ ပုဂ္ဂလိကပိုင်ကျောင်းအရေအတွက် ဖောင်းပွများပြားစွာ ဖွင့်လှစ်ခြင်းသည် အနာဂတ်နိုင်ငံတော်အတွက် ဆိုးကျိုးများဖြစ်စေနိုင်ကြောင်း၊ ပညာရေး ကဏ္ဍအသီးသီးတွင် ကိုယ်ပိုင်ကျောင်း သို့မဟုတ် ပုဂ္ဂလိကကျောင်းများ စနစ်တကျဖွံ့ဖြိုးပြီး နိုင်ငံတကာ အဆင့်မီပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရန်ရည်ရွယ်၍ ဥပဒေမဲ့ဖွင့်လှစ် ထားသော ပုဂ္ဂလိကပိုင်ကျောင်းများအား စိစစ်ဖော်ထုတ်အရေးယူရန်နှင့် တရားဝင်ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကပိုင် ကျောင်းများအနေဖြင့်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ရှိ မရှိ၊ စောင့်ကြည့် ကြပ်မတ်ရန် အစီအစဉ် ရှိ မရှိသိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

 

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ၊ ဦးနေမျိုးလှိုင်က

          တရားဥပဒေမဲ့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းအရေအတွက် များပြားစွာ ဖွင့်လှစ်ခြင်းများကို စိစစ်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ ပုဒ်မ ၅၇ တွင် မည်သူမျှ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းမှတ်ပုံတင်လက်မှတ်မရှိဘဲ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို တည်ထောင်ဖွင့်လှစ်ခြင်းမပြုရဟုတားမြစ်ပြဋ္ဌာန်းထားပါကြောင်း၊ယင်းဥပဒေ၏ပုဒ်မ၇၀ပြဋ္ဌာန်းချက် ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ အများဆုံး နှစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း။ 

ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းမရှိဘဲ တရားမဝင်ဖွင့်လှစ်နေတဲ့ ကျောင်းများကို တိုင်ကြားလာမှုအပေါ် ဒေသဆိုင်ရာ ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးများက အဆင့်ဆင့်စိစစ်ကြီးကြပ်လျက်ရှိပြီး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းအရ တရားစွဲဆိုအရေးယူထားသော ကျောင်း ခြောက်ကျောင်းရှိပြီး ဒီလိုအရေးယူဆောင်ရွက်တဲ့အခါမှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ မြို့နယ်ဥပဒေရုံးများ၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

တရားဝင်ဖွင့်လှစ်ထားပေမယ့် ဥပဒေသတ်မှတ်ချက်များနှင့်အညီ စနစ်တကျရှိစေရန်အတွက် ပုဂ္ဂလိကကျောင်းများသည် ၂၀၂၃ ခုနှစ် ပုဂ္ဂလိကပညာရေးဥပဒေ ပုဒ်မ ၂၈၊ ၃၀၊ ၃၁၊ ၃၂၊ ၃၃၊ ၃၄ ပါ ပြဋ္ဌာန်းချက်များကိုလည်း လိုက်နာရမှာဖြစ်တဲ့အပြင် ၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိက ပညာရေးဥပဒေ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)တွင် အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာ (၁၆/၂၀၂၃) ကိုလည်း လိုက်နာရမှာ ဖြစ်ကြောင်း၊  လိုက်နာရန် ပျက်ကွက်ပါက ၂၀၂၃ ခုနှစ်၊ပုဂ္ဂလိကပညာရေးဥပဒေပုဒ်မ ၅၁ အရ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များ အဖြစ်-

(က)    စာဖြင့်သတိပေးခြင်း၊

(ခ)     ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊

(ဂ)     ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းမှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ် ဖြင့် ရပ်ဆိုင်းခြင်း၊

(ဃ)    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းမှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်း၊

(င)     ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းမှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ပြီး အမည်ပျက် စာရင်းထည့်သွင်းခြင်း စတဲ့ပြစ်ဒဏ်များကို ချမှတ်နိုင်ကြောင်း၊

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အခြေခံပညာဦးစီးဌာန၊ တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ ဒေသဆိုင်ရာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့တို့က အနီးကပ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့၏ အမိန့်ကြော်ငြာစာ (၁၆/၂၀၂၃)၊ အပိုဒ် ၃၊ အပိုဒ်ခွဲ(င) အရ လက်မှတ်(Certificate)အပ်နှင်းပါက စင်တာဟု ပြဋ္ဌာန်းထားတဲ့ အတွက်ကြောင့် ပုဂ္ဂလိကကျောင်း (စင်တာ) မှတ်ပုံတင်လက်မှတ်ရရှိထားတဲ့ကျောင်း တစ်ကျောင်း ကိုလည်း သတ်မှတ်ပေးထားတဲ့ ခိုင်လုံတဲ့အနေအထားမရှိတဲ့အတွက်ကြောင့် ပိတ်သိမ်းနိုင်ရန် အတွက် မှတ်ပုံတင်လက်မှတ်ပယ်ဖျက်ထားကြောင်း ။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အမျိုးသားသင်ရိုးညွှန်းတမ်းဖြင့်သင်ကြားမည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအခြေခံပညာကျောင်းမှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားလာတဲ့ တိုင်းဒေသကြီး ပြည်နယ်များမှ ပုဂ္ဂလိကကျောင်းတွေကို ကွင်းဆင်းစစ်ဆေးစိစစ်ရန်လည်း ညွှန်ကြာရေးမှူးချုပ်များ ဦးဆောင်တဲ့ အထူး စိစစ်ရေးအဖွဲ့ ၁ဝ ဖွဲ့ကိုဖွဲ့စည်းပြီး တာဝန်ပေးအပ်၍ ပြီးခဲ့တဲ့နှစ်မှာ အသေးစိတ်  စိစစ်ဆောင်ရွက် စေခဲ့ပြီး ကွင်းဆင်းစိစစ်ရေး အထူးစိစစ်ရေးအဖွဲ့ ၁၀ ဖွဲ့မှ စစ်ဆေးတဲ့ကျောင်း ၂၄၆ ကျောင်း အနက် ကိုက်ညီတဲ့ ၂၃၈ ကျောင်းကို ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း။

ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ခွင့်ပြုခဲ့တဲ့ အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကကျောင်း များ၊ နိုင်ငံတကာသင်ရိုးညွှန်တမ်းသင် ပုဂ္ဂလိကကျောင်းများတွင် သင်ကြားရေးတာဝန်ထမ်းဆောင် နေတဲ့ ပုဂ္ဂလိကကျောင်း ဆရာ ဆရာမများနှင့် စီမံဝန်ထမ်းများ၊ သူတို့ကိုလည်း  DCS ပြုလုပ်ထားတဲ့ ဆရာ ဆရာမများ သင်ကြားမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ပြီးတော့ စာသင်ကြားခြင်းတွေ့ရှိ မည်ဆိုရင် ကျောင်းများကို အရေးယူနိုင်ရန်လည်း အလေးထားဆောင်ရွက်လျက်ရှိကြောင်း။

ကိုယ်ရေးမှတ်တမ်းတွေ တင်ပြတဲ့အခါမှာလည်း ယခင်ပညာရေးဝန်ထမ်းအဖြစ် ဆောင်ရွက် ထားတဲ့အခြေအနေ၊ DCS ပြုလုပ်ထားခြင်းရှိ မရှိ ဝန်ခံချက်၊ ဘွဲ့လက်မှတ် မှတ်တမ်းမိတ္တူတွေနဲ့ ကာယကံရှင်နှင့် သက်ဆိုင်ရာကျောင်းတည်ထောင်သူတွေက မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုး ပြီး ကျောင်းအလိုက်စုစည်းကာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့သို့ ပေးပို့ ကြပ်မတ်ဆောင်ရွက်စေလျက်ရှိပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေမဲ့ လုပ်ထုံးလုပ်နည်းနှင့် မညီဘဲအတန်းကျော်လွန်တက်ရောက်ခွင့်လုပ်နေတဲ့ အခြေအနေတွေကိုစိစစ်တွေ့ရှိမည်ဆိုရင်ပုဂ္ဂလိက ပညာရေးဥပဒေ ပုဒ်မ ၅၁ အရ စီမံခန့်ခွဲရေးနည်းလမ်းအတိုင်း ပြစ်ဒဏ်ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများကို စနစ်တကျရှိစေရေး အလေးထား ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။