သာကေတမြို့နယ်အတွင်း 11 KV Feeder Line များ၊ 400 V Line များနှင့် Transformer များကို အပိုင်းလိုက် အသစ်လဲခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို လက်ရှိဘဏ္ဍာရေးနှစ်နှင့် လာမည့်ဘဏ္ဍာရေးနှစ်အတွင်း မည်သို့စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
သာကေတမြို့နယ်အတွင်း ဒေသခံမိဘ ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြလိုပါကြောင်း၊ သာကေတမြို့နယ်သည် ဂတ်စ်တာဘိုင်ဓာတ်အား ပေးစက်ရုံကြီးများ တည်ရှိနေပါလျက်နှင့် မိဘပြည်သူများသည် ဖောင်စီးရင်း ရေငတ်သကဲ့သို့ လျှပ်စစ်မီးအလှည့်ကျပေးဝေရာတွင် တည်ငြိမ်မှုမရှိဘဲ မကြာခဏမီးပြတ်တောက်မှု များနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါကြောင်း၊ မီးလာရမည့်အချိန်တွင် အမှန်တကယ်မီးမလာခြင်း၊ မီးမကြာ ခဏပြတ်တောက်ခြင်းများကြောင့် ဖြစ်ပါကြောင်း၊ မီးအလှည့်ကျပေးဝေခြင်းကို မိဘပြည်သူများ သည် နားလည်လက်ခံနိုင်ကြပါကြောင်း၊ မြို့နယ်အတွင်းရှိသည့် အထပ်မြင့်အိမ်ရာများတွင် မီးသွေး၊ ထင်း သုံးစွဲရန်မဖြစ်နိုင်သလို လျှပ်စစ်မီးမမှန်သဖြင့် ရေမော်တာများ မောင်းနှင်နိုင်မှုမရှိဘဲ သောက်သုံးရေ ပြတ်လပ်မှုများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ထို့အပြင် မိုးရာသီ မိုးသည်းထန်စွာရွာသွန်း ချိန်တွင် လျှပ်စစ်မီးပြတ်တောက်သွားလျှင် စည်ပင်ရေစုပ်စက်နှင့် ရေတွန်း စက်ကြီးများ မမောင်းနိုင် သဖြင့် မြေအနိမ့်ပိုင်းတွင်ရှိသည့် ရေဆိုး၊ ရေညစ်များ မထွက်နိုင်ဘဲ မိဘပြည်သူများ ရေကြီးရေလျှံမှု ဘေးဒဏ်ကို ဆိုးရွားစွာခံစားနေကြရပါကြောင်း၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာနှင့် အောက်ခြေဝန်ထမ်း များအနေဖြင့် စေတနာထားဆောင် ရွက်ပေးကြ သော်လည်း ဓာတ်အားဖြန့်ဖြူးရေးစနစ်၏ ဝန်နှင့်အား မမျှတမှုကြောင့် မိဘပြည်သူများ သက်သာ ရာမရရှိသေးဘဲဖြစ် နေရပါကြောင်း။
မီးအလှည့်ကျ မီးပေးမည့်အချိန်သည် အချိန်ဇယားကို မိဘပြည်သူများသိရှိအောင် ပွင့်လင်းမြင်သာစွာ ကြိုတင်ကြေညာပေးရန်နှင့် ကြေညာထားသည့် အတိုင်း တိကျစွာပေးဝေရန် မဲဆန္ဒရှင်မိဘပြည်သူများမှ မျှော်လင့်လျက်ရှိပါကြောင်း၊ နောက်တစ်ချက်သည် မီတာဖတ်စာရေးများ လစဉ်အချိန်မှန်မဖတ်နိုင်ဘဲ လအတန်ကြာမှ ကွာခြားယူနစ်များကိုပါ စုပေါင်း ကောက်ခံမှုရှိခဲ့လျှင် ယူနစ်နှုန်းထားတိုးမြှင့်သွားပါသဖြင့် မိဘပြည်သူများ ငွေကြေးဝန်ထုပ်ဝန်ပိုးဒဏ် ကြီးမားစွာကြုံ တွေ့နေရခြင်းဖြစ်ပါကြောင်း၊ ထိုဝန်ထုပ်ဝန်ပိုးများကို လျှော့ချနိုင်ရန်အတွက် နိုင်ငံတော်မှ Smart Meter များ တပ်ဆင်ပေးနေမှုကို သိရှိရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကြိုလည်းကြိုဆို ပါကြောင်း၊ Smart Meter များနှင့်အတူ Smart Distribution Plan ကိုပါ ပူးတွဲအကောင်အထည် ဖော်ရန် လိုအပ်နေပါသေးကြောင်း။ ၎င်းနေရာတွင် အလျဉ်းသင့်တင်ပြလိုသည်မှာ Smart Meter နှင့် Smart Distribution Plan ကိုသေချာစွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်လျှင် မိဘပြည်သူများ အမှန်တကယ်အသုံးပြုနေသည့် မီတာခကို အတိအကျပေးဆောင်ရမည်ဖြစ်၍ နိုင်ငံတော်အနေ ဖြင့်လည်း ဓာတ်အားဆုံးရှုံးမှု အနည်းဆုံးဖြစ်သွားပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိနိုင်သော အနေအထားကို ရရှိမည်ဖြစ်ပါကြောင်း။
တတိယအချက်အနေဖြင့် အမျိုးသားစီမံကိန်းပါ မူဝါဒများနှင့် ယှဉ်တွဲတင်ပြလို ပါကြောင်း၊ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းပါ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လုပ်ငန်းစဉ် (၇) နှင့် (၈)တို့တွင်ပြည်သူများ လျှပ်စစ်ဓာတ်အားရရှိရေး၊ ဓာတ်အားဖြန့်ဖြူးမှုစနစ်များ အဆင့်မြှင့်တင်ရေး၊ ဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးနှင့် 11 KV Line များ၊ 400 V Line များ၊ ထရန်စဖော်မာများ တိုးချဲ့တည်ဆောက်ရေးတို့ကို တိကျစွာဖော်ပြထား ပါကြောင်း၊ ဓာတ်အား လိုင်းအနေနှင့် ထရန်စဖော်မာများသည် အများပြည်သူကို ဝန်ဆောင်မှုပေးရသည့် နိုင်ငံပိုင်၊ ဌာနပိုင်၊ Public Infrastructure များဖြစ်သည့်အတွက် ဝန်ကြီးဌာနမှ တာဝန်ယူရမည် ဖြစ်၍ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေနှင့် မလုံလောက်လျှင် ပြည်ထောင်စုထောက်ပံ့ဘဏ္ဍာရန်ပုံငွေ မှ ကျခံပေးပါရန် အရေးတကြီးလိုအပ်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ သာကေတမြို့နယ် မိဘပြည်သူများ၏ ကိုယ်စား လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးထံသို့ အဓိကမေးခွန်း နှစ်ခု မေးမြန်းလိုပါကြောင်း-
(က) သာကေတမြို့နယ်အတွင်းရှိသည့် 11 KV Feeder Line များ၊ 400 V Line များနှင့် ထရန်စဖော်များကို Sectional Replacement အပိုင်းလိုက်ပြုပြင်ခြင်း သို့မဟုတ် Upgrading အဆင့်မြှင့်တင်ခြင်း ပြုလုပ်ပေးပါရန်၊
(ခ) လက်ရှိဘဏ္ဍာရေးနှစ်နှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွင်း မည်သို့စီစဉ်ဆောင်ရွက် ပေးသွားရန် အစီအစဉ် ရှိ မရှိနှင့် တိုင်းဒေသကြီးဘဏ္ဍာငွေဖြင့် ဆောင်ရွက်ရန် ရန်ပုံငွေလုံလောက်မှုမရှိသောကြောင့် ပြည်ထောင်စုထောက်ပံ့ဘဏ္ဍာရန်ပုံငွေ ချထား ပေးရန် အရေးတကြီးလိုအပ်နေပါသဖြင့် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ သိရှိ လိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့၏ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဆိုသည့်ဆောင်ပုဒ်နှင့်အညီ သာကေတမဲဆန္ဒနယ် မိဘပြည်သူများ၏ သာယာဝပြောရေးနှင့် လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာရရှိရန်အတွက် အလေးထား စီစဉ်ဆောင်ရွက်ပေးပါရန် မေးမြန်းခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က
သာကေတမြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၅.ဝ၄၂ မိုင်ကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း ၁၉ ရပ်ကွက်၊ အိမ်ထောင်စု ၄၆,၃၅၀ စု၊ လူဦးရေ ၂၀၅,၉၈၂ ဦး၊ မီးသုံးသူအနေဖြင့် ၅၅,၀၄၅ ဦးရှိပြီး သာကေတမြို့နယ်အတွင်း၌ ဌာနပိုင်အနေနှင့် ဓာတ်အားခွဲရုံများဖြစ်သည့် 66KV ဓာတ်အားခွဲရုံ တစ်ရုံ၊ 33kV ဓာတ်အားခွဲရုံ သုံးရုံနှင့် 11-6.6/0.4kV ထရန်စဖော်မာ ၂၉၁ လုံးဖြင့် ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိပါကြောင်း၊ သာကေတမြို့နယ်အတွင်း၌ မြို့ပြဖွံ့ဖြိုးလာမှုနှင့်အညီ ကန်ထရိုက် တိုက် အဆောက်အဦများ တိုးချဲ့လာခြင်းကြောင့် ဓာတ်အားသုံးစွဲမှုများ တိုးတက်လာသည့် အတွက် ဓာတ်အား သုံးစွဲသူများ ဗို့အားပြည့်ဝတည်ငြိမ်စွာသုံးစွဲနိုင်ရန်အတွက်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ System Improvement ဓာတ်အားစနစ်ကောင်းမွန် ရေးလုပ်ငန်း များအဖြစ်ကို 11-6.6/0.4kV, 200kVA ထရန်စဖော်မာ ၁၄၅ လုံး၊ 11kV ဓာတ်အားလိုင်း ၃.၄ မိုင်၊ 400 V Line ၁.၇၉ မိုင်သည် တိုးချဲ့တည်ဆောက်ခြင်းနှင့် 400 V Line ၁၀.၀၉ မိုင်သည် အစားထိုး တည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည် ဖြစ်ပါကြောင်း။
သာကေတမြို့နယ်အတွင်း၌ ဓာတ်အားသုံးစွဲသူများ ဗို့အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေး အတွက်ကို 66/33/11KV, 30MVA MOGE GIS ဓာတ်အားခွဲရုံတစ်ရုံနှင့် 11kV ဖီဒါလေးခုသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၂၃ ခုနှစ်တွင် တည်ဆောက်ပေးခဲ့ပြီး 6.6kV ဖီဒါ ၄ ဖီဒါသည် 11kV ဓာတ်အား Feeder များအဖြစ်ကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သာကေ တမြို့နယ် အတွင်း မြို့တော်အင်္ဂါရပ်နှင့်အညီ တင့်တယ်စွာ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေ ရန်အတွက် ရှုပ်ထွေးနေသောဆားဗစ်ကြိုး ၈ မိုင်ကိုလည်း ရှင်းလင်းနိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်တွင် Insulated Cover ပါဝင်သည့် ABC 95 mm² ကြိုးများဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပါကြောင်း။
သို့ဖြစ်ပါ၍ သာကေတမြို့နယ်အတွင်းရှိ စက်မှုဇုန်အား ၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်မှ စပြီး LNG ဓာတ်အားဖြင့်လည်း ဓာတ်အားဖြန့်ဖြူးပေးထားပါသဖြင့် ယခင်နှစ်များထက် ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်းနှင့် ယူနစ်ပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရန်အတွက် မီးသုံးစွဲသူများအနေဖြင့် သုံးစွဲသည့်ယူနစ်သည် မိမိကိုယ်တိုင်ဖတ်ရှုမှတ်သားနိုင်သည့် AMI စနစ်ကို ပြောင်းလဲခြင်းလုပ်ငန်းကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခု အချိန်ထိ မီတာစုစုပေါင်း ၆,၇၈၀ လုံးသည် AMI စနစ်သို့ ပြောင်းလဲပြီးဖြစ်ပါကြောင်းနှင့် ကျန်မီတာ ၃၃,၉၂၆ လုံးသည် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် အပြီးသတ်ဆောင်ရွက်ရန် လျာထားပြီး ဖြစ်ပါကြောင်းနှင့် 11kV Feeder Line များ၊ 400 V Line များနှင့် ထရန်စဖော်မာများသည် အပိုင်းလိုက် အသစ်လဲခြင်း (Sectional Replacement) သို့မဟုတ် အဆင့်မြှင့်တင်ခြင်း (Upgrading) လုပ်ငန်းများကို လက်ရှိဘဏ္ဍာရေးနှစ်မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်များအတွင်း ဘတ်ဂျတ်ခွင့်ပြုချက် အပေါ်မူတည်၍ ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း။
ဓာတ်အားပေးစက်ရုံတွင် ဖွဲ့စည်းထားသည့် ဓာတ်အားပေးစက်ရုံများအားလုံးသည် System ထဲကို ထည့်သွင်း၍ ဓာတ်အားဖြန့်ဖြူးပေးသည်ဖြစ်ပါကြောင်း၊ ဤသို့ ဖြန့်ဖြူးသည့်အခါ လက်ရှိ အနေအထားတွင် မိမိတို့အနေဖြင့် ဆည်ရေတွင်ရှိသည့် ရေလှောင်တမံများ၏ ထုတ်လုပ်နိုင် မှုနှင့် ရရှိသည့်သဘာဝဓာတ်ငွေ့အရ ဓာတ်အားထုတ်လုပ်နိုင်မှု၊ နေရောင်ခြည်ရရှိမှုအရ ထုတ်လုပ်မှုကို အပြည့်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ထိုအချိန်တွင် မိုးကုန်ရာသီ နွေရာသီနှင့် ဆောင်းရာသီတွင် လက်ရှိလှောင်ထားသည့်ရေနှင့် ရရှိသည့် Gas အရကို နေ့စဉ်ဓာတ်အားထုတ်လုပ်မှုကို အစွမ်းကုန်ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ ၎င်းနေရာတွင် ဓာတ်အား သုံးစွဲမှု၊ တောင်းဆိုမှုနှင့် လက်ရှိထုတ်ပေးနိုင်မှု ကွာဟချက်အရကို လက်ရှိဓာတ် အားစနစ်တည်ငြိမ် ရန်အတွက်ကို ဝန်အားလျှော့ အလှည့်ကျဓာတ်အားပေးသည့် စနစ်ကို သုံးစွဲလျက်ရှိပါကြောင်း၊ ဤသည်လည်း အချိန်အပိုင်းခြားနှင့်လုပ်လျက်ရှိပါကြောင်း၊ သို့သော်လည်း လက်ရှိအနေအထားအရ အချိန်ပိုင်းဓာတ်အား ပေးသည့်အခါ ဓာတ်အားရရှိသည့်အုပ်စုအနေနှင့် ဓာတ်အားရရှိသည့်အချိန်တွင် ဓာတ်အားသုံးစွဲမှုကို အပြည့် ရေတင်ခြင်း၊ ဓာတ်အားသုံးစွဲခြင်း၊ ချက်ပြုတ်ခြင်း စသည့်လုပ်ငန်းများကို အမြန်ဆောင်ရွက်သည့်အခါ စစချင်းတွင် မူလဓာတ်အား သုံးစွဲမှုပမာဏထက်များသည့်အခါ မိမိတို့၏ဓာတ်အားလိုင်းများ၊ ဓာတ်အားထိန်းချုပ်သည့် ကိရိယာများအကုန်လုံးသည် Overload နှင့် ဓာတ်အား Save ဖြစ်သည့်အခါတွင် ဖြစ်ပါကြောင်း၊ ယခု Feeder အလိုက်၊ ဓာတ်အားခွဲရုံအလိုက်ကို ပြန်လည်စိစစ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုများသည်လည်း သက်ဆိုင်ရာဒေသများ၊ နယ်မြေများတွင် ဓာတ်အား ပေးသည့်စနစ်ခွဲတမ်း အုပ်စုအလိုက်ကို အချိန်ပြည့်ရရှိရန်အတွက်ကိုလည်း ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း။
လက်ရှိသာကေတွင်ဆိုလျှင် ဓာတ်အားသုံးစွဲခွင့်မရရှိသေးသည့် မီတာများကိုလည်း မီးသုံးသူများ အတွက် မီတာတပ်ဆင်ခြင်းလုပ်ငန်းများလုပ်နေပါကြောင်း၊ ထိုနည်းတူ ဓာတ်အားသုံးစွဲပြီးသူများ တွင် ခေတ်နှင့်မညီသည့် မီတာများကိုလည်း AMI စနစ်နှင့်လဲလှယ်၍ စီမံချက်အရ ပေးလျက်ရှိပါကြောင်းဦ ထိုများအားလုံး AMI စနစ်ကို မြို့နယ်တစ်ခုလုံးတွင် တပ်ပြီးမှသာ မိမိ တင်ပြထားသည့် ဓာတ်အားဖြန့်ဖြူးမှု၊ ကွပ်ကဲမှုစနစ်ကို အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။