နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂-၁၁-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပ
MY EN

(ဃ)-ဒေါ်ဆွေဆွေသင်း (ပေါင်းတည်မဲဆန္ဒနယ်)

2026-11-02
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
မေးခွန်း
ဒေါ်ဆွေဆွေသင်း (ပေါင်းတည် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မျိုးဆက်သစ်များ၏ ကျောင်းပညာရေးတွင် ယဉ်ကျေးမှုဘဝနေနည်းဆိုင်ရာ အသိပညာစာပေများ သင်ကြားပေးနိုင်ရေး မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံတော်၏ကဏ္ဍအသီးသီးမှာ ပါဝင်လာကြမည့် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများကို စည်းကမ်းစနစ်များဖြင့် ယဉ်ကျေးလိမ္မာ၍ စာနာနားလည်တတ်ခြင်း၊ အဆိုးအကောင်း၊ အမှားအမှန်ကို သုံးသပ်တတ်သော၊ အသိပညာရှိသော၊ လူကောင်းလူတော် များဖြစ်ပေါ်လာစေရန် လေ့ကျင့်သင်ကြား ပေးရန် အထူးလိုအပ်ပါကြောင်း၊ စာသင်ကျောင်းများတွင် ကျောင်းသားအချင်းချင်းရန်ဖြစ်စကားများ အနိုင်ကျင့်ခြင်း ၊ ဆရာဆရာမများကို မထီမဲ့မြင်ပြုခြင်းများသည် Online သတင်းများတွင် မကြာခဏ ကြုံတွေ့ မြင်လာရခြင်းသည် နိုင်ငံတော်အနာဂတ်အတွက် မကောင်းသည့် လက္ခဏာများ ဖြစ်ပါ ကြောင်း၊  အတန်းပညာတော်ပြီး နည်းပညာတတ်သူများမကောင်းသည့်ဘက်ကို အတွေးဝင်သွားပါ က နိုင်ငံတော်၏ အနာဂတ်အတွက် ပိုမိုပျက်စီးနိုင်ပါကြောင်း၊ လူတော်ပညာတတ်များ ပေါ်ပေါက် လာစေရန် ကျောင်းပညာရေးကို အဆင့်မြှင့်တင်ရန်လိုအပ်သလို နိုင်ငံတော်ငြိမ်းချမ်းသာယာစေရန် အသိပညာ၊ ဉာဏ်ပညာရှိသော လူကောင်းများဖြင့်တည်ဆောက်နိုင်စေရန်အတွက် ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ၃၈ ဖြာ မင်္ဂလာ၊ ပြည်သူ့နီတိစာပေများကို သင်ကြားရန်လိုအပ်ပါကြောင်း၊ လက်တွေ့ မြေပြင်အခြေအနေမှာ မူဝါဒအကောင်အထည်ဖော်သင်ကြားမှု ဘယ်လောက်ထိ ထိရောက်သလဲ ဆိုသည်ကို သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့်လည်း မြေပြင်ကွင်းဆင်းလေ့လာထားပြီးလည်း ဖြစ်ပါကြောင်း၊ နှလုံးသားထဲမှာ စိတ်ကောင်းနှလုံး ကောင်းနဲ့ အဆိုးအကောင်းဝေဖန်တတ်သော လူကောင်း လူတော်များဖြစ်စေရန် ကျောင်းသင်ခန်းစာများ၌ ထည့်သွင်းသင်ကြားရာတွင် တာဝန်အရစာမျက်နှာအားလုံး ပြီးမြောက်အောင် သင်ကြားတာမျိုး မဟုတ်ဘဲ လူမှုဝန်းကျင်တွင် လက်တွေ့ အသုံးချနိုင်သော အကောင်းမြင်စိတ်၊ အတွေးအခေါ်၊ အယူအဆများကို ကျောင်းသားများ၏ ရင်ဘက်နှင့် ခံစားတတ်စေရန်အတွက် ထည့်ပေးနိုင်သော ဆရာဆရာမများစွာ လိုအပ်ပါကြောင်း၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင်လည်း လေ့ကျင့်သင်ကြားမှုရှိ/ မရှိကိုကြပ်မတ် ပေးရန်လိုအပ်ပါကြောင်း။ 

မိဘအများစုကလည်း အတန်းပညာအမှတ်ကောင်းရရန်သာ အာရုံစိုက်လာကြပြီး ယဉ်ကျေး၍ သိတတ်လိမ္မာစေရန် သင်ကြားမှုများကို အချိန်ကုန်တယ်၊ မလိုအပ်ဘူးလို့ ယူဆလာကြပါကြောင်း၊ လူတော်ဖြစ်ရန် အားထည့်ပံ့ပိုးကြသော်လည်း လူကောင်းဖြစ်ရန် အသိပညာဉာဏ်နှင့်ယှဉ်ပြီး သုံးသပ် တတ်သူများ ဖြစ်စေရန် ယဉ်ကျေးလိမ္မာသည့် လူမှုဝန်းကျင်တည်ဆောက်ပေးရန်ကို မေ့နေကြပါကြောင်း၊ ထို့ကြောင့် ပညာရေးတွင် ဟီးရိုးဖြစ်သော်လည်း ယဉ်ကျေးမှုနှင့်ပေါင်းသင်းဆက်ဆံရေး၌ ဇီးရိုးဖြစ်နေ ပါကြောင်း၊ အရှိန်အဟုန်မြှင့်၍ လေ့ကျင့်ပြုပြင်ပေးရန်အတွက် အမျိုးဘာသာသာသနာပညာကို အားပေးသော YMBA အသင်းကြီးနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ နှစ်စဉ်ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ကျင်းပသော ၃၈ ဖြာမင်္ဂလာ၊ ပြည်သူ့နီတိ၊ ယဉ်ကျေးလိမ္မာစာမေးပွဲများကို စာသင်ကျောင်းများတွင် စာဖြေပွဲတော်များကျင်းပပေးရန်လည်း အကြံပြုတိုက်တွန်းလိုပါကြောင်း။ 

ရင်ထဲနှလုံးသားထဲတွင် စိတ်ကောင်း၊ နှလုံးကောင်းနှင့် မြင့်မြတ်သောစိတ်ထား၊ အဆိုး အကောင်း ဝေဖန်သုံးသပ်တတ်သော အနာဂတ်မျိုးဆက်သစ် လူကောင်း လူတော်များကို နိုင်ငံတော်မှ အစီအစဉ် Plan ချမှတ်၍ ယဉ်ကျေးမှုဆိုင်ရာပြည်သူ့နီတိ၊ ဒီမိုကရေစီသဘောသဘာဝ၊ ဥပတိဆိုင်ရာ သင်ခန်းစာများကို စာသင်ကျောင်းပညာရေးတွင် ထည့်သွင်းသင်ကြားခြင်းဖြင့် နိုင်ငံတော်၏ အနာဂတ် မျိုးဆက်သစ်များမွေးထုတ်ပြုစုပေးနိုင်ရန် ကျောင်းပညာရေးတွင် ယဉ်ကျေးမှု ဘဝနေ နည်းဆိုင်ရာ အသိပညာစာပေများသင်ကြားပေးနိုင်ပါရန် အစီအစဉ်ရှိ /မရှိ သိရှိလိုပါကြောင်းနှင့် မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း ဖြင့်မေးမြန်းပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင် က

ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေးဥပဒေ (၂၀၁၄)ပါ အမျိုးသားပညာရေး ရည်မှန်းချက်များအနက် တစ်ခုဖြစ်သည့် “ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေး ဆိုင်ရာစံနှုန်းများဖြင့် ဥပဒေကိုလေးစားလိုက်နာသော နိုင်ငံသားများဖြစ်လာစေရေး အတွက် လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်” ဆိုသော ရည်မှန်းချက်နှင့်အညီ ကျောင်းသားလူငယ်များကို တွေးခေါ် ကြံဆဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံသားများဖြစ်ပေါ်လာနိုင် ရေးအတွက် ရည်ရွယ်ဆောင်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန အနေ ဖြင့် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှာ အုပ်စု(က) ဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ လူမှုရေးသိပ္ပံစသည့် ဘာသာရပ်တွေနှင့် အုပ်စု (ခ) ဘာသာရပ်များဖြစ်သည့် စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ အနုပညာ (ပန်းချီ၊ ဂီတ)၊ ကာယပညာနှင့် ဒေသသင်ရိုးများကို သင်ကြားပေးလျက်ရှိပါကြောင်း။

ယခုလိုဆောင်ရွက်သည်အခါ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစတင်ပြီး ပြုစုပြဋ္ဌာန်းခဲ့သည့် KG + 12 သင်ရိုးညွှန်းတမ်းများတွင် ယဉ်ကျေးမှုဆိုင်ရာ၊ ပြည်သူ့နီတိ၊ ဒီမိုကရေစီသဘောသဘာဝ၊ ဥပဒေဆိုင်ရာ သင်ခန်းစာများအဖြစ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ Grade 1 စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်တွင် လူကြီးမိဘများကိုကူညီပါ၊ အိမ်၌ ယဉ်ကျေးခြင်း၊ ယဉ်ကျေးပျူငှာဆက်ဆံပါ စသည့် သင်ခန်းစာများကို ထည့်သွင်းသင်ကြားလျက်ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် Grade 2 စာရိတ္တနှင့် ပြည်သူ့ နီတိဘာသာရပ်တွင် မိဘ ဆရာ ရိုသေပါ၊ ကိုယ့်ထက်ငယ်သူ စောင့်ရှောက်ကူ၊ စည်းကမ်းလိုက်နာမယ်၊ ကျောင်း၌ယဉ်ကျေးခြင်း၊ ရိုးသားခြင်း၏အကျိုး၊ ယဉ်ကျေးမူ၊ သိမ်မွေ့ပါ၊ မိတ်ဆွေကောင်း၊ စာနာနားလည်ပါ၊ မျှတစိတ်ကလေးထားပါ၊ တာဝန်ကိုယ်စီစသည့် သင်ခန်းစာများ ကိုလည်း သင်ကြားပေးလျက်ရှိပါကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် Grade 3 စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်မှာ ငယ်ရွယ်သူအား ညှာတာသနား၊ ယဉ်ကျေးသည့်ဧည့်သည် စသည့် သင်ခန်းစာများနှင့် Grade 6 စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်တွင် မိသားစုအတွင်းယဉ်ကျေးခြင်း၊ ရိုသေလေးစားဝတ္တရား၊ ရိုးသားဖြောင့်မတ်ခြင်း စသည့်သင်ခန်းစာများကို ထည့်သွင်း သင်ကြားပေး လျက်ရှိပါကြောင်း၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် Grade 4 စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်မှာ ဝိုင်းဝန်းဆောင်ရွက်အများအတွက်၊ ရိုင်းပင်းကူညီ နေထိုင်မည်စသည့် ဘာသာရပ်များနှင့် Grade 10 စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်မှာ လေးစားလိုက်နာ လူမှုကျင့်ဝတ်နှင့် လူမှုစည်းကမ်းများစသည့် ဘာသာရပ်သင်ခန်းစာများကို ထည့်သွင်းသင်ကြားပေးလျက် ရှိပါကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တွင် Grade 5 စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်မှာ မျှတစိတ်နှင့် နေထိုင်မည်၊ အများအကျိုးဆောင် ကိုယ့်အကျိုးအောင် စသည့်ဘာသာရပ်များ Grade 11 စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်မှာ လိုက်နာလေးစားကျင့်ဝတ်များ၊ လူ့အဖွဲ့အစည်းအတွင်း အလေးထားမှုများ၊ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံသားတို့၏ အခွင့်အရေးနှင့်တာဝန်များစသည့် ဘာသာရပ်များကို ထည့်သွင်း သင်ကြားပြဋ္ဌာန်း ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့အပြင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသား ကျောင်းသူ များကို သင်ကြားသင်ယူမှုဆောင်ရွက်ရာမှာ ၂၁ ရာစုကျွမ်းကျင်မှု (21 Century Skills) နှင့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ (Soft Skills) များဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်း (Collaboration)၊ ဆက်သွယ်ပြောဆိုခြင်း (Communication)၊ လေးနက်စွာဆန်းစစ်ဝေဖန်ခြင်းနှင့် ပြဿနာအဖြေရှာခြင်း (Critical Thinking and Problem Solving)၊ တီထွင်ဖန်တီးခြင်း (Creativity and Innovation)၊ နိုင်ငံ့သားကောင်းဖြစ်ခြင်း (Citizenship) တို့ရရှိစေရန် သင်ကြားပေး လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများ လူ့အဖွဲ့အစည်းအတွင်း ပြုမူနေထိုင်သင့်သည့် ယဉ်ကျေးသောအပြုအမူများ၊ ကိုယ်ကျင့်တရားအလေးထား ဆောင်ရွက်မှုများဖြစ်သည့် လူမှုကျင့်ဝတ် ဆိုင်ရာ သင်ခန်းစာများ၊ ဒီမိုကရေစီ၏ သွင်ပြင်လက္ခဏာများ၊ အခွင့်အရေးနှင့် တာဝန်ဆိုင်ရာ သင်ခန်းစာများ၊ ဥပဒေဆိုင်ရာအခြေခံသဘောတရားများ၊ စည်းကမ်းနှင့်ဥပဒေဆိုင်ရာ သင်ခန်းစာများ ကိုလည်း စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်မှာ ထည့်သွင်းရေးဆွဲပြီး သင်ရိုးဝင်ဘာသာရပ်များ အနေ ဖြင့် အခြေခံပညာကျောင်းသား ကျောင်းသူများကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းတွင်း လှုပ်ရှားမှုများအနေဖြင့် စာရိတ္တဖွံ့ဖြိုးရေးဆိုင်ရာ ဟောပြောပွဲများ၊ ပြိုင်ပွဲများကျင်းပပေးခြင်း၊ ကျောင်းတွင်းယဉ်ကျေးလိမ္မာသင်တန်းများကိုလည်း အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် စည်းကမ်းတကျနေထိုင်တတ်ပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များ ရရှိနိုင်ရန် အတွက် အဖွဲ့လိုက်လုပ်ဆောင်ရသည့် ကျောင်းတွင်းလှုပ်ရှားမှုများ ကျင်းပပေးခြင်း တို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့အပြင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် Grade 7 စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်မှာ စည်းကမ်းဥပဒေနှင့်စပ်လျဉ်းပြီး ထည့်သွင်းသင်ကြားစေလျက်ရှိပါကြောင်း၊   Grade 9 စာရိတ္တနှင့် ပြည်သူ့ နီတိဘာသာရပ်မှာလည်း နေရာတိုင်းမှာ ယဉ်ကျေးစွာပြုမူဆက်ဆံရန် ဒီမိုကရေစီသွင်ပြင် လက္ခဏာ များ၊ ဒီမိုကရေစီစနစ်၏ အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေလိုက်နာဘေးကင်းကွာစသည့် သင်ခန်းစာများကို လည်း ဖြည့်စွက်သင်ကြားပေးထားပါကြောင်း၊ ဥပဒေအသိပညာပြန့်ပွားနိုင်ရန်အတွက် ဥပဒေအသိပညာ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများတွင် အခန်း(၁) ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၂) မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေတို့ကို Grade 10 မှာသင်ကြားစေခဲ့ပြီး ၊ အခန်း(၃) ရာဇသတ်ကြီး၊ အခန်း(၄) လောင်းကစားဥပဒေနှင့် အခန်း (၅) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေတို့ကို Grade 11 မှာသင်ကြားစေပါကြောင်း၊  အခန်း(၆) အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ အခန်း(၇) ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေနှင့် အခန်း (၈) ပြည်သူ့စစ်မှုထမ်း ဥပဒေတို့ကို Grade 12 မှာ သင်ကြားလျက်ရှိကြောင်း ၊ အနာဂတ်မျိုးဆက်သစ်များ လေ့ကျင့်ပြုစု ပျိုးထောင်ပေးလျက်ရှိသည့် ဆရာ/ ဆရာမများအတွက် ဥပဒေရေးရာဝန်ကြီးဌာနမှ ရေးဆွဲပြုစု ထားသော “ဥပဒေအသိပညာ” စာအုပ်ကို ကိုးကားပြီး အခြေခံပညာအထက်တန်းဆင့် Grade 10, Grade 11 နှင့် Grade 12 ကျောင်းသား ကျောင်းသူများကို သိသင့်သိထိုက်သော ဥပဒေအသိပညာများ သင်ကြားနိုင်ရန် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။ 

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းဆင့် ဆရာ ဆရာမများ ဥပဒေ အသိ ပညာပြန့်ပွားရေး ဆင့်ပွားဆွေးနွေးပွဲများကိုလည်း ဆက်လက်ဆောင်ရွက်ပြီး ဥပဒေပညာ ပြန့်ပွားနိုင်အောင်လည်း ဆောင်ရွက်လျက်ရှိသည်ကို တင်ပြလိုပါကြောင်း၊ အနာဂတ် ဆရာ ဆရာမ လောင်းလျာများ အတွက် ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များတွင် ပြည်သူ့ နီတိဆိုင်ရာ သဘောသဘာဝ၊ ဒီမိုကရေစီသဘောသဘာဝတို့ကို သိရှိနားလည်ပြီး လက်တွေ့ကျင့်သုံးပြီး ပြန်လည်သင်ကြား ပြသနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးလျက်ရှိသည့်အပြင် ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ် အနေဖြင့် ကျန်းမာစွာနေထိုင်ခြင်း၊ ဆယ်ကျော်သက် အရွယ်ပြဿနာ များနှင့် စိန်ခေါ်မှုများ၊ လူမှုဘဝ ကျွမ်းကျင်စရာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းစသည့် သင်ခန်းစာများကိုလည်း ထည့်သွင်းပို့ချလျက်ရှိသည့်အတွက် ပညာရေးဒီဂရီကောလိပ်များမှ ပြုစု မွေးထုတ်ပေးလိုက်သည့် ဆရာ ဆရာမများသည် အသိပညာ၊ အတတ်ပညာရှိသော ကျောင်းသား ကျောင်းသူများကို ဆင့်ပွားဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် ပညာရေးဒီဂရီ ကောလိပ်များတွင် ဥပဒေရေးရာနှင့် သက်ဆိုင်သောဌာန၊ အဖွဲ့အစည်းများနှင့်ပေါင်းစပ်ပြီး ဥပဒေ ဆိုင်ရာအသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စာကြည့်တိုက်များ တွင် ဥပဒေဆိုင်ရာပညာများ သုတစာပေစာအုပ်များ ဖတ်ရှုလေ့လာ ဆောင်ရွက်လျက်ရှိပါကြောင်း ။ 

ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်မှန်းပြီး ယဉ်ကျေးမှုဆိုင်ရာ ပြည်သူ့နီတိ၊ ဒီမိုကရေစီသဘောသဘာဝ၊ ဥပဒေဆိုင်ရာ သင်ခန်းစာတွေ အသိပညာ စာပေများကို ကျောင်းသား ကျောင်းသူများကို သင်ကြားပေးရုံသာမကဘဲ မျိုးဆက်သစ်များကို လေ့ကျင့် ပြုစုပျိုးထောင်ပေးလျက်ရှိတဲ့ ဆရာ ဆရာမများကိုလည်း ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပြီး ကလေး သူငယ်များ၏ လိမ္မာယဉ်ကျေးမှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါ သည်။

မေးခွန်း
မေးခွန်း

ဒေါ်ဆွေဆွေသင်း(ပေါင်းတည်မဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။ 

    ပြည့်ပြည့်စုံစုံ ဖြေကြားသွားသည့် ပညာရေးဒုတိယဝန်ကြီးကို အထူးကျေးဇူးတင်ပါကြောင်း၊ မိမိ မေးမြန်းသည့် ရည်ရွယ်ချက်မှ သမားရိုးကျလုပ်ရိုးလုပ်စဉ်အတိုင်း စိတ်ဝင်စားသူများသာ ပါဝင်ရ မည်ဆိုတာမျိုး မဟုတ်ဘဲ ယဉ်ကျေးမှုပိုင်းနှင့်စပ်လျဉ်းပြီး စိတ်ဝင်တစားပါဝင်ကြသည့် ကလေးအရေ အတွက်ကို တွက်ချက်ကြည့်သည့်အခါမှာ ၁.၃၄ရာခိုင်နှုန်းသာ ယဉ်ကျေးမှုနှင့် ဘဝလမ်းညွှန်ပိုင်းများကို စိတ်ဝင်တစား ရှိနေသည်ကိုတွေ့ရပြီး ၉၈.၆၆ ရာခိုင်နှုန်းကျော်က ၎င်းတို့အတွက် စိတ်ဓာတ်ကောင်းမွန် ရန် ဘယ်လို ပြင်ဆင်ပေးမလဲဆိုတာကိုလည်း ထည့်တွက်ရမည်ဖြစ်ပါကြောင်း၊ ဝေဖန်သုံးသပ်နိုင်သည့် အသိပညာအားနည်းမှုကြောင့် ပညာတတ်များစွာ လမ်းမှားကိုရောက်လို့ နိုင်ငံတော်နှင့်ပြည်သူအတွက် များစွာဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်များကိုလည်း မေ့ထားလို့မရပါကြောင်း၊ ထို့ကြောင့် အစိုးရနှင့်အတူ အရပ်ဘက်အဖွဲ့အစည်းများ၊ မိမိတို့အားလုံး ပူးပေါင်းပြုပြင်လေ့ကျင့်ပေးသွားရမည်ဖြစ်ပြီး တိုင်းပြည်ကို တည်ဆောက် သွားရမည်ဟု ယုံကြည်ထားပါကြောင်း၊ ထို့ကြောင့် ကျောင်းသားများ၏ စရိုက်လက္ခဏာ များ ဘယ်လောက် အထိ တိုးတက်ပြောင်းလဲလာပြီလဲဆိုသည်ကို စဉ်ဆက်မပြတ် ကြီးကြပ်ပေးရန် အစီအစဉ် ရှိ /မရှိ နှင့်မည်သို့စီမံသွားမည်ကိုလည်း သိရှိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအား မေးမြန်းပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင် က

၎င်းကိစ္စသည် လိမ္မာယဉ်ကျေးရန်ဆိုသည့် အခြေခံစိတ်ဓာတ်မှ  စရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် အခြေခံစိတ်ဓာတ်များရအောင် အခြေခံပညာကနေစပြီး သင်ကြားမှု၊ သင်ယူမှု လုပ်ငန်းများကို အလေးအနက်ထားပြီး ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ သို့သော်တစ်ခုထဲကျောင်းများမှနေပြီး သင်ကြားရုံနှင့် ပြီးပြည့်စုံခြင်းမရှိပါကြောင်း၊ ကလေးများ၏မိဘများ၊ ပြည်သူလူထုပါ ပါဝင်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်မှသာ အားလုံးက အဆင်ပြေစွာ ဖြည်းဖြည်းချင်း ပြုပြင်သွားရမည့် ကိစ္စမျိုးဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ၎င်းကိစ္စများအားလုံးကို အမြဲတမ်း သုတေသနလုပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှာလည်း လေ့လာဆန်းစစ်ပြီး လုပ်နေ သည့် သုတေသနဌာနနှစ်ခုနှင့် ၎င်းအရာကို ထဲထဲဝင်ဝင် လိမ္မာယဉ်ကျေးမှု ဘယ်လောက် ရှိလာလဲ၊ အခြေအနေ တိုးတက်လာမှုအခြေအနေများကို လေ့လာဆန်းစစ်ပြီး သုတေသနဆောင်ရွက်လျက် ရှိပါ ကြောင်း၊ ဆက်လက်ပြီးတော့လည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဥပမာ YMBA လို အသင်းမျိုးနှင့်လည်း ဆက်ပြီး ကလေးများ လိမ္မာယဉ်ကျေးမှုရှိအောင် ၃၈ ဖြာ မင်္ဂလာတရားနှင့် စပ်လျဉ်းသည့်  စာမေးပွဲများ ကျင်းပပေးခြင်း၊ တခြားဘုန်းတော်ကြီးများနှင့် ပေါင်းစပ်ပြီး ၃၈ ဖြာမင်္ဂလာ တရားနှင့်စပ်လျဉ်းပြီး ကျောင်းပိတ်ရက်များတွင် သင်ကြားပေးခြင်းများကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။