နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၅.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၄.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
MY EN

(ဇ)- ဦးကိုကိုသင်း(ကမာရွတ်မဲဆန္ဒနယ်)

2026-09-25
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးကိုကိုသင်း (ကမာရွတ် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရန်ကုန်မြို့ပြအတွင်း BOT စနစ်ဖြင့် ယာဉ်ရပ်နားစခန်းများ တည်ဆောက်ခြင်း၊ လမ်းဘေး ဈေးသည်များအား နေရာချထားပေးခြင်းနှင့် စပ်လျဉ်း၍ မည်သို့ဖြေရှင်းပေးမည်ကို  သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့်မေးခွန်း

ယနေ့ကျင်းပပြုလုပ်သည့်  တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တွင် မိမိအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ပြဧရိယာအတွင်းရှိသည့် လမ်းမကြီး များနှင့် လမ်းသွယ်များပေါ်၌ မော်တော်ယာဉ်များစည်းကမ်းမဲ့ရပ်နားထားခြင်းများ၊ လမ်းဘေး ဈေးသည် များစနစ်တကျမရှိဘဲ လမ်းပေါ်ထိကျူးကျော် ရောင်းချခြင်းများ၊ သီချင်းအော်ဟစ်ဆူညံခြင်းများ ကြောင့် မိဘပြည်သူများ သွားလမ်းလာလမ်း အဆင်မပြေရုံတင်မက   ယာဉ်ကြောပိတ်စို့မှု ဒုက္ခ ကို နေ့စဉ်နှင့်အမျှရင်ဆိုင်နေရခြင်းကို မည်သို့ဖြေရှင်းပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်း ခဲ့ပါသည်။

သက်ဆိုင်ရာဝန်ကြီးဌာ၏ တာဝန်ရှိသူများနှင့် ယခုလိုစည်းမဲ့ကမ်းမဲ့ ယာဉ်ရပ်နား မှုနှင့် ကျူးကျော်ဈေးရောင်းချသည့် ပြဿနာများကို မည်သို့စနစ်တကျ ထိန်းကြပ်ကြပ်မတ် ဆောင်ရွက် သွားမည် ကိုသိရှိလိုပါကြောင်း၊ ယခုပြဿနာများကို ရေရှည်အတွက် အပြုသဘော ဆောင်သည့် နည်းလမ်းနှင့် ထိရောက်စွာဖြေရှင်းနိုင်ရန် မိမိအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနပိုင် မြေနေရာ များ ကိုနှစ်ရှည်ငှားရမ်းသည့် စနစ် သို့မဟုတ် BOT စနစ်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ကိုဖိတ်ခေါ်ပြီး နာရီအလိုက်၊ လအလိုက်နှစ်စဉ်အလိုက် သတ်မှတ်နှုန်းထားနှင့် စနစ်တကျကောက်ခံမည့် ယာဉ် ရပ်နားရန် အဆောက်အအုံ တည်ဆောက်ပေးရန် ဖြစ်ပါကြောင်း၊ ထပ်မံ၍ လမ်းဘေး ဈေးသည် များ အတွက်လည်း ဆူညံမှုကင်းဝေးစေမည့် သီးသန့် သတ်မှတ်နေရာများ စီစဉ်ပေးသင့် ပါကြောင်း၊ ပထမအချက်အနေဖြင့် ယခုလိုယာဉ်ရပ်နား စခန်းများ တည်ဆောက်ခြင်းနှင့် လမ်းဘေး ဈေးသည်များကို စနစ်တကျ နေရာချထားပေးမည့်လုပ်ငန်းစဉ် များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိသိလိုပါကြောင်း။

ဒုတိယအချက်အနေဖြင့် အကယ်၍ ဆောင်ရွက်ရန်အစီအစဉ်ရှိမယ်ဆိုလျှင် မည်သည့်လ၊ မည်သည့်နှစ်၊ မည်သည့်ကာလအပိုင်းအခြားအတွင်းတွင် ဆောင်ရွက်ပေးမည်ဆိုသည်ကို သိရှိလို ပါကြောင်း၊ တတိယအချက်အနေဖြင့် အဆိုပါယာဉ်ရပ်နားစခန်း စီမံကိန်းအတွက် ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြှုပ်နှံသူများကို တရားဝင်တင်ဒါခေါ်ယူပြီး ပွင့်လင်းမြင်သာစွာဆောင်ရွက်သွားမည့် အစီအစဉ် ရှိ မရှိသိလိုပါကြောင်း၊ လမ်းဘေးဈေးသည် စနစ်တကျဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနများ အနေဖြင့် မည်သို့ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုသည်ကို သိရှိလိုပါကြောင်း၊ ရန်ကုန် မြို့တော်ကြီး ကို မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်လှပရန်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ အနေဖြင့် မည်သည့် အစီအမံများနှင့် ဆောင်ရွက်ထားမည် ဆိုသည်ကို သိရှိလိုပါကြောင်းမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ် ကွပ်ကဲနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ၏ ကြီးကြပ်မှုအောက်တွင်ရှိသော YBS အများပိုင်ကုမ္ပဏီ ၂၁ ခု၊ YBS ယာဉ် ၅,၃၉၉ စီးရှိပြီး နေ့စဉ် YBS ပြေးဆွဲယာဉ်လိုင်း ၁၃၄ လိုင်း၊ ယာဉ်စီးရေ ၃,၃ဝ၀ ခန့်ဖြင့် ခရီးသွားပြည်သူ ၁.၈ သန်းခန့်အား သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်ကိုတွေ့ရှိရပါကြောင်း၊ ရန်ကုန်မြို့တွင် ယာဉ်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး ၁ ရုံး၊ ဒုတပ်ဖွဲ့ခွဲမှူးရုံး ၄ ရုံးနှင့် တပ်ဖွဲ့စုမှူးရုံး ၄၅ ရုံးကို ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိပြီး မြို့နယ် ၁ မြို့နယ်လျှင် ယာဉ်ထိန်းရဲတပ်ဖွဲ့စု ၁ စုနှုန်းဖြင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်ကို တင်ပြအပ်ပါ ကြောင်း၊ လမ်းအသုံးပြုသူ အများပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး အတွက် လမ်းဆုံများ၊ အဝိုင်းများ၊ မီးပွိုင့်များတွင် နေ့စဉ်မပျက် ယာဉ်လမ်းရှင်းလင်းရေး လုပ်ငန်း များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

 ရန်ကုန်မြို့ပြဧရိယာအတွင်းရှိသည့် လမ်းမကြီးများနှင့် လမ်းသွယ်များပေါ်တွင် YBS ယာဉ် များ စည်းကမ်းမဲ့မရပ်နားရေး၊ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရေးနှင့် အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးခံရမှုမရှိစေရေး၊ ခိုးယူခံရခြင်း၊ မီးရှို့ခံရခြင်းစသည်တို့ မဖြစ်ပွားစေရန်အတွက် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီမှ မြေဧရိယာစုစုပေါင်း ၅၃.၉၃၈ ဧကတွင် ယာဉ်ရပ်နားစခန်းနှင့် ယာဉ်ရပ်ဝန်း ၁၁ ခု တည်ဆောက်ထားပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်း ဒေသ ကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ အောက်တွင်ရှိသော YBS ခရီးသည် တင် ယာဉ်လိုင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျပြေးဆွဲ မောင်းနှင် စေရေး၊ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်း စေရေး အတွက် ယင်းကော်မတီမှ စစ်ဆေးရေးအဖွဲ့ ၁၁ ဖွဲ့၊ လမ်းကြောင်း ၁၁ ကြောင်းဖြင့်လည်းကောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များပါဝင်သည့်ခရိုင် ပူးပေါင်းအဖွဲ့များဖြင့်လည်းကောင်း ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ထို့အပြင် ရန်ကုန်ဘတ်စ်ကား သွားလာမှုထိန်းချုပ်ရေးဗဟိုဌာနမှ ယာဉ်ခြေရာခံနှင့် အချက်အလက် ပို့လွှတ်ရေးစက်စနစ်ဖြင့်လည်းကောင်း၊ CCTV ကင်မရာများမှတဆင့် အဆင့်မြင့် နည်းပညာများ အသုံးပြု ပို့ဆောင်ရေးစနစ် ITS နည်းပညာဖြင့်လည်းကောင်း စစ်ဆေးကြပ်မတ် လျက်ရှိပြီး အဆင့်မြင့် နည်းပညာ အသုံးပြုရေး စနစ်တကျစီမံထားသော သယ်ယူပို့ဆောင်ရေး စနစ်ဖြင့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ကြပ်မတ် ဆောင်ရွက်လျက် ရှိသည်ကို တင်ပြလိုပါကြောင်း၊

 ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အောင်မင်္ဂလာ နှင့် ဒဂုံ-ဧရာအဝေးပြေး ယာဉ်ရပ်နားစခန်း ၂ ခု၊ အလုံ၊ ဗိုလ်တထောင်၊ အနောက်ပိုင်း ကုန်သေတ္တာတင်ယာဉ်ရပ်နားစခန်း ၃ ခုနှင့် တောင်ဥက္ကလာပမြို့နယ်၊ ၁၁ နှင့် ၁၂ ရပ်ကွက်တွင် ရတနာလမ်းနှင့် သုမင်္ဂလာလမ်းထောင့်ရှိ မော်တော်ယာဉ် ၂၈၂ စီး ရပ်နားနိုင်သောအထပ် ၄ ထပ်ရှိ အရှေ့ပိုင်းယာဉ်ငယ်ရပ်နားစခန်း ၂ ခု စုစုပေါင်း ၇ ခု ဆောင်ရွက်ထားရှိပြီး ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ် အသီးသီးတွင်ခွင့်ပြုချက်မဲ့ရောင်းချလျက်ရှိသော လမ်းဘေးဈေးသည်များအားစနစ်တကျ စည်းကမ်း ထိန်းခြင်း၊ ရှင်းလင်းခြင်းနှင့် ဥပဒေအရအရေးယူခြင်းများအား မြို့နယ်စည်ပင်သာယာ အုပ်ချုပ် ရေးမှူးဦးဆောင်၍ သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ရပ်ရှင်း၊လှည့်ရှင်းစနစ်များဖြင့် စည်းကမ်း ထိန်းခြင်း၊စည်းကမ်းမဲ့ဈေးရောင်းချမှုမရှိစေရေး ရှင်းလင်းပြောကြား၍ ခံဝန်ကတိရယူခြင်း၊ လိုက်နာ ဆောင်ရွက်မှုမရှိပါက ၎င်းတို့၏ ရောင်းကုန်ပစ္စည်းများအား သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်း၍ စည်ပင်သာယာရေး ဥပဒေနှင့်အညီ  အရေးယူဆောင်ရွက်ခြင်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှစ၍ လမ်းဘေးဈေးသည်များနှင့်စပ်လျဉ်း၍ စည်းကမ်းထိန်း ကြပ်မတ်ခြင်း၊ မြို့နယ်အလိုက်၊ လမ်းအလိုက်စာရင်းများပြုစုထားရှိခြင်း၊ မြေနေရာအကျယ်အဝန်း၊ ရောင်းချမှုအခြေအနေပေါ်မူတည်၍ နေရာချထားပေးခြင်းများဆောင်ရွက်ပေးလျက်ရှိရာဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒလ၊ လှိုင်သာယာ(အနောက်ပိုင်း)၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ လှိုင်၊ မြောက်ဥက္ကလာပ စသည့် မြို့နယ်များအတွင်းရှိ ပျံကျဈေးသည် စုစုပေါင်း ၂,၁၇၁ ဦးအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ဈေး ၁၅ ခုအတွင်း စနစ်တကျရောင်းချနိုင်ရေး အတွက်စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊  ထို့အပြင်လမ်းမတော်မြို့နယ် ၁၉ လမ်း စံပြ ညဈေးတန်း ကို ဘေးကင်းလုံခြုံ၍ ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်မှုရှိသည့် အစား အသောက်များကို စနစ်တကျ ရောင်းချစေရေးအတွက် အဆင့်မီစံပြ ညဈေးတန်း အဖြစ် စီမံ ချက် ချမှတ်၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်ကိုတင်ပြလိုပါကြောင်း၊

သို့ဖြစ်ပါ၍ ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေး မော်တော် ယာဉ်များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်အသုံးပြုနိုင်ရန် လမ်းညွှန်းများ၊ Road Signs များ၊ Road Marking များ၊ Traffic Signal များကို အသစ်တပ်ဆင်ခြင်းနှင့် ယာဉ် သွားလာမှုများ အဆင်ပြေစေရန် လမ်းပုံသဏ္ဍာန်နှင့် ဖွဲ့စည်းပုံဒီဇိုင်း ပြောင်းလဲပြင်ဆင် ဆောင်ရွက် ပေးခြင်း၊ ယာဉ်သွားလာမှုများ အဆင်ပြေစေရန် ယာဉ်သွားလမ်းများတိုးချဲ့ခြင်း၊ ယာဉ်ရပ်နားရန် ကားပါကင်နေရာများ တိုးချဲ့ဆောင်ရွက်ခြင်းနှင့် ယာဉ်သွားလမ်းကြောင်းများ ပြောင်းလဲသတ်မှတ် ပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီတို့မှ ယာဉ် ရပ်နားစခန်းနှင့် ယာဉ်ရပ်ဝန်းများ ၁၈ နေရာဆောင်ရွက်ပေးပြီး ဖြစ်ပါသောကြောင့် BOT စနစ်ဖြင့် ယာဉ်ရပ်နားစခန်းများ တည်ဆောက်ရန် လတ်တလော အစီအစဉ်မရှိသေးပါကြောင်းနှင့် လမ်းဘေး ဈေးသည်များ၏ ဈေးရောင်းချမှုကို ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ပေါင်းစပ်တင်ပြချက်နှင့် အတူပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါသည်။