နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၅.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၄.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယမြောက်နေ့သို့ လာရောက်လေ့လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ
MY EN

(ဃ)-ဦးကိုကိုဦး(ချမ်းမြသာစည်မဲဆန္ဒနယ်)

2026-09-25
ပြည်ထဲရေးဝန်ကြီးဌာန
မေးခွန်း
ဦးကိုကိုဦး (ချမ်းမြသာစည် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ချမ်းမြသာစည်မြို့နယ် တန်ဖိုးနည်းအိမ်ရာအတွင်း ရပ်ကွက်ကြီး ၁၅ ရပ်ကွက်အဖြစ် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက် ၂၀၁၃ ခုနှစ်တွင် အိမ်ရာတိုက်ခန်းများ စတင်ဆောက်လုပ်ခဲ့ပြီး ဝန်ထမ်းအငြိမ်းစား ကျူးကျော်နေထိုင်သူများကို မဲစနစ်ဖြင့်ချထားပေးခဲ့ပါ ကြောင်း၊  ပထမစတင်ချထားပေးခဲ့သည့် မမ ၁၅ တွင် တိုက် ၂၇ လုံး၊ အခန်းပေါင်း ၈၆၄ ခန်း၊ မမ ၂၆ တွင် တိုက်အလုံး ၃၀၊ အခန်းပေါင်း ၄၈၀၊ မမ ၂၅ တွင် တိုက် ၂၅ လုံး၊ အခန်းပေါင်း ၆၀၀၊ မမ ၁၆ တွင် တိုက် ၂၀ လုံး၊ အခန်းပေါင်း ၈၀၀ ခန်း၊ မမ ၂၉ တွင် တိုက် ၁ လုံး၊ အခန်းပေါင်း ၂၄ ခန်း၊ မမ ၂၇ တွင် တိုက် ၂၇ လုံး၊ အခန်းပေါင်း ၄၃၂ ခန်း၊ မမ ၂၈ တွင် တိုက်အလုံး ၅၀ ၊ အခန်းပေါင်း ၁၂၀၀ ခန်း စုစုပေါင်း ၁၉၅ လုံးမှာ အခန်းပေါင်း ၄၇၆၀ ခန်းရှိပြီး ခန့်မှန်းလူဦးရေ ၂၃,၈၀၀ နေထိုင်လျက်ရှိပါ ကြောင်း၊ မြရည်နန္ဒာရပ်ကွက်အုပ်ချုပ်မှုအောက်တွင်လည်းကောင်း၊ အောင်သာယာရပ်ကွက် အုပ်ချုပ်မှုအောက်တွင်လည်းကောင်း ၂ ပိုင်းခွဲခြားထားရှိမှုဖြစ်နေပါကြောင်း၊ ရပ်ကွက်အုပ်ချုပ်မှုနှင့် တိုက်ခန်းများဝေးကွာနေမှုကြောင့် လုံခြုံရေးအားနည်းခြင်း၊ မြို့နယ်၏ အစွန်အဖျားဖြစ်သည့်အတွက် စာသင်ကျောင်း၊ ဆေးပေးခန်းများနှင့်ဝေးကွာလျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ စီမံကိန်းဆောင်ရွက်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ မှ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ကို မန္တလေးမြို့တော်စည်ပင်သာယာရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော စာနယ်ဇင်းရှင်းလင်း ပွဲ တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ ဘုန်းတော်ကြီး ကျောင်းဆေးပေးခန်း ဆက်သွယ်ရေးရုံး၊ ရဲစခန်း၊ ဈေး၊ မီးသတ်၊ ဘတ်စ်ကားဂိတ်၊ ရေတွန်းစက်ရုံ၊ ပန်းခြံ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ သန့်ရှင်းရေးဌာနစုများ ထည့်သွင်းတည်ဆောက်မည်ဟု ယခင် အဆောက်အအုံနှင့် ကုန်ရုံဌာန လက်ရှိတိုင်းဝန်ကြီးချုပ်က ပြောကြား‌ကြောင်း ၆-၉-၂၀၁၃ ရက်နေ့ထုတ် မန္တလေးသတင်းစာတွင် ဖော်ပြထားသည်ကိုတွေ့ရှိရပါကြောင်း၊အဆိုပါ တန်ဖိုးနည်းအိမ်ရာတွင် စီမံကိန်းဧက ၅၇.၉၃၈၇ ဧကရှိပြီး ရပ်ကွက်ကြီး ၁ ရပ်ကွက်အဖြစ် တိုးချဲ့သတ်မှတ်ပေးနိုင်ပါရန် အစီအစဉ် ရှိ/ မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုသောကြောင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က

ချမ်းမြသာစည်မြို့နယ်သည် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်အတွင်း တည်ရှိပြီး ဧရိယာ ၉.၉၇ စတုရန်းမိုင်ကျယ်ဝန်းပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ နယ်နိမိတ် တွင်ပါဝင်ပါကြောင်း၊ ချမ်းမြသာစည်မြို့နယ်သည် ၁၄ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားရှိပြီး အိမ်ခြေ ၄၃,၂၇၃ လုံး၊အိမ်ထောင်စု ၅၈,၄၆၄ စု၊ လူဦးရေ ၂၄၅,၅၂၇ ဦး နေထိုင်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ ချမ်းမြသာစည်မြို့နယ်အတွင်း တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများအနေဖြင့် ၄၅ လမ်းမှ ၄၉ လမ်းနှင့် ၁၁၇ လမ်းမှ ၁၂၀ လမ်းများကြားရှိ အောင်သာယာရပ်ကွက်မှာ လူနေထိုင်သည့်အဆောက်အဦ ၇၆ လုံးနှင့် မြရည်နန္ဒာရပ်ကွက်တွင် လူနေထိုင်သည့်အဆောက်အဦ ၁၂၀ လုံး၊ စုစုပေါင်း ၁၉၆ လုံးအား တည်ဆောက် ထားရှိခဲ့ပါကြောင်း၊ တန်ဖိုးနည်းအိမ်ရာတိုက်များတည်ရှိသည့် အောင်သာယာရပ်ကွက်တွင် အိမ်ထောင်စု ၄,၂၈၁ စု၊ လူဦးရေ ၁၈,၉၃၁ ဦးနှင့် မြရည်နန္ဒာရပ်ကွက်တွင် အိမ်ထောင်စု ၄,၈၁၄ စု၊ လူဦးရေ ၁၉,၇၃၄ ဦး အသီးသီးနေထိုင်လျက်ရှိပြီး ရပ်ကွက် ၂ ခု၏ အိမ်ထောင်စုပေါင်း ၉,၀၉၅ စုနှင့် လူဦးရေ စုစုပေါင်းမှာ ၃၈,၆၆၅ ဦးရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ အောင်သာယာရပ်ကွက်ရှိ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်း ၇၆ လုံးတွင် အိမ်ထောင်စု ၁,၉၈၅ စု၊ လူဦးရေ ၆,၁၂၇ ဦးနှင့် မြရည်နန္ဒာရပ်ကွက်ရှိတန်ဖိုးနည်းအိမ်ရာတိုက် ၁၂၀ လုံးတွင် အိမ်ထောင်စု ၂,၇၉၁ စု၊ လူဦးရေ ၉,၈၂၄ ဦးရှိသဖြင့် စုစုပေါင်း တန်ဖိုးနည်းအိမ်ရာတိုက်ခန်း ၁၉၆ လုံးတွင် နေထိုင်ကြသော အိမ်ထောင်စု ၄,၇၇၆ စု၊ လူဦးရေ ၁၅,၉၅၁ ဦးနေထိုင်လျက်ရှိပါကြောင်း။ 

ချမ်းမြသာစည်မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း ၁၃ ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း ၉ ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း ၁၂ ကျောင်း စုစုပေါင်း ၃၄ ကျောင်းရှိ သည့်အပြင် ကိုယ်ပိုင်ကျောင်း ၅၁ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၆ ကျောင်းရှိ ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် အစိုးရဆေးရုံ ၃ ခု၊ ပုဂ္ဂလိကဆေးရုံ ၄ ခု၊ ဒေသန္တရ ကျန်းမာရေး ဌာနခွဲ ၅ ခုနှင့် ပုဂ္ဂလိကဆေးခန်း ၂၇၀ ခုတို့ရှိသည့်အတွက် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အခက်အခဲမရှိဆောင်ရွက်နိုင်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၄ တွင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ကနေပြီး နိုင်ငံတော်သမ္မတထံ ထောက်ခံ တင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလိုဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားရှိရာ ရပ်ကွက်ပြင်ဆင် တိုးချဲ့ရန် လိုအပ်ပါက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ချမ်းမြသာစည် မြို့နယ်သည် ရပ်ကွက် ၁၄ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားပြီး အုပ်ချုပ်မှုဆိုင်ရာကဏ္ဍများအပါအဝင် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိခြင်းတို့ကြောင့် ရပ်ကွက်အသစ်တစ်ခု ထပ်မံတိုးချဲ့ဖွဲ့စည်းရန် လတ်တလော အစီအစဉ် မရှိ သေးပါကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်အပေါ် ပြန်လည်ဖြေကြားခဲ့ ပါသည်။