ချောင်းဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် အမှုထမ်းအိမ်ရာများ ဆောက်လုပ် ပေးရန်အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် အရာထမ်း ၂ ဦး၊ အမှုထမ်း ၄၅ ဦး ခန့်အပ်ထားရှိပြီး အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရ အဆင့်ဆင့်၏ ပေးအပ်သောလုပ်ငန်းတာဝန်များကို ထမ်းဆောင် ခဲ့ကြပါကြောင်း၊ အဆိုပါဝန်ထမ်းများမှာ မြို့၏အရှေ့ဘက်အစွန်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ပေးခဲ့သော စုပေါင်းဝန်ထမ်းအိမ်ရာနှင့် ၎င်းတို့၏မိသားစုများရှိရာ နေအိမ်အသီးသီးမှ ရုံးတက်၍ တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း။
ယခုအခါ လတ်တလောဖြစ်ပေါ် နေသည့်အခြေအနေများအရ မြို့အစွန်ရှိ ဝန်ထမ်းအိမ်ရာ နှင့် ၎င်းတို့၏မိသားစုနေအိမ်များတွင် နေထိုင်၍ မရအောင် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ ကြုံတွေ့နေရပါသဖြင့် မိသားစုများအား တခြားသောဒေသရှိ သင့်တော်သော ဆွေမျိုးများ၏နေအိမ်သို့ ပို့ဆောင်ထားကြရပါကြောင်း၊ ဝန်ထမ်း ၄၅ ဦး၏ နောက်ဆုံးအခြေအနေမှ ဖမ်းဆီးခံ ၅ ဦး၊ ပျောက်ဆုံး ၁ ဦး၊ နှုတ်ထွက် ၁ ဦး၊ ဆက်သွယ်မရ ၉ ဦး စုစုပေါင်း ၂၁ ဦးဖြစ်ပြီး လက်ရှိတွင်၂၄ ဦးသာ ကျန်ရှိ နေပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျန်ဝန်ထမ်းများ စုပြီးနေထိုင်ကြရပါကြောင်း၊ ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ် ၁ လုံး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ် ၁ လုံး သာရှိပြီး အမှုထမ်းများနေထိုင်ရန်အတွက် အိမ်ရာများ မရှိသဖြင့် လတ်တလော နယ်မြေလုံခြုံရေးအခြေအနေအရ ရုံးအိပ်ရုံးစားဖြင့် တာဝန် ထမ်းဆောင်ရန် ရေရှည်တွင် အခက်အခဲသကဲ့သို့ မိမိတို့နေအိမ်များတွင်နေပြီး ရုံးတက်ရသော်လည်း လုံခြုံစိတ်ချစွာနေထိုင်ရန် အခက်အခဲများရှိပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းတာဝန်များ ထမ်းဆောင်ရာ တွင် လုံခြုံစိတ်ချစွာနှင့် မိသားစုများ အတူတကွနေထိုင်ပြီး စိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင် နိုင်ရန်အတွက် ချောင်းဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း အမှုထမ်းများ အတွက် ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ နှစ်ထပ်အဆောက်အဦများကို ခန့်အပ်အင်အားနှင့် လျာထားပြီး ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အရာထမ်း ၂ ဦး၊ အမှုထမ်း ၄၆ ဦး စုစုပေါင်း ၄၈ ဦးရှိသည့်အနက် နုတ်ထွက်ခွင့်တင်ပြထားသူ ၅ ဦး၊ ဖမ်းဆီးခံရသူ ၅ ဦးနှင့် ဌာနဆိုင်ရာစစ်ဆေးအရေးယူရန်တင်ပြထားသူ ၆ ဦး၊ ဆက်သွယ်၍မရသူ ၃ ဦး နှင့် ပျောက်ဆုံး၁ ဦးဖြစ်သည့်အတွက် လက်ရှိတာဝန်ထမ်းဆောင်ဆဲဝန်ထမ်း စုစုပေါင်း ၂၈ ဦး ရှိပါကြောင်း၊ ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းအိမ်ရာအဖြစ် မြို့နယ် အုပ်ချုပ်ရေးမှူးနေအိမ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ်နှင့် အစောင့်နေအိမ်သာရှိပြီး ဒုတိယဦးစီးမှူးများနှင့် အမှုထမ်းဝန်ထမ်းများအတွက် အိမ်ရာဆောက်လုပ်ထားခြင်းမရှိသေးသည့် အတွက် အမှုထမ်းဝန်ထမ်းများမှာ ၎င်းတို့၏မိသားစုများနှင့် အတူတကွနေထိုင်ပြီး ရုံးလုပ်ငန်း တာဝန်များထမ်းဆောင်နိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာများ လိုအပ်လျက်ရှိကြောင်းလည်း စစ်ဆေး တွေ့ရှိရပါကြောင်း။
အမှုထမ်းဝန်ထမ်းများသည် ယခင်ကချောင်းဦးမြို့အစွန်မှာရှိသည့် အိုးအိမ်ဝန်ထမ်းအိမ်ရာနှင့် ၎င်းတို့နေအိမ်များရှိသော ရပ်ကွက်နှင့်ကျေးရွာများတွင် နေထိုင်လျက်ရှိပြီး လတ်တလောဖြစ်ပွား နေသည့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ခြိမ်းခြောက်ခံရမှုများရှိသည့်အတွက် နေထိုင်ရန်အခက် အခဲရှိပြီး မိသားစုဝင်များကို တခြားသောမြို့များရှိ နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ပို့ဆောင်နေထိုင် ပြီး ဝန်ထမ်းများအနေဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် နေထိုင်မှုအဆင်ပြေ စေရေး အတွက်ကိုလည်း စီစဉ်ဆောင်ရွက်ပေးထားကြောင်း တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော် ကိုယ်စားလှယ်ကြီးတင်ပြထားသည့် အမှုထမ်းအိမ်ရာ ၄ ခန်းတွဲ ၂ ထပ် ဆောက်လုပ်ပေးမှုနှင့် စပ်လျဉ်း ပြီး ချောင်းဦးမြို့၊ မြို့မရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းအတွင်း ရှိသည့် ၃၅ ပေ x ၉၀ ပေမြေကွက်လပ်ပေါ်တွင် အမှုထမ်းဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှာ လျာထားတင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားများနှင့် ပေါင်းစပ်ဖြေကြားခဲ့ပါသည်။