မလှိုင်မြို့နယ်၊ ရွှေစုခင်နှင့် သဘွတ်ကုန်းရွာတို့တွင် လျှပ်စစ်မီးမရရှိသေးသဖြင့် လိုင်းများသွယ်တန်း ပေးရန်အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မလှိုင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်မပါ ကျေးရွာ အုပ်စု ၅၂ အုပ်စု၊ ကျေးရွာပေါင်း ၂၄၇ ရွာရှိပြီး ၂၃၃ ရွာတွင် လက်ရှိ လျှပ်စစ်မီးရရှိပြီး မရရှိသေးသည့် ရွာ ၁၄ ရွာ ကျန်ရှိလျက် ရှိပါကြောင်း၊ အဆိုပါ ၁၄ ရွာအနက် ၁၁ ရွာသည်လည်း မီးလင်းရေးအတွက် လိုအပ်သော ၄၀၀ ဗို့လိုင်းများ ကျေးရွာအလိုက် ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိနေပြီး ရွှေစုခင်ကျေးရွာ၊ သဘွတ်ကုန်း(တောင်)ရွာနှင့် သဘွတ်ကုန်း(မြောက်)ရွာတို့တွင် လိုအပ်သော ၄၀၀ ဗို့လိုင်းများ ကျေးရွာအစီအစဉ်ဖြင့် သွယ်တန်းတပ်ဆင်ရန်အတွက် ငွေကြေး အခက်အခဲများရှိနေသောကြောင့် ယနေ့ထိ လျှပ်စစ်မီးရရှိသုံးစွဲနိုင်ခြင်း မရှိသေးပါကြောင်း၊ လျှပ်စစ် မီးသည် လူတို့၏ နေ့စဉ်ဘဝ ပိုမိုအဆင်ပြေချောမွေ့စေနိုင်ခြင်း၊ ညဘက်တွင် လုံခြုံမှုအတွက် အထောက်အကူပြုပေးနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် အိမ်တွင်းစက်မှုလုပ်ငန်းများတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုပါကြောင်း၊ ထို့အပြင် လူငယ် များ စာပေပညာရပ်နှင့် အခြားပညာရပ်ဆိုင်ရာ သင်ကြားရေးကိုလည်း အွန်လိုင်းပညာရေးစနစ်မှ သင်ယူနိုင်ခြင်း၊ သတင်းအချက်အလက်များ ရရှိနိုင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အတွက် များစွာအထောက်အကူပြုခြင်းတို့ကြောင့် နေ့စဉ်လူမှုဘဝအတွက် လိုအပ်ချက်တစ်ခု ဖြစ်ပါကြောင်း။
သဘွတ်ကုန်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၈ ရွာရှိပြီး ယခုတင်ပြသည့် ၃ ရွာမှအပ ကျန် ၅ ရွာတွင် လျှပ်စစ်မီးရရှိအသုံးပြုနေပြီဖြစ်ပြီး တင်ပြပါ ရွာ ၃ ရွာတွင် အိမ်ခြေ ၃၀၆ အိမ် နှင့် လူဦးရေ ၁,၇၈၄ ဦး နေထိုင်လျက်ရှိပါကြောင်း၊ ကျေးရွာရှိ လူအများစုသည် ယာသီးနှံစိုက်ပျိုးမှုကို အဓိကအားထား အသက်မွေးဝမ်းကျောင်းပြုရပြီး အများစုသည် စီးပွားရေးမပြေလည်ဘဲ ကျပ်တည်းကြပါကြောင်း၊ သဘွတ်ကုန်းကျေးရွာအုပ်စု၊ ရွှေစုခင်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ 11 KV လိုင်း ၃.၂ မိုင်နှင့် 200 KVA ထရန်စဖော်မာ ၁ လုံး တပ်ဆင်ခြင်းလုပ်ငန်း၊ သဘွတ်ကုန်း(တောင်)ရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ 11 KV လိုင်း ၀.၃ မိုင်နှင့် 50 KVA ထရန်စဖော်မာ ၁ လုံး တပ်ဆင်ခြင်း လုပ်ငန်း၊ သဘွတ်ကုန်း(မြောက်)ရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ 11 KV လိုင်း ၀.၆၄ မိုင်နှင့် 50 KVA ထရန်စဖော်မာ ၁ လုံး တပ်ဆင်ခြင်းလုပ်ငန်းတို့အား ဆောင်ရွက်ပြီးဖြစ်သော်လည်း အဆိုပါ ကျေးရွာနေပြည်သူလူထု၏ စီးပွားရေးကျပ်တည်းမှုနှင့် ငွေကြေးအခက်အခဲများကြောင့် လျှပ်စစ်မီး ရရှိရေးအတွက် လိုအပ်သော ၄၀၀ ဗို့လိုင်းများ ယနေ့အချိန်အထိ သွယ်တန်းချိတ်ဆက်နိုင်ခြင်း မရှိ သေးသဖြင့် လျှပ်စစ်မီးမရရှိသေးပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ် E.P.C တွင်လည်း ဘတ်ဂျက် ခွဲဝေရရှိရေးအတွက် ၂ နှစ်ဆက်တိုက် တင်ပြခဲ့သော်လည်း ခွင့်ပြုမိန့်ရရှိခြင်း မရှိခဲ့သဖြင့် အဆိုပါ ကျေးရွာ ၃ ရွာ တွင် လျှပ်စစ်မီးရရှိနိုင်ရေးအတွက် ၄၀၀ ဗို့လိုင်းများ သဘွတ်ကုန်း (တောင်)ရွာတွင် ၀.၇၁ မိုင်၊ သဘွတ်ကုန်း(မြောက်)ရွာတွင် ၀.၈ မိုင်နှင့် လိုအပ်သော စုစုပေါင်း ၄၀၀ ဗို့လိုင်း ၂.၁၄ မိုင်တို့အား လူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ နိုင်ငံ တော်အစိုးရမှ သွယ်တန်းပေးနိုင်ရေး အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ သဘွတ်ကုန်းကျေးရွာအုပ်စု၊ ရွှေစုခင်ကျေးရွာ လျှပ်စစ် ဓာတ်အားရရှိရေးအတွက်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၃.၂ မိုင်နှင့် 11/0.4kV, 200 KVA ထရန်စဖော်မာ ၁ လုံး၊ သဘွတ်ကုန်း(တောင်)ကျေးရွာမှာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် NEP Phase II အစီအစဉ်ဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၀.၄ မိုင်၊ 11/0.4kV, 50 kVA ထရန်စဖော်မာ ၁ လုံး၊ သဘွတ်ကုန်း (မြောက်)ကျေးရွာမှာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် NEP Phase II အစီအစဉ်ဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၀.၆၁ မိုင်နဲ့ 11/0.4kV, 50 kVA ထရန်စဖော်မာ ၁ လုံး၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် 11/0.4kV, 50 kVA ထရန် စဖော်မာ ၁ လုံး တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း။
လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအနေဖြင့် ရွှေစုခင်ကျေးရွာ တွင် ၄၀၀ ဗို့ဓာတ်အားလိုင်း ၀.၉ မိုင်၊ သဘွတ်ကုန်း (တောင်) ကျေးရွာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၀.၈ မိုင်၊ သဘွတ်ကုန်း(မြောက်) ကျေးရွာမှာ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁.၂ မိုင်တို့ကို တိုးချဲ့ တည်ဆောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မလှိုင်မြို့နယ်ရှိ သဘွတ်ကုန်းကျေးရွာ အုပ်စု၊ ရွှေစုခင်ကျေးရွာ၊ သဘွတ်ကုန်း(တောင်)ကျေးရွာနှင့် သဘွတ်ကုန်း(မြောက်)ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် လိုအပ်သည့် ၄၀၀ ဗို့ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်း များကို ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။