လယ်ဝေးမြို့နယ်၊ အေလာနှင့် သာဝတ္ထိနယ်မြေအတွင်းမှ ရွာများအား ၄၀၀ ဗို့ ဓာတ်အားလိုင်းများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ အေလာနယ်မြေတွင် ကျေးရွာ ၁၃ ရွာနှင့် သာဝတ္ထိနယ်မြေအတွင်းမှ ကျေးရွာ ၂၉ ရွာတို့သည် ၂၀၁၈-၂၀၂၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တို့တွင် နေပြည်တော်ကောင်စီ၏ ငွေလုံး ငွေရင်းဘတ်ဂျက်ဖြင့် ၁၁ ကေဗွီအေဓာတ်အား လိုင်းနှင့် ၁၁/၀.၄ ကေဗွီအေထရန်စဖော်မာများအား တည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း၊ သို့သော် ယနေ့အချိန်အထိ မီးမလင်းသေးသည်ကို တွေ့ရှိရပါ ကြောင်း၊ တချို့ကျေးရွာများတွင် ထရန်စဖော်မာများ တည်ဆောက်ပေးထားသော်လည်း ၁၁ ကေဗွီအေ ဓာတ်အားလိုင်းနှင့် ၄၀၀ ဗို့အားလိုင်းများတည်ဆောက်ပေးရန် အထူးလိုအပ် လျက်ရှိပါ ကြောင်း၊ အေလာနယ်မြေအတွင်းမှ ကျေးရွာ ၁၃ ရွာမှ ပိတောက်ချောင် အုပ်စုတွင် လေးကသိန်း၊ အေးချမ်းသာ ကျေးရွာအုပ်စု၌ အေးချမ်းသာ၊ လက်ပန်တန်း၊ ညောင်ပင်သာ၊ အုတ်ဖိုဇောင်းနှင့် အောင်ချမ်းသာ ကျေးရွာတို့ဖြစ်ကြပါကြောင်း၊ ကရင်တောင်ကျေးရွာအုပ်စုမှ ကရင်တောင်၊ ကျောက်အိုး၊ အောင်သပြေ၊ သရက်ချောင်း၊ နနွင်းအိုင်နှင့် သစ်ကိုးပင်ကျေးရွာနှင့် ရွှေတိုက်တန်း ကျေးရွာ တို့ဖြစ်ပါကြောင်း၊ သာဝတ္ထိနယ်မြေအတွင်းမှာ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ ၂၉ ရွာမှ ပေါင်းလောင်း၊ အင်တိုင်းသာ၊ အောင်သုခ၊ ရွှေပြည်သာ၊ အောင်သာယာ၊ မြိုင်သာယာ၊ ပိန်းချောင်း၊ ဗောဓိပင်ကျေးရွာနှင့် ရွှေမြင့်မိုရ် ကျေးရွာ၊ ဇီးကုန်း၊ လသာ၊ သစ်ကြိမ်း၊ ကြာကန်၊ ကုန်းသာ၊ ညောင်ပင်ဝိုင်း၊ ကြို့ကုန်း၊ ရွာသစ်၊ ဗောဓိကုန်း၊ အောင်ချမ်းသာကျေးရွာတို့အပြင် ဘုရားကုန်း၊ ဟေမာန်၊ အောင်မင်္ဂလာ၊ အောင်စည်လာ၊ တဲကြီးကုန်း၊ အောင်နန်းချို၊ ဇလီ၊ ငှက်ကြီးတောင်၊ ကြို့တန်း ကျေးရွာများ ဖြစ်ကြပါကြောင်း။
အဆိုပါစစ်တောင်းမြစ်အရှေ့ဘက်ရှိ ကျေးရွာ ၄၂ ရွာသည် ပြည်ထောင်စုနယ်မြေအတွင်း၌ တည်ရှိနေခြင်း၊ လုံခြုံရေးအတွက်အားနည်းခြင်း၊ ကျေးရွာသူ ကျေးရွာသားများ၏ လူနေမှု ဘဝမြင့်မား စေရန်လိုအပ်ခြင်း၊ ကျေးရွာနေကျောင်းသား ကျောင်းသူများ ပညာသင်ကြားရာတွင် သင်ထောက်ကူပစ္စည်းများ၊ နည်းပညာများအသုံးပြုနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားရရှိရန် အလွန် အရေးကြီးပါကြောင်း၊ ၄၀၀ ဗို့အားလိုင်းများ ကိုယ်ထူကိုယ်ထ တည်ဆောက်ရမည်ဆိုလျှင်လည်း ကျေးရွာသူ ကျေးရွာသားများ အနေဖြင့် တောင်သူလုပ်ငန်းကိုသာ လုပ်ကိုင်နေရသူများဖြစ်ပါသဖြင့် ဆောင်ရွက်ရန်များစွာခက်ခဲလျက်ရှိနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကျောင်းသား ကျောင်းသူများ၏ ပညာရည် မြင့်မားစေရန်အတွက် ၄၀၀ ဗို့အားလိုင်း များတည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်မီးလင်း နိုင်ရေးအတွက် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်းဖြင့် မေးမြန်းပါသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးအေးကျော် က
လယ်ဝေးမြို့နယ်၊ အေလာနယ်မြေ အတွင်းမှာ ကျေးရွာ ၁၃ ရွာရှိသည့်အနက် အောင်ချမ်းသာ၊ အုတ်ဖိုဇောင်း၊ ပင်သောင်၊ ကျောက်အိုး၊ လက်ပန်တန်း၊ ညောင်ပင်သာ၊ အေးချမ်းသာ၊ အောင်သပြေ၊ သရက်ချောင်း၊ နနွင်းအိုင်၊ သစ်ကိုးပင်နှင့် လေးကသိန် စုစုပေါင်း ကျေးရွာ ၁၂ ရွာမှာ ၁၁ ကေဗွီ ဓာတ်အားလိုင်း စုစုပေါင်း ၁၆.၅ မိုင်၊ ၁၁/၀.၄ ကေဗွီ၊၁၀၀ ကေဗွီအေထရန်စဖော်မာ ၁၃ လုံး၊ ၁၁/၀.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံးတို့ကို နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်များမှာ တည်ဆောက်ပြီးဖြစ်ပါကြောင်း။
သို့သော် ကျေးရွာအတွင်းရှိသည့် ၄၀၀ ဗို့လိုင်းများ ၃၄.၃ မိုင်ခန့် တည်ဆောက်ရန် ကျန်ရှိနေခြင်းဖြစ်ပါကြောင်း၊ ကျန်ရှိနေသည့် ရွှေတိုက်တန်းကျေးရွာတွင် ၁၁ ကေဗွီဓာတ်အားလိုင်း၃.၅ မိုင်နှင့် ၁၁/၀.၄ ကေဗွီထရန်စဖော်မာ ၁ လုံးနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်း ၁ မိုင်ခန့် တည်ဆောက်ရန်လိုအပ်ပါကြောင်း၊ အေလာနယ်မြေအတွင်းရှိ ကျေးရွာ ၁၃ ရွာတွင်တည်ဆောက်ရန်လိုအပ်လျက်ရှိသည့် ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ တည်ဆောက်ခြင်းလုပ်ငန်းများအား နေပြည်တော်ကောင်စီရန်ပုံငွေဖြင့်လည်းကောင်း၊ ၄၀၀ ဗို့ဓာတ်အားလိုင်းများအား လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လည်းကောင်း ၂၀၂၇-၂၀၂၈ ဘဏ္ဍာ ရေးနှစ်မှစတင်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး နှစ်အလိုက်လျာထားဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ။
သာဝတ္ထိနယ်မြေမှာရှိသည့် ကျေးရွာ ၂၉ ရွာ အနက် အောင်သာယာ၊ ကြာကန်၊ ဗောဓိကုန်း၊ အောင်ချမ်းသာ၊ ဟေမာန်၊ အောင်မင်္ဂလာ၊ အောင်စည်လာ၊ တဲကြီးကုန်း၊ တဲကြီးကုန်း(ရွာသစ်)နှင့် အောင်နန်းချို စုစုပေါင်းကျေးရွာ ၁၀ ရွာမှာ ၁၁ ကေဗွီဓာတ်အားလိုင်း ၁၀.၃ မိုင်၊ ၁၁/၀.၄ ကေဗွီထရန် စဖော်မာ ၁၁ လုံးနှင့် ၄၀၀ ဗို့လိုင်း ၁၃.၅ မိုင်တို့ကို နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်များမှာ တည်ဆောက်သွယ်တန်းထားပြီး ဖြစ်ပါကြောင်း၊ သာဝတ္ထိနယ်မြေအတွင်း ကျန်ရှိနေသော ပေါင်းလောင်း၊ အင်တိုင်းသာ၊ အောင်သုခ၊ ရွှေပြည်သာ၊ သစ်ကြိမ်း၊ ကုန်းသာ၊ ညောင်ပင်ဝိုင်း၊ ကြို့ကုန်း၊ ရွာသစ်နှင့် ဘုရားကုန်းကျေးရွာ စုစုပေါင်း ၁၀ ရွာတွင် ၁၁ ကေဗွီလိုင်း ၁၄ မိုင်နှင့် ၁၁/၀.၄ ကေဗွီထရန်စဖော်မာ ၁၀ လုံးတို့ကို နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်များတွင် တည်ဆောက်ပြီးစီးပြီဖြစ်သော်လည်း ၄၀၀ ဗို့ဓာတ်အားလိုင်း၈.၅ မိုင် တည်ဆောက်ရန် ကျန်ရှိနေပါကြောင်း၊ မြိုင်သာယာ၊ ပိန်းချောင်း၊ ဗောဓိပင်၊ ရွှေမြင့်မိုရ်၊ ဇီးကုန်း၊ လသာ(ပေါက်မြိုင်)နှင့် ကြို့တန်း(တဲတန်း)ကျေးရွာ ၇ ရွာတွင်၁၁ ကေဗွီလိုင်း ၈.၆ မိုင်၊ ၁၁/၀.၄ ကေဗွီထရန်စဖော်မာ ၇ လုံးနှင့် ၄၀၀ ဗို့လိုင်း ၃.၅ မိုင်ခန့် တည်ဆောက်ရန် လိုအပ်လျက်ရှိပါသဖြင့် အဆိုပါကျေးရွာ ၁၇ ရွာတွင် တည်ဆောက်ရန် ကျန်ရှိသေးသည့် ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ၁၁/၀.၄ ကေဗွီထရန်စဖော်မာ တည်ဆောက်ခြင်းလုပ်ငန်းများအား နေပြည်တော်ကောင်စီ ရန်ပုံငွေဖြင့်လည်းကောင်း၊ ၄၀ဝ ဗို့ဓာတ်အားလိုင်းများအား လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်လည်းကောင်း ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ရန်ပုံငွေခွဲဝေရရှိမှု အပေါ် မူတည်ပြီး နှစ်အလိုက် လျာထားဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ။
သာဝတ္ထိနယ်မြေတွင် ၂၉ ရွာကျန်ရှိသည့်အနက် တောင်ပေါ်ဒေသဖြစ်သည့် ဇလီနှင့် လသာ(ငှက်ကြီးတောင်)ကျေးရွာ ၂ ရွာမှာ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသည့် အတွက် ကြောင့် မဟာဓာတ်အားလိုင်းစနစ်မှ ဓာတ်အားဖြန့်ဖြူးရန်အခက်အခဲရှိပါသဖြင့် သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက် ရှိသည့် မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေးလုပ်ငန်းစဉ်များမှာ ထည့်သွင်း၍အကောင်အထည်ဖော်ဆောင်ရွက်သွားရန်အတွက် အဆိုပါကျေးရွာ ၂ ရွာသည် လမ်းပန်းဆက်သွယ် ရေးအလွန်ခက်ခဲပြီး လုံခြုံရေးအခြေအနေမကောင်းသေးပါသဖြင့် မြေပြင်ကွင်းဆင်းနိုင်မှုမရှိခြင်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဆက်သွယ်စိစစ်ချက်အရ ပြည်သူပူးပေါင်းပါဝင်ရမည့် ငွေပမာဏ ကိုလည်း ထည့်ဝင်နိုင်ခြင်းမရှိသေးပါသဖြင့် လောလောဆယ်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်မရှိ သေးပါကြောင်း ဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။