နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၄.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယမြောက်နေ့သို့ လာရောက်လေ့လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ
MY EN

(ဂ) ဦးဉာဏ်ဝင်းထိုက်(ဗိုလ်တထောင်မဲဆန္ဒနယ်)

2026-09-24
ကာကွယ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးဉာဏ်ဝင်းထိုက် (ဗိုလ်တထောင် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်မှုအား စနစ်နှင့်အညီ အကောင်အထည်ဖော်နိုင်ရေး မည်သို့ ဆောင်ရွက်မည်နှင့် ဆက်လက်ဆောင်ရွက်နေသည်ကို ပြည်သူသိရှိနိုင်ရေး အသိပညာပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိတို့နိုင်ငံတွင်၂၀၂၁ ခုနှစ်၊ မဲမသမာမှုဖြစ်စဉ်နှင့် ၂၀၂၇ စစ်ဆင်ရေးဆိုသည့် အကြောင်းပြ ချက်ဖြင့် ငါနှင့်မတူ ငါ့ရန်သူဆိုပြီး ပြည်သူကို ဒလန်လို့ စွပ်စွဲပြီး လူကြီး၊ ကလေး၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်၊ ရဟန်း၊ သံဃာမကျန် တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးအကြမ်းဖက် သတ်ဖြတ်ပ၍ မြို့၊ ရွာ၊ ဘုန်းကြီးကျောင်း၊ စာသင် ကျောင်း၊ အစိုးရဌာနဆိုင်ရာအဆောက်အဦနှင့် လျှပ်စစ်တာဝါတိုင်များ၊ လမ်း၊ တံတားများကို အကြောင်းမဲ့မိုင်းခွဲဖျက်ဆီး‌ခြင်း၊ အကြမ်းဖက်ခြင်းများ လုပ်ခဲ့ကြပါကြောင်း၊ ထို့အတွက် ပြည်သူ တချို့တွင် ပိုင်ဆိုင်မှုများ၊ အိုးအိမ်ပစ္စည်းများကို ထားခဲ့ပြီး စစ်ဘေးရှောင်နေရသည့်ဒုက္ခများ ရခဲ့ပါကြောင်း၊ ယခုအချိန်အထိ အကြမ်းဖက်သောင်းကျန်းသူများလက်အောက်တွင်ရှိနေသည့် ပြည်သူများတွင်လည်း ဒုက္ခမျိုးစုံနှင့် အခက်အခဲများ ဖြစ်နေရပါကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို နိုင်ငံတစ်ဝန်းအဓိကထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ တပ်မတော်အင်အားရှိပြီး နိုင်ငံတော်ကာကွယ်ရေးစွမ်းအား တောင့်တင်းခိုင်မာရန် အထူး လိုအပ်မည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ (People Military Service Law) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှာ စတင်သက်ဝင်ပြဋ္ဌာန်းပေးခဲ့ပါကြောင်း၊ လက်ရှိနိုင်ငံရေးအခြေအနေအရ အသက် ၁၈ နှစ်ပြည့်သည့်နိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ်ရေးစွမ်းအား တောင့်တင်းခိုင်မာရန် တစ်ဖက်တစ်လမ်းကနေ ပြည်သူ့စစ်မှုထမ်းတာဝန်ကို နိုင်ငံတကာစံချိန်စံနှုန်း များနှင့်အညီ သိရှိနားလည်လက်ခံတာဝန်ထမ်းဆောင်ရမည် ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံ ၈၆ နိုင်ငံတွင်လည်း ပြည်သူ့စစ်မှုထမ်းစနစ်ကို လက်တွေ့ကျကျ ကျင့်သုံးနေသည်ကိုတွေ့ရသဖြင့် ပြည်သူလူထုကိုလည်း နှိုင်းယှဉ်အသိပေးချပြရန် လိုအပ်မည် ဖြစ်ပါကြောင်း။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းတာဝန်များ ထမ်းဆောင်ခဲ့ပြီးနောက် နိုင်ငံတော်ကာကွယ်ရေးအခန်းကဏ္ဍအတွက် အထောက်အကူများစွာရခဲ့ပါကြောင်း၊ ယခုဆိုလျှင် နိုင်ငံအတွင်း ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ်(၂၀) ကျော်အထိ ဖွင့်လှစ်ပေးခဲ့ပြီး လက်ရှိ သင်တန်းများဖွင့်လှစ်နေဆဲ ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေအပေါ် အဆိုးမြင်စိတ်နှင့် မဟုတ်မမှန်၊ နည်းလမ်းမျိုးစုံနှင့် ဝါဒဖြန့်နေသည့် ပြည်ဖျက်မီဒီယာများ ဘယ်လိုပဲဝါဒဖြန့်နေပါစေ၊ စစ်မှုထမ်းရန် မြေပြင်သည် နည်းလမ်းမျိုးစုံသုံး၍ ရှာဖွေစုဆောင်းခံရသည့် သူများဖြစ်နေပါစေ စစ်မှုထမ်းသည့်အချိန်တွင် လူငယ်များသည် တိုင်းပြည်အတွက် စိတ်ပါလက်ပါ စိတ်အားထက်သန်စွာနှင့် တာဝန်ကို ပျော်ရွှင်ကျေနပ်စွာထမ်းဆောင်နေကြပါကြောင်း၊ တချို့ပြည်သူ့ စစ်မှုထမ်း လူငယ်လေးများဆိုလျှင် တိုက်ပွဲထူးချွန်စိတ်များ ရရှိသည်ကိုတွေ့ရပါကြောင်း။

စစ်မှုထမ်းဆင့်ခေါ်မှုအပေါ်တွင်  ပြည်သူလူထုက ဂဃနဏ မသိသေးသည်ကို လည်း ရှိနေသည်ဖြစ်သည့်အတွက် စစ်မှုထမ်းမည့်လူငယ်တချို့တွင် စိုးရိမ်ထိတ်လန့်ပြီး ပြောင်းသွားခြင်း၊ နိုင်ငံခြားကို တိမ်းရှောင်ခြင်းများအပြင် ရပ်ကျေးတချို့များတွင် စစ်မှုထမ်း ဆင့်ခေါ်သည့်လုပ်နည်း နည်းလမ်းအမှားတချို့ရှိနေသော်ကြောင့် ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်မှုလုပ်ငန်း ကို ယခုဆောင်ရွက်နေသည့်နည်းလမ်းလုပ်ငန်းများထက် ပိုမိုရှင်းလင်းကျယ်ပြန့်စွာ အသိပေးရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုကို ထိရောက်မှုရှိအောင် အသိပေးနိုင်ရန်အတွက် မီဒီယာပလက်ဖောင်းပေါ်မှ အသိပေးတာများ၊ ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင် စသည့်  အနုပညာရှင်များ ပါဝင်သည့် ပညာပေးဇာတ်လမ်းတို၊ ဇာတ်လမ်းရှည်များ ရိုက်ကူး အသိပေးခြင်းအပြင် အခြားသော ပိုမိုကောင်းမွန်လက်တွေ့ကျသည့် နည်းလမ်းမျိုးစုံနှင့် အသိပေး ခြင်းများကို လုပ်ဆောင်ပေးသင့်ပါကြောင်း၊ တခြားနိုင်ငံများတွင်  ကျင့်သုံးသည့်  ပြည်သူ့စစ်မှု ထမ်းမူနှင့် အကျိုးခံစားခွင့်များကိုလည်း မိမိနိုင်ငံ၏ လက်ရှိအနေ အထားအဖြစ် နှိုင်းယှဉ်ချိန် ဆဆောင်ရွက်၍ လုပ်ဆောင်ပေးသင့်ပါကြောင်း၊

ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်မှုလုပ်ငန်းသည် လက်ရှိအချိန်တွင် နိုင်ငံတော်အတွက် အဓိကအရေးပါသည့် အခန်း ကဏ္ဍတစ်ခုဖြစ်သော်ကြောင့် စနစ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မည်သို့ ဆောင်ရွက်မည်နှင့် ဆောင်ရွက်နေမှုအား ပြည်သူလူထုမှ ဂဃနဏ သိရှိနိုင်ရေးအတွက် ဆောင်ရွက်နေသည်ထက် ပိုမိုရှင်းလင်းကျယ်ပြန့်စွာ အသိပေးမှုလုပ်ငန်းများ ဆောင်ရွက်သွားရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။ 

အဖြေ
အဖြေ

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့် က

မေးခွန်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို မည်သည့်အတွက်ကြောင့် ပြဋ္ဌာန်းပြီး မည်သို့ကျင့်သုံးနေသည်ဆိုသည့်အပိုင်းနှင့် ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် နိုင်စေရေးအတွက် အသိပညာပေးလုပ်ငန်းများကို မည်သို့ဆောင်ရွက်နေသည်ကို ရှင်းလင်း တင်ပြသွားမည်ဖြစ်ပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၅ မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ် ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားရှိပါကြောင်း၊ ထိုဥပဒေ ပြဋ္ဌာန်းချက်များအရ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် တို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိပြီး ထိုတာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက် ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ အသက်သတ်မှတ်ချက်နှင့်ကိုက်ညီသည့် နိုင်ငံသားတိုင်း နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်ပညာသင်ကြား၍ စစ်မှုထမ်းဆောင်နိုင်စေရေး ထိုပြည်သူ့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုဥပဒေကို နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက် တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်၍ ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းစဉ်များကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။

ပြည်သူ့စစ်မှုထမ်းဥပဒေကိုကျင့်သုံးရာတွင် စနစ်တကျရှိစေရေးနှင့် လုပ်ငန်းစဉ်များ ရှင်းလင်း လွယ်ကူစေရေးအတွက် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်တွင် ထုတ်ပြန်၍ လက်ရှိ ပြည်သူ့စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ရာတွင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် စနစ်တကျနှင့် စည်းကမ်းတကျရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း၊ ဒေသနှင့် ပြည်နယ်၊ တိုင်းဒေသကြီးများတွင်ရှိသည့် ခရိုင်အဖွဲ့၊ မြို့နယ်အဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်း၍ ပုံစံ ၁၂ မျိုးနှင့် ပြည်သူ့စစ်မှုထမ်းလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း။ ထို့အပြင် လုပ်ငန်းများ အချိတ်ဆက်မိမိဆောင်ရွက်နိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဆိုင်ရာလုပ်ငန်းအဖွဲ့ ၁၂ ဖွဲ့ကို စနစ်တကျ ဖွဲ့စည်း၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ဆောင် လျက်ရှိပါကြောင်း။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ သတ်မှတ်ချက် များနှင့် အကျုံးဝင်သူ အမျိုးသားများကို ဆင့်ခေါ်လျက်ရှိပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကောက်ယူသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းဆောင် ရန် အသက်အရွယ်အရ အကျုံးဝင်သူအမျိုးသားဦးရေ ၆.၂ သန်းခန့် ရှိပါကြောင်း၊  ထို့ကြောင့် ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင် နယ်မြေ၊ ဒေသအားလုံးတွင် ပြည်သူ့စစ်မှုထမ်းရန် သတ်မှတ် ချက်နှင့် အကျုံးဝင်၊ ကိုက်ညီသူအားလုံးကို တစ်ပြိုင်တည်း၊ အင်အားတစ်ပြေးညီ သတ်မှတ်ခေါ်ယူ စေသည်ကို မဟုတ်ဘဲ သက်ဆိုင်ရာနယ်မြေဒေသ၊ မြို့နယ်အလိုက်အကျုံးဝင်လူဦးရေ၊ လူဦးရေ အစိတ်အကျဲ၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုအခြေအနေ၊ လမ်းပန်းဆက်သွယ်မှုအခြေအနေ စသည်များကို အသေးစိတ်အခြေခံတွက်ချက်၍ အချိုးကျသတ်မှတ်ဆင့်ခေါ်စေပြီး မိမိတို့ တစ်နိုင်ငံလုံးတွင် ရပ်ကွက်၊ ကျေးရွာပေါင်း ၆၆,၀၀၀ ကျော် ရှိသည့် အတွက် လက်ရှိလစဉ်ဆင့်ခေါ်နေသည့် အင်အားအရ ရပ်ကွက်၊ ကျေးရွာတိုင်း လစဉ်ပြည်သူ့စစ်မှုထမ်း စုဆောင်းပေးရန်မလိုဘဲ အလှည့်ကျရင် သတ်မှတ် အရေအတွက်အနည်းငယ်သာ ဆင့်ခေါ်ပေး နေခြင်း ဖြစ်ပါကြောင်း၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များမှ ဆင့်ခေါ်ခဲ့သည့် ပြည်သူ့ စစ်မှုထမ်းများအနက် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်ရသူများကို ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအရ သတ်မှတ်ချက်များအပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ဖြေလျှော့ ပေးထားသည့် သတ်မှတ်ချက်များအရ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ အဆင့်ဆင့်စိစစ်ပြီး ပြန်လည်စေလွှတ်ပေးလျက်ရှိပါကြောင်း၊ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်ရရှိ နိုင်သည့် သတ်မှတ်ချက်များကို နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြပေးလျက်ရှိပါကြောင်း။

နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဖြစ်လို့ ပြည်သူ့စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သည့် အမျိုးသားတိုင်း နိုင်ငံတော်ကာကွယ်ရေးအတတ်ပညာ တတ်မြောက် စေရန်နှင့် လက်ရှိ နိုင်ငံတော်လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးကိစ္စရပ်များ ပိုမိုဆောင်ရွက် နိုင်ရန်အလို့ငှာ သင်တန်းကျောင်းများမှ လစဉ်လက်ခံ လေ့ကျင့်သင်ကြားပေးနိုင်သည့် အင်အားကို ထည့်သွင်းတွက်ချက်၍ စနစ်တကျ ဆင့်ခေါ်ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ခြင်းကိစ္စသည် မိမိတို့နိုင်ငံ၏ပထဝီနိုင်ငံရေးအရ အချက်အချာကျ တည်ရှိနေမှုကြောင့် နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းပကား မြင့်မားရန် လိုအပ်မှုရှိနေခြင်း၊ နိုင်ငံတော်ကိုကာကွယ်ရန်တွင် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်တာကြောင့် ဥပဒေအရအကျုံးဝင်သူ အမျိုးသားများ နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ခွင့်ရရှိစေခြင်းတို့အပြင် တာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသူ ပြည်သူ့စစ်မှုထမ်းများ အရပ်ဘက်ကို ပြန်လည်ရောက်ရှိသွားလျှင် တပ်မတော်အပေါ်ကို စာနာ နားလည်စိတ်နှင့် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေရေးကို အထောက်အကူ ပြုနိုင်ခြင်းတို့ကြောင့် မဖြစ်မနေလိုအပ်လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

ထိုသို့ အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုတစ်ရပ်လုံးက အမျိုးသားရေးတာဝန် တစ်ရပ်အနေနှင့်  တာဝန်သိသိ လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးရေးလုပ်ငန်း များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အလေးထား လုပ်ဆောင်လျက်ရှိပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုတစ်ရပ်လုံးက နိုင်ငံတော် ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းသည် တာဝန်ရှိတယ်ဆိုသည့် အသိစိတ်ဓာတ်မြင့်မားစွာရှိမှသာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းမှာဖြစ်သည့်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ အပါအဝင် ဆင့်ခေါ်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ပြည်သူလူထုထံသို့ မီဒီယာပလက်ဖောင်းအမျိုးမျိုးမှ နေ့စဉ်ထုတ်ပြန် အသိပေးလျက် ရှိပါကြောင်း၊ ပြည်သူလူထုထံကို ပြည်သူ့စစ်မှုထမ်းနှင့် စပ်လျဉ်းသည့် အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိစေရေး နေ့စဉ်ထုတ် သတင်းစာများ၊ အစိုးရ/ပုဂ္ဂလိက တီဗီ ချန်နယ်များ၊ ရေဒီယိုချန်နယ်များ၊ ဝန်ကြီးဌာနဝက်ဘ်ဆိုဒ်များနှင့် လူမှုကွန်ရက်အသီးသီးတို့တွင် သတင်းများဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ အစိုးရထုတ် နေ့စဉ်သတင်းစာများတွင်လည်း ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် သတင်းများကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေး လျက်ရှိပြီး ဆောင်းပါးများရေးသားခြင်း၊ အယ်ဒီတာ့အာဘော်များ ဖော်ပြခြင်း၊ ကဗျာများ၊ ကာတွန်း များဖြင့်လည်း အခါအားလျော်စွာ ဖော်ပြပေးလျက်ရှိပါကြောင်း၊ အစိုးရ၊ ပုဂ္ဂလိကတီဗီချန်နယ်များတွင် ပြည်သူ့စစ်မှုထမ်းများ စုရပ်အသီးသီးမှ သင်တန်းကျောင်းများကို ရောက်ရှိချိန်မှစ၍ သင်တန်းဖွင့်၊ သင်တန်းဆင်းသတင်းများ၊ တာဝန်ပြီးဆုံးလို့ မိဘရပ်ထံကို ပြန်လည်ရောက်ရှိသည့် သတင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးလျက်ရှိပါကြောင်း။

ပြည်သူ့စစ်မှုထမ်းနှင့်စပ်လျဉ်း၍ ပြည်သူလူထုကို စိတ်ဝင်စားမှု မြင့်တက်စေရေးနှင့် ဆင့်ခေါ် ရေးလုပ်ငန်းစဉ်များကို သဘောပေါက်နားလည်စေရေးအတွက် ဇာတ်လမ်းတိုများ ထုတ်လွှင့်ခြင်း၊ အင်တာဗျူးများပြုလုပ်၍ တွေ့ဆုံမေးမြန်းခြင်း၊ တေးသီချင်းများထုတ်လွှင့်ခြင်း၊ အသိပညာပေး Talk Show များ ထုတ်လွှင့်ခြင်းတို့ကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ၍ လူငယ်များ ခံယူချက်၊ ယုံကြည်ချက်မှန်ကန်ပြီး ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းကို ဂုဏ်ယူတတ်လာစေရန်အတွက် တောစီးဖိနပ်လေးနှင့် အိမ်ပြန်ချိန်ကဲ့သို့သော ဇာတ်လမ်းတိုများ ရိုက်ကူးထုတ်လွှင့်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြဝတီရုပ်မြင်သံကြားမှ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အသိပညာပေး ထုတ်လွှင့်နိုင်ခဲ့မှုများသည် ဖော်ပြပါအတိုင်း တွေ့ရှိရမည်ဖြစ်ပါကြောင်း၊  အစိုးရနေ့စဉ်ထုတ် သတင်းစာ များတွင် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အသိပညာပေးသတင်းများကို ဖော်ပြပေးနိုင်မှုအား တင်ပြအပ် ပါကြောင်း၊  ပြည်သူ့စစ်မှုထမ်းလုပ်ငန်းစဉ်နှင့်စပ်လျဉ်းပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြန်မာ့အသံ ရေဒီယိုတို့မှ အသိပညာပေးထုတ်လွှင့်ဖော်ပြနိုင်ခဲ့သည့်  အကြိမ်အရေအတွက်များ ကိုလည်း တင်ပြအပ်ပါကြောင်း၊  ထို့အပြင် ပုဂ္ဂလိကရုပ်သံလိုင်းများတွင်လည်း နှိုးဆော်ချက်များ၊ အသိပေးကြေညာ ချက်များ၊ ဇာတ်လမ်းတိုများနှင့် တေးသီချင်းများကို တင်ပြပါအရေအတွက်များအတိုင်း ထုတ်လွှင့် ပြသပေးခဲ့ပါကြောင်း၊ ထို့အပြင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းစဉ် သတင်းများကို မြို့၊ ရွာ၊ ကျေးလက်များပါမကျန် ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရေးအတွက် မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာများဖြင့်ပါ ရေဒီယိုများ၊ FM သတင်းထုတ်လွှင့်မှုများမှ တစ်ဆင့် သတင်းများထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာန Website များ၊ မြဝတီ Web portal တို့တွင် လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များကို ကဏ္ဍတစ်ခုအနေနှင့် ထည့်သွင်းထား ရှိပါကြောင်း။

ယနေ့ခေတ်သည် ဆိုရှယ်မီဒီယာခေတ်ဖြစ်သည်နှင့်အညီ ပြည်သူ့စစ်မှုထမ်းများနှင့် စပ်လျဉ်းသည့်  သတင်းများ ပြည်သူလူထုအတွင်းကို အချိန်တိုတိုဖြင့် လျင်လျင်မြန်မြန်၊ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရေး ဆိုရှယ်မီဒီယာပလတ်ဖောင်းများဖြစ်သည့်  Facebook၊ Telegram၊ TikTok ၊ Vlog၊ Twitter(X)। YouTube  တို့တွင် တစ်ဆင့် နေ့စဉ်အချိန်နှင့်တစ်ပြေးညီ သတင်းများ ဖော်ပြပေးလျက်ရှိပါကြောင်း၊ Facebook အကောင့်ပေါင်းများစွာနှင့် သတင်းများဖော်ပြခြင်း၊ အသိပေးနှိုးဆော်ချက်များ ဖြန့်ဝေခြင်း၊ Telegram ချန်နယ်များ၊ TikTok အကောင့်များ ပြုလုပ်ထားပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များ၊ သင်တန်းဖွင့်၊ သင်တန်းဆင်းသတင်းများ၊ ရဲဝံ့စွန့်စားစွာဖြင့် စစ်မှုထမ်းဆောင်မှု သတင်းများ၊ တာဝန်ကျေပွန်ပြီး အိမ်အပြန်ခရီးစဉ်သတင်းများ တာဝန်ကျေပွန် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအတွက် အလုပ်အကိုင်ရှာဖွေပေးနေသည့်သတင်းများကို တိုတိလိုရှင်းစွာဖြင့် အများပြည်သူသိရှိနား လည်စေရန်  ထပ်ကာတလဲလဲ ဖော်ပြပေးလျက်ရှိနေပါကြောင်း၊ သင်တန်းကျောင်း အသီးသီးတွင် ပြည်သူ့စစ်မှုထမ်းများကို လေ့ကျင့်ပေးနေမှုများ ပြည်သူလူထုမှသိရှိစေရန် အတွက် ပျိုမေ Vlog အဖွဲ့၏ စိတ်ဝင်စားဖွယ်ရာ တွေ့ဆုံမေးမြန်းမှုများ၊ သင်ခန်းစာ လေ့ကျင့်နေမှု ပုံရိပ်များအပါအဝင် တာဝန်ကျေနိုင်ငံ့သားကောင်းများကို မိဘပြည်သူများက ကြိုဆိုနှုတ်ဆက်နေသည့် ပုံရိပ်များကိုလည်း ပျိုမေ Vlog အဖွဲ့မှ သတင်းများဖြန့်ချိပေးလျက်ရှိပါကြောင်း၊  ထို့အပြင် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံတကာကသိရှိစေရန်အတွက် အင်္ဂလိပ် ဘာသာနှင့် သတင်းထုတ်ပြန်ခြင်းများအပြင် Twitter(X) စာမျက်နှာမှတစ်ဆင့်လည်း သတင်းများ ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ YouTube တွင်လည်း ပြည်သူ့စစ်မှုထမ်းနှင့်စပ်လျဉ်းသည့် သတင်းများကို လွှင့်တင်ထားပြီး သတင်းများ ပိုမိုပျံ့နှံ့အောင် ဖြန့်ဝေပေးလျက်ရှိပါကြောင်း။

ပြည်သူ့စစ်မှုထမ်းနှင့်စပ်လျဉ်းသည့် အရေးကြီးသတင်းအတိုလေးများ ပြည်သူလူထု ထံကို တိုက်ရိုက်ရောက်ရှိစေရန်အတွက် ဆက်သွယ်ရေးအော်ပရေတာ  ၄ ခုမှ တစ်ဆင့် SMS ပေးပို့ခြင်း ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ အပါအဝင် ဆင့်ခေါ်ရေးလုပ်ငန်းစဉ် များသည် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် လက်ကမ်းစာစောင်များ ရိုက်နှိပ်ပြီး ရပ်ကွက်၊ ကျေးရွာများအတွင်း ဖြန့်ဝေအသိပေး လျက်ရှိပါကြောင်း၊  ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ အများပြည်သူ သိရှိလိုသည်များကို မေးမြန်းနိုင်ရန်နှင့် ဥပဒေနှင့်မညီသည့် ဆောင်ရွက်နေမှုများကို သတင်းပေး ပို့တိုင်ကြားနိုင်ရေး ဆက်သွယ်ရမည့် ဖုန်းနံပါတ် များကိုလည်း အသိပေးကြေ ညာထားပြီး ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရနှင့်  တပ်မတော်ကို ဆန့်ကျင်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ ဆိုရှယ်မီဒီယာများကိုအသုံးပြု၍ သတင်းတု၊ သတင်းမှားများနှင့် ပြည်သူ့ စစ်မှုထမ်းဆင့် ခေါ်ရေးလုပ်ငန်းစဉ်များသည် နှောင့်ယှက်တိုက်ခိုက်လျက်ရှိပါကြောင်း၊ ဆိုရှယ်မီဒီယာ များပေါ်တွင် မကြာခဏတွေ့မြင်နေရသည့် သတင်းတု၊ သတင်းမှားများကို သက်ဆိုင်ရာ တာဝန်ရှိ သူများအနေနှင့်စိစစ်၍ သတင်းမှန်များအား တုံ့ပြန်ဖြေကြားခြင်း၊ လူမှုကွန်ရက်အသီးသီးမှ သတင်းတု၊ သတင်းမှားများကို တုံ့ပြန်ချေဖျက်ခြင်း၊ သတင်းစာရှင်းလင်းပွဲအပါအဝင် နေ့စဉ်ထုတ် သတင်းစာများ၊ ဆောင်းပါးများရေးသားခြင်း၊ အသိပေးရှင်းလင်းချက်များ ထုတ်ပြန်ခြင်းများကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်သည် နိုင်ငံတော်နှင့် တပ်မတော်အတွက် အလွန်အရေးကြီး၍ နိုင်ငံတော်ကာကွယ်ရေးအတွက် မဖြစ်မနေလုပ်ရသည့်  လုပ်ငန်းစဉ် ကြီးဖြစ် သကဲ့သို့  ဥပဒေ၊ နည်းဥပဒေများနှင့် အညီ စနစ်တကျဖြင့် အသေးစိတ် စီမံလုပ် ဆောင်ရသည့် လုပ်ငန်းစဉ်ကြီး ဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းစဉ်ကြီး ပိုမိုထိရောက်အောင်မြင်စေရန်အတွက် လွှတ်တော်ကိုယ်စားလှယ် ကြီးအနေနှင့်  အကြံပြုသဘောမေးခွန်းမေးမြန်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် အချိန်ကန့်သတ်ချက်အရ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ အရပ်ရပ်ကို အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီးဖြစ်ပါကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ် များ လွယ်ကူချောမွေ့စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနှင့်လည်း မိမိတို့ သက်ဆိုင်ရာမဲဆန္ဒနယ်မြေများရှိ ပြည်သူလူထုအား စည်းရုံးဆောင်ရွက်ပေးနိုင်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။

ဦးဉာဏ်ဝင်းထိုက်(ဗိုလ်တထောင်မဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်

          လက်ရှိ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းသည့်နေရာတွင် လက်ရှိတပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ကြီးများ၏သားသမီးများပါ စစ်မှုထမ်းနေကြောင်းသိရသည့် အတွက် များစွာဂုဏ်ယူရပါကြောင်း၊ ထို့အတွက် နိုင်ငံတကာနည်းတူ မိမိတို့နိုင်ငံတွင်လည်း အကျုံးဝင်သည့်အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ၎င်းတို့၏သားသမီးတို့ကိုပါ စစ်မှုထမ်းဆင့်ခေါ်ရန် အစီအစဉ် ရှိ မရှိနှင့် တချို့စစ်မှုထမ်း၍ နေအိမ်ပြန်သည့် စစ်မှုထမ်းလူငယ်လေးများသည် အပြန်စရိတ်များ၊ စားစရိတ်များ၊ နေရေး၊ ထိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ အခက်အခဲဖြစ်နေကြောင်း မြို့နယ်တချို့မှ သိရှိရပါကြောင်း၊ ထို့အတွက်ကြောင့် ထိုကိစ္စကိုလည်း အဆင်ပြေအောင် မည်သို့ဆောင်ရွက်သွားမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ 2026-09-24 01:00 PM
အဖြေ

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့် က 

မိမိတို့အနေနှင့် ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်ပြီး မိဘရပ်ထံပြန်သည့်ကလေးများကို သက်ဆိုင်ရာပြည်နယ်အစိုးရ၊ တိုင်းဒေသကြီးအစိုးရ များအစီအစဉ်နှင့် ထောက်ပံ့ပေးသလိုမျိုး၊ မိမိတို့ တပ်မတော်အနေနှင့်လည်း တိုင်းစစ်ဌာနကြီး မှ ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ထမ်းဆောင်ခြင်းနှင့် စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အမျိုးသားတိုင်းသည် အလှည့်ကျသည့် အချိန်ကျလျှင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကင်းလွတ်ခွင့်ရရှိနိုင် သည့်သူများမှလွဲ၍ ကျန်သည့်သူများသည် အလှည့်ကျတာဝန် ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။