စလင်းမြို့နယ်၊ အ.ထ.က(ခွဲ)၊ တောင်ရုံးပင်ကန်ကျောင်းတွင် ၂ ထပ်ကျောင်းဆောင်သစ်ကို မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း တောင်ရုံးပင်ကန် ကျောင်းသည် ၁၉၆၇ ခုနှစ်မှစ၍ အခြေခံပညာမူလတန်းကျောင်း စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကျောင်းဧရိယာအကျယ်အဝန်းတွ၍် ၁.၅၆ ဧက၊ အလျား ၃၂၇ပေ၊ အနံ၂၉၃ ပေ ရှိပါကြောင်း၊ ၁၉၉၆-၁၉၉၇ ဘဏ္ဍာရေးနှစ်တွင် သွပ်မိုးအုတ်ညှပ်၊ ကွန်ကရစ်ခင်း (၁၀၀ x ၃၀)ပေကို နိုင်ငံတော်မှ ချပေးငွေနှင့် ရပ်ရွာပူးပေါင်းဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားဦးရေ တိုးတက်လာ သည်နှင့်အမျှ မူလတန်းမှစ၍ ယနေ့ချိန်ထိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အဖြစ် အဆင့်ဆင့် တိုးတက်လာခြင်းဖြစ်ပါကြောင်း၊ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ၄၅၀ ဦးဖြစ်ပါ ကြောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အဖြစ်အစဉ်တိုးတက်လာသည်နှင့်အမျှ လိုအပ်သည့် ကျောင်းဆောင်များကိုလည်း ရပ်ရွာမှအလှူရှင်များမှ ၂၀၀၁-၂၀၀၂ မှာ သွပ်မိုးအုတ်ညှပ် (၆၀ x ၃၀) ပေ တစ်ဆောင်၊ ၂၀၁၉-၂၀၂၀ မှာ သွပ်မိုးထရံကာ (၇၀ x ၂၀) ပေ တစ်ဆောင်၊ ၂၀၂၂-၂၀၂၃ တွင် သွပ်မိုးထရံကာ (၅၀ x ၃၀) ပေ တစ်ဆောင် စုစုပေါင်းသုံးဆောင်ကို ရပ်ရွာမှ အလှူရှင်များနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအခါ နှစ်ပေါင်း ၃၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော နိုင်ငံတော်မှ ချပေးခဲ့သည့် (၁၀၀ x ၃၀) ပေ သွပ်မိုးအုပ်ညှပ် တစ်ထပ်ဆောင်ဆိုလျှင် ခြစား ဆွေးမြည့်နေပြီး ယိုင်နဲ့နေခြင်း၊ နံရံများပြိုလဲနေခြင်း၊ မိုးမလုံခြင်းများဖြစ်နေပါသဖြင့် အန္တရာယ်ရှိသော အနေအထား သို့ ရောက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ စလင်းမြို့နယ် အ.ထ.က(ခွဲ)၊ တောင်ရုံးပင်ကန် ကျောင်းမှှာ (၁၄၀ x ၃၀) ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ်ချထားပေးရန် အစီအစဉ် ရှိ မရှိ၊ ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်မှာ ရရှိနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ငွေလုံးငွေရင်းတည်ဆောက်ရေး ခွင့်ပြုရန်ပုံငွေကျပ် ၃၄၁၉၂.၄ သန်းနှင့် လုပ်ငန်း ၁၃၆ ခုကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် အသစ်ဆောက်လုပ် ခြင်းလုပ်ငန်း ၁ ခုအတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၅၆.၅ သန်းလည်း ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ တောင်ရုံးပင်ကန်-အခြေခံပညာ အထက် တန်းကျောင်း(ခွဲ)တွင် မူလတန်းအဆင့်ကျောင်းသား ၂၄၀၊ အလယ်တန်းအဆင့်ကျောင်းသား ၁၇၆၊ အထက်တန်းအဆင့်ကျောင်းသား ၃၉ ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၄၅၅ ဦး တက်ရောက်လျက်ရှိပါကြောင်း။
ကျောင်းဆောင်များအနေဖြင့် အဆိုပါကျောင်းတွင် ကျောင်းဆောင် ၄ ဆောင်၊ စာသင်ခန်း ၁၂ ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရတနာဆောင်သည် ၁၉၉၆ ခုနှစ်ထဲက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည့်အတွက် နှစ်ပေါင်း ၃ဝ ကြာမြင့်ပြီး အန္တရာယ်ရှိကျောင်းဆောင်အဖြစ် စစ်ဆေးတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ တောင်ရုံး ပင်ကန်-အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)တွင် တန်းခွဲအရ လိုအပ်သည့် စာသင်ခန်း၊ စာကြည့် တိုက်၊ မီဒီယာခန်း၊ အစည်းအဝေးခန်းများအတွက် အဆိုပါကျောင်းရှိ အန္တရာယ်ဆောင်ဖြစ်သော ရတနာဆောင် (၁၀၀ x ၃၀ )ပေ သွပ်မိုးအုတ်ညှပ် ၁ ထပ်ဆောင်အား ဖျက်သိမ်းပြီး (၁၄၀ x ၃၀) ပေ RCC ၂ ထပ် ဆောက်လုပ်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း တည်ဆောက် ရေးဘတ်ဂျက်ရရှိမှုအပေါ် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။