ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိမသန်စွမ်းသူများအတွက်ခရိုင်အလိုက်လေ့ကျင့်ရေးစင်တာများထားရှိ ပေးပါရန်နှင့်လက်လှမ်းမီသည့်ဆေးရုံများတွင်အခြေခံကျန်းမာရေးဝန်ဆောင်မှုများ(အခမဲ့) ပြုလုပ်ပေး နိုင်ပါရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်းအရကျွန်မတို့နိုင်ငံတွင် မသန်စွမ်းဦးရေ ၅.၉ သန်းကျော်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးလူဦးရေ၏ ၁၃ ရာခိုင်နှုန်းရှိပါကြောင်း၊ ဤဆန်းစစ်မှုများတွင် နေ့စဉ်ဘဝ အမြင်အကြားလှုပ်ရှားမှု စသည်တို့သည် သာမန်ခက်ခဲမှုများကို အကျူံးဝင်ပါကြောင်း၊ မသန်စွမ်းသူတစ်ဦးအတွက်၎င်း၏ ချို့ယွင်းမှုနှင့် လိုက်လျောညီထွေဖြစ်သည့် ပတ်ဝန်းကျင်ကို ဖြစ်စေ လုပ်ငန်းအချိန်ကိုဖြစ်စေ သင့်လျော်သလို ပြင်ဆင်ညှိနှိုင်းပေးနိုင်သည့် လုပ်ငန်းခွင်ဖြစ်ရန် လိုသလို မသန်စွမ်းသူများအနေဖြင့် ၎င်းတို့စိတ်ဝင်စားပြီး လုပ်ချင်သည့် အလုပ်အကိုင်များကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ ငြင်းပယ်ပိုင်ခွင့်ရှိရမည် မသန်စွမ်းလက်စွဲတွင် ပါရှိပါကြောင်း၊ မသန်စွမ်းသူများမှ သူများမလုပ်ချင်သည့် အလုပ်ကို လုပ်နေရခြင်းမျိုးလည်း မဖြစ်သင့်သကဲ့သို့ ၎င်းတို့ကို သနား၍ အလုပ်ပေးသည်ဆိုတာမျိုးထက် အရည်အချင်းအပေါ် မူတည်၍ အခြားသူတွေနည်းတူ အလုပ်ရရှိ လိုပါကြောင်း၊ မသန်စွမ်းသူများအတွက် ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်နိုင်ရန် လူမှုအသိုင်းအဝိုင်းတွင် ယုံကြည်ချက်အပြည့်ဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန်ကိုလည်း နိုင်ငံတော်မှ ဦးစားပေးအစီအစဉ်များ ချမှတ်ပေးရန် တင်ပြလိုပါကြောင်း၊ မသန်စွမ်းသူများအတွက် အဓိက လိုအပ်ချက် များကို အသက်မွေးဝမ်းကျောင်းနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု ကိုယ်ပိုင်ဝင်ငွေရှာနိုင်ရန်နှင့် လက်တွေ့ကျ သော အလုပ်အကိုင်ပညာရပ်များ သင်ကြားပေးရန် ကိုယ်စိတ်ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေး ကိုယ်ခန္ဓာလှုပ်ရှားနိုင်စွမ်းနှင့် စိတ်ဓာတ်ခွန်အားများ ပြန်လည်ပြည့်ဝလာစေရန် လူမှုဘဝတွင် အနှောင့် အယှက်ကင်းစွာ ပါဝင်နိုင်ရေး အများနှင့်တန်းတူ ရပ်တည်နိုင်ရန်နှင့် လူ့အဖွဲ့အစည်းတွင် ခွဲခြား ဆက်ဆံမှုများကို ကျော်လွှားနိုင်ရန်အတွက် မူဝါဒများချမှတ်ပေးရန်လည်း တင်ပြအပ်ပါကြောင်း။
ထို့ကြောင့် မသန်စွမ်းသူများအတွက် ပြန်လည်ထူထောင်လေ့ကျင့်ပေးနိုင်သည့် သင်တန်းကျောင်း များ ဖွင့်လှစ်ပေးနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ မိမိ၏ မဲဆန္ဒနယ်ဖြစ်သည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်တွင် မသန်စွမ်းသူဦးရေ ၄,၀၀၀ ဦးခန့်ရှိပါကြောင်း၊ တချို့မသန်စွမ်းသူများ လေ့ကျင့်နိုင်ရန် စာများသင်ကြားပေးနိုင်ရန် တောင်းဆိုထားသည်များ ရှိပါကြောင်း၊ ရန်ကုန်တိုင်းတွင် အစိုးရမှ ဖွင့်လှစ်ပေးထားသည့် မရမ်းကုန်းမသန်စွမ်းသက်ကြီး သင်တန်းကျောင်းနှင့် အမျိုးသားဆေးဘက်ဆိုင်ရာ ပြန်လည်ထူထောင်ရေး ဆေးရုံစင်တာများရှိပြီး အရပ်ဘက်အဖွဲ့အစည်းနှင့် ပုဂ္ဂလိကသီးခြားစင်တာများရှိပါကြောင်း၊ ထိုနေရာများ သွားရောက်လေ့ကျင့်သင်ကြားပေးနိုင်ရန် စားဝတ် နေရေးအခက်အခဲ၊ ခရီးစရိတ်အခက်အခဲများကြောင့် အဆင်မပြေဖြစ်ခဲ့ရပါကြောင်း၊ ၎င်းတို့နှင့် လက်လှမ်းမီသည့် နေရာများတွင် ဖွင့်လှစ်သင်ကြားပေးနိုင်မည်ဆိုလျှင် ပိုမိုအဆင်ပြေနိုင်မည် ဖြစ်ပါကြောင်း။
ထို့ကြောင့် မိမိ၏မဲဆန္ဒနယ်တွင် မြို့နယ်ဆေးရုံကြီးတည်ဆောက်နေဆဲဖြစ်ပါကြောင်း၊ ဆေးရုံကြီး တည်ဆောက်ပြီးစီးသည့်အခါ မသန်စွမ်းလေ့ကျင့်ရေး စင်တာကိုပါ တည်ဆောက် ထားနိုင် ရေးအတွက် မြို့နယ်အလိုက် မထားရှိနိုင်ခဲ့လျှင် ခရိုင်အလိုက်စင်တာများ ထားရှိပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိနှင့် မသန်စွမ်းသူများအတွက် လက်လှမ်းမီသည့် ဆေးရုံ၊ဆေးပေးခန်းများတွင် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုများ အခမဲ့ပြုလုပ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး က
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန သည် မသန်စွမ်းသူများအတွက် သင်တန်းကျောင်း ၁၀ ကျောင်း မြန်မာတစ်နိုင်ငံလုံးတွင်ဖွင့်လှစ်ပြီး မသန်စွမ်း သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ၁ကျောင်း၊ ရန်ကုန်မြို့တွင် မသန်စွမ်းသင်တန်းကျောင်း ၆ကျောင်း၊ မန္တလေးမြို့တွင် မသန်စွမ်းသင်တန်းကျောင်း ၂ကျောင်းနှင့် စစ်ကိုင်းမြို့ တွင် မသန်စွမ်းသင်တန်းကျောင်း ၁ ကျောင်း ဖွင့်လှစ်ထားရှိလျက်ရှိပြီးဖြစ်ပါကြောင်း၊ မသန်စွမ်း ကလေးများအတွက် လူတိုင်းအကျုံးဝင် ပညာရေးစနစ်နှင့် အထူးပညာရေးစနစ်များနှင့် သင်ကြား ပေးလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မသန်စွမ်း သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ဦးစီးဌာန၏ ဆရာဝန်များမှကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိ ပါကြောင်း၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံဝန်းထဲတွင် မသန်စွမ်းသင်တန်း ကလေးများပြုစုစောင့်ရှောက်ရေးဂေဟာနှင့် မသန်စွမ်း သက်ငယ် သင်တန်းကျောင်း မင်္ဂလာဒုံ- ထောက်ကြန့်တွင်ရှိသည့် မသန်စွမ်းစောင့်ရှောက်ရေး ဂေဟာတို့တွင် ပြန်တမ်းဝင် အရာရှိအဆင့် Physiotherapist ပညာရှင် ၃ ယောက်မှာ ကိုယ်ကာယကုထုံးအနေနှင့် အကြောအဆစ်ပြန်လည် သန်စွမ်းရေးအတွက် အနီးကပ်ပြုစုလေ့ကျင့်ကုသပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့် အရေးဥပဒေ ၂၀၁၅- အခန်း(၆)၊ မသန်စွမ်းသူများ၏ ကျန်းမာရေးနှင့် အခန်း(၇) မသန်စွမ်းသူ များ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ၅ နှစ်စီမံကိန်းအရ အများပြည်သူပိုင်အိမ်ရာ၊ ဆေးရုံ၊ စာသင်ကျောင်းစသည့် ရုပ်ဝတ္ထုပတ်ဝန်းကျင်များ၊ ဆက်သွယ်ရေး၊ သတင်း၊ ပြန်ကြားရေးနှင့် လူထုဆက်ဆံရေးကဏ္ဍများတွင် မသန်စွမ်းသူများ လွယ်ကူစွာသွားလာသုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပြီး ၂၀၁၆ ခုနှစ်မှစ၍ ပြည်သူ့ဆေးရုံများ၏ အဆောက်အဦ ဆောက်လုပ်ပြုပြင်ရာတွင် မသန်စွမ်းသူများအတွက်ပါ လွယ်ကူချောမွေ့စေရန်အတွက် ဘီးတပ်ကုလားထိုင် အသုံးပြုသည့် လျှောက်လမ်းများ၊ ပြင်ပလူနာဌာနတွင် ဦးစားပေးနေရာများ၊ Special Toilet များ ထည့်သွင်း ဆောင်ရွက် လျက်ရှိပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ စတင်ပြီး CT Scan နှင့် MRI ရိုက်ကူးသည့် အချိန်တွင် မသန်စွမ်းသူများအတွက် အခမဲ့ဆောင်ရွက်ပေးရမည့် သူစာရင်းထဲ ထည့်သွင်းသတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊ ကုသရေးဦးစီးဌာနအနေဖြင့် သက်ကြီးရွယ်အို များ၊ ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကို ပိုမိုအားဖြည့်ဆောင်ရွက်သွားရန်နှင့် ဆေးရုံ၊ ဆေးခန်းများကို လာရောက်ပြသရာတွင် ဦးစားပေး အစီအစဉ်ဖြင့် ကုသမှုဆောင်ရွက်ပေးနိုင်ရန် မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများကို ဦးစားပေးပြုစုစောင့်ရှောက်နိုင်ရေးလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်နိုင်ရေး ဗဟိုအဆင့်ဆေးရုံ ကြီးများအားလုံးနှင့် တိုင်းဒေသကြီး၊ပြည်နယ်ကုသရေးဦးစီးဌာနမှူးများအားလုံးကို အကြောင်းကြား ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ပြည်သူ့ဆေးရုံကြီးများတွင် ကိုယ်ကာယ ပြန်လည်သန်စွမ်းရေး ဌာနများ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုတွင် ကုသရေးဦးစီးဌာနအနေနှင့် အမျိုးသားပြန်လည် သန်စွမ်းရေး ဆေးရုံ(ရန်ကုန်)ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူထုအခြေပြု မသန်စွမ်းမှု ကာကွယ်ရေးစီမံချက်မှ ဆောင်ရွက်သည့် (Development of AssistiveTechnology Demonstration and Provision Center at National Rehabilitation Hospital (NRH) စီမံချက်တွင် မသန်စွမ်းသူများအား အထောက်ကူပြုပစ္စည်းထောက်ပံ့ခြင်းနှင့် ၎င်းတို့အသုံးပြုသည့် အထောက်အကူပစ္စည်းများကို ကိုင်တွယ် အသုံးပြုသည့် နည်းစနစ်များ သင်တန်းပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။
ပြည်သူလူထုအပေါ် အခြေခံကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍရပ်များကို တိုးချဲ့ဆောင်ရွက် ပေးနိုင်ရန် ကချင်ပြည်နယ်အတွင်းလည်းကောင်း၊ ကချင်ပြည်နယ်နှင့် တစ်ဆက်ဖြစ်သည့် အခြားသော တိုင်းဒေသကြီး ပြည်နယ်များတွင်လည်းကောင်းအကြောင်းတစ်စုံ တစ်ရာကြောင့် ခြေ၊ လက် အစိတ်အပိုင်းဆုံးရှုံးထားသူများကို လှုပ်ရှားမှု၊ သွားလာမှုအဆင်ပြေစေရန် မြစ်ကြီးနား ကိုယ် ကာယ ပြန်လည်သန်စွမ်းရေးဌာန (MPRC) ကို ၁၇-၁၀-၂၀၁၆ ရက်မှစပြီး ပြင်ပလူနာဖွင့်လှစ် လုပ်ငန်းဆောင်ရွက်လည်ပတ်ခဲ့ပြီး ၉-၁-၂၀၁၈ ရက်မှစ၍ အတွင်းလူနာဖြင့် စတင်လက်ခံခဲ့ပါ ကြောင်း၊ MPRC တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC တို့ပူးပေါင်းပြီး လုပ်ငန်းဆောင်ရွက်နေ ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲမှုလုပ်ငန်းကို တာဝန်ယူဆောင်ရွက်ပြီး ICRC မှ Technical Supporting လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပါကြောင်း၊ ရှမ်း ပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ကိုယ်ကာယပြန်လည် သန်စွမ်းရေးဌာနသည် ပြည်သူ့ဆေးရုံကြီး၊ ကျိုင်းတုံမြို့မှာရှိပြီး ၈-၃-၂၀၁၇ ရက်မှ စတင်ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ (မြောက်ပိုင်း)၊ (အရှေ့ပိုင်း)နှင့် ဝန်ဆောင်မှု သုံးစွဲသူများအတွက် ကိုယ်ကာယပြန်လည် သန်စွမ်းရေးဝန်ဆောင်မှုများဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အုပ်ချုပ်မှုကို ကျိုင်းတုံဆေးရုံမှဆောင်ရွက်ပြီး Technical Support ကို (ICRC) မှ ဆောင်ရွက်ပေးပါကြောင်း၊ ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန သည်လည်းဘားအံမြို့၊ တောင်ကလေးမှာတည်ရှိပြီး (ICRC)နှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်ပြီး သတ်မှတ်ဧရိယာများဖြစ်သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ မြို့နယ် ၄၅ မြို့နယ်တွင် ကိုယ်အင်္ဂါ မသန်စွမ်းသူများကို ခြေတု၊ လက်တုနှင့် အားပြုကိရိယာများ၊ ချိုင်းထောက် လက်ထောက်များ၊ အကြောအဆစ်ဆိုင်ရာလေ့ကျင့်ခန်းများ၊ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးပေးခြင်းနှင့် ဘီးတပ်ကုလားထိုင်များ အခမဲ့ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းမှုဖြစ်နေသည့် ကလေးများဖြစ်ရန် အလားလာ ရှိသည့် ကလေးများကို စိစစ်ဖော်ထုတ်ပြီး ဗဟိုအဆင့် ဆေးရုံကြီးများ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ရှိ ပြည်သူ့ဆေးရုံကြီးများတွင် မသန်စွမ်းမှုအမျိုးအစားနှင့် အဆင့်သတ်မှတ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများမှ စီစစ်ပြီး မသန်စွမ်းမှုအမျိုးအစားဖြင့် အဆင့်သတ်မှတ်နိုင် ရေး စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း။
ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ မသန်စွမ်းသူများကို ပြန်လည်သန်စွမ်းရေးအတွက် ခရိုင်အလိုက် လေ့ကျင့်ရေးစင်တာများ သီးသန့်ထားရှိပေးခြင်း မရှိပါကအနီးစပ်ဆုံးဖြစ်သည့် ရန်ကုန် (အရှေ့ပိုင်း) ဆေးရုံကြီးအပါအဝင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံနှင့် ပြည်သူ့ဆေးရုံကြီးရှိ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးဌာနများတွင် အကြောအဆစ်နှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီးများ၊ အကြောအဆစ်ကျွမ်းကျင်များမှ မသန်စွမ်းသူများအတွက် လိုအပ်သည့် လေ့ကျင့်သင်ကြားပေးမှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင်အတက်ရောဂါ နှင့်ပတ်သက်သည့် ဆေးဝါးများကိစ္စမေးမြန်းချက်နှင့် ပတ်သက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးစောင့်ရှောက်မှုအဆင့်တွင် အတက်ရောဂါကို ထိရောက်စွာကုသနိုင်ရေးအတွက် အတက်ရောဂါစီမံချက်နှင့် ဆရာဝန်၊ သူနာပြုနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများအား သင်တန်း များပို့ချပေးခဲ့ပြီး မြို့နယ်၁၀၀ ကျော်တွင် ကုသရေးဝန်ဆောင်မှုများကို တိုးချဲ့ပြီး Phenobarbital၊ Carbamazepine နှင့် Sodium Valproate စသည့် အခြေခံဆေးဝါးများကိုလည်း ကျန်းမာရေးဝန်ကြီး ဌာနမှ နှစ်စဉ်ဝယ်ယူပြီး လူနာများကို အခမဲ့ဖြန့်ဝေ ကုသပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ကျေးလက်ဒေသများရှိ ရောဂါကို စောစီးစွာ ရှာဖွေဖော်ထုတ် လွှဲပြောင်းပေးခြင်း၊ ပြည်သူ များကို အတက်ရောဂါဆိုင်ရာ အသိပညာပေးခြင်း၊ အတက်ဖြစ်စဉ် ဆောင်ရွက်ရမည့် ရှေးဦးပြုစု နည်းများကို လိုအပ်လျှင် ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ရန် လမ်းညွှန်ခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပြင်းထန်လူနာများနှင့် အာရုံကြောအထူးကုဌာနများကို လွှဲပြောင်းပေးပြီး EEG၊ CT နှင့် MRI စစ်ဆေးမှုများအပြင် အသေးစိတ်ကုသပေးလျက်ရှိပြီး ဆေးဝါးရရှိနိုင်မှုနှင့် ကုသမှုအရည်အသွေး ပိုမိုကောင်းမွန်လာစေရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနတို့အနေဖြင့် မသန်စွမ်းသူများနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင် ရွက်ပေး လျက်ရှိပါကြောင်းနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှာရှိသည့် မသန်စွမ်းသူများအတွက် ပြန်လည်သန်စွမ်းရေးအတွက် ခရိုင်အလိုက် လေ့ကျင့်ရေးစင်တာများထားရှိပေးရန် လတ်တလော အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
စမ်းစမ်းဌေး(ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
မိမိတင်ပြခဲ့သည့် မသန်စွမ်းလေ့ကျင့်ရေးစင်တာများရှိပါကြောင်း၊ လက်လှမ်းမီသည့် နေရာတွင် မရှိသည့်အတွက် ခရိုင်အလိုက်တင်ပြရခြင်းဖြစ်ပါကြောင်း၊ မြို့နယ်အတွက် မဟုတ်ပါက ခရိုင်အလိုက်လေ့ကျင့်ရေးစင်တာများ တည်ဆောက်ပေးနိုင်ရေးအတွက် တင်ပြခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အစီအမံအနေဖြင့် ဆောင်ရွက်မည်ဖြစ်သည်ကို မိမိနားလည်ပါကြောင်း၊ ထို့နောက်မိမိမြို့နယ်တွင် ပါတီမှဖွဲ့စည်းထားသည့် အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ရှိပါကြောင်း၊ ထိုအဖွဲ့နှင့်အတူ မသန်စွမ်းများကို ပံ့ပိုးကူညီနိုင်ရန်နှင့် စိတ်ဓာတ်ခွန်အားပေးနိုင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေပါကြောင်း၊ ထိုထဲမှဒေါင်းကလေး၊ ပိုလီယိုကလေး မွေးဖွားထားပြီး ကလေး နှစ်ယောက်လုံးမွေးဖွားထားပြီး ခင်ပွန်းဖြစ်သူ မရှိဘဲ စားဝတ်နေရေးခက်ခဲနေသည့် မိခင်များတွေ့ရှိရပါကြောင်း၊ ၎င်းတို့အတွက် နိုင်ငံတော်မှ ပံ့ပိုးပေးမည့် အစီအစဉ် ရှိ၊ မရှိနှင့် မြို့နယ်အတွင်းရှိ မသန်စွမ်းများအတွက် မသန်စွမ်းမှတ်ပုံတင်ရရှိနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး က
မသန်စွမ်းမှတ်ပုံတင်မှာ မိမိတို့ဝန်ကြီးဌာန၏ ဘတ်ဂျက်အပေါ် မူတည်၍ မြို့နယ်အလိုက် ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအနေဖြင့် မပြီးသေးပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့နောက် မသန်စွမ်းသည့်ကလေး မွေးထားသည့်မိခင်(Single Mother) နှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်းဝန်ကြီးဌာနအနေဖြင့် Case Menager များရှိပြီး Hot Line နံပါတ် 1566 သို့ ဆက်၍ မိမိ၏အခက်အခဲ၊ အခြေအနေများကို တင်ပြပြီး သက်ဆိုင်ရာမြို့နယ်များရှိ Case Menager က Case ကို သွားတွေ့ပြီး လိုအပ်သည့် အစီအစဉ်များ ဆောင်ရွက်ပေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။