ရေးမြို့နယ်၊ နှစ်ကရုပ်ရွာနှင့် သင်္ဃန်းကျွန်းကျေးရွာကြား ရေကျော်ချောင်းကူးတံတားနှင့် ကတ္တရာလမ်း တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
နှစ်ကရုပ်ရွာနှင့် သင်္ဃန်းကျွန်းကျေးရွာကြားတွင် ထိုတံတားကို ယခုဆိုလျှင် ပြည်သူလူထု များကူးလို့ရှိလျှင် လှေငယ်၊ သမ္မာန်နှင့် ကူးလူးနေရသည့် အနေအထားရှိပါကြောင်း၊ မိုးတွင်းဆိုလျှင် အရမ်းအခက်အခဲဖြစ်ပါကြောင်း၊ ထိုဒေသမှထွက်သည့် ကုန်စည်များကို ကားနှင့် တိုက်ပါကြောင်း၊ ဒေသထွက်ထုတ်ကုန်ကို နှစ်ကရုပ်မှ အံဒင်၊ နှစ်နူး၊ သာဂရန်၊ ပလိုင်သိမ်၊ ဒူးယား အပေါ်ရယ်မှ တစ်ဆင့် ရေးမြို့ကို ရောက်ပါကြောင်း၊ ရေးမြို့မှတစ်ဆင့် မော်လမြိုင်၊ ရန်ကုန်၊ မြန်မာပြည်အနှံ့ကို ပို့ဆောင်နေသည့် အနေအထားတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၅ မိုင်လောက်ကို ခရီးကွေ့ပတ်ပြီး ကြန့်ကြာပါကြောင်း၊ အကယ်၍ နှစ်ကရုပ်ရွာနှင့် သင်္ဃန်းကျွန်းကျေးရွာကြားတွင် တံတား တည်ဆောက်ခြင်းအားဖြင့် ၁၀ မိုင်ကျော်၊ ၁၅ မိုင်ပတ်ဝန်းကျင်လောက် တိုလာမည့် အနေအထား တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ လိုလားတောင့်တနေသည့် မေးမြန်းသွားမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ဒေသတွင် ပင်လယ်ထွက်ကုန်များ၊ သီးနှံများ၊ စိုက်ပျိုးရေးထွက်ကုန်၊ မွေးမြူရေး ထွက်ကုန် အများကြီးရှိပါကြောင်း၊ ထိုထွက်ကုန်များအား မြန်မာနိုင်ငံအနှံ့အပြားကိုလည်း ပို့ဆောင်နေသည့် အနေအထားတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိုတံတားကို တည်ဆောက်ပေး ခြင်းအားဖြင့် ပြည်သူများ၏လိုအင်ဆန္ဒများလည်း ပြည့်မြောက်ပြီး ပြည်သူလူထုလိုအပ်နေသည့် ကိစ္စကို ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ထွက်ကုန်များအတွက် မိမိတို့ဒေသကို အကျိုးပြုမည်ဖြစ်ပါကြောင်း။
နှစ်ကရုပ်ရွာနှင့် သင်္ဃန်းကျွန်းကျေးရွာကြားရှိ ရေကျော်ချောင်းကူးတံတားနှင့် ကတ္တရာ လမ်းကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်း ခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး က
ရေးမြို့နယ်၊ နှစ်ကရုပ်ရွာနှင့် သင်္ဃန်းကျွန်း ကျေးရွာကြားလမ်းကြောင်းသည် လူသွားလမ်း အဆင့်ဖြစ်ပြီး စုစုပေါင်း ၁ မိုင်၊ ၄ ဖာလုံရှိပါကြောင်း၊ ၎င်း ၁ မိုင်၊ ၄ ဖာလုံတွင် ၁၂ ပေအကျယ်၊ မြေမာ ၁ မိုင်၊ ၂ဖာလုံနှင့် လယ်မြေ (မြေပျော့) ၂ ဖာလုံပါဝင်ပါကြောင်း၊ နှစ်ကရုပ် ကျေးရွာနှင့် သင်္ဃန်းကျွန်းကျေးရွာကြားရှိ ရေကျော်ချောင်းသည် ချောင်းအကျယ် ပေ ၁,၂၀၀ ရှိသည့်အတွက် အဆိုပါချောင်းကိုဖြတ်ကူးရာတွင် ဒေသခံပြည်သူများမှ စက်တပ်လှေငယ်များ အသုံးပြု၍ ဖြတ်သန်း သွားလာလျက်ရှိပြီး သွားလာမှုနည်းပါးသည့် လမ်းကြောင်းဖြစ်ပါကြောင်း၊ နှစ်ကရုပ် ကျေးရွာတွင် အိမ်ခြေ ၂၂၉ အိမ်၊ လူဦးရေ ၁,၂၃၆ ဦး နှင့် သင်္ဃန်းကျွန်းကျေးရွာတွင် အိမ်ခြေ ၁၉၅ အိမ်၊ လူဦးရေ ၁,၅၂၁ ဦး ရှိကြောင်း၊ အဆိုပါ သင်္ဃန်းကျွန်းကျေးရွာအတွက် ကျုံပေါ-စိန်ကြီး-သင်္ဃန်းကျွန်းလမ်း ၉ မိုင်လမ်းကို ကတ္တရာလမ်းအဖြစ် နှစ်စဉ်ပြည်နယ်ရန်ပုံငွေနှင့် လျာထား ဆောင်ရွက်လျက်ရှိပြီး ၎င်းလမ်းတွင် ရေး-မော်လမြိုင်လမ်းကို ဆက်သွယ်ပေါက်ရောက်သော လမ်းဖြစ်ပါကြောင်း၊ နှစ်ကရုပ်ကျေးရွာနှင့် အံဒင်ကျေးရွာနှင့် ၁ မိုင် ၄ ဖာလုံအကွာရှိပြီး အံဒင်-ပလိုင်သိမ်-ဒူးယားလမ်းမှ ရေးမြို့အထိ ဆက်သွယ်ထားသည့် မူလကတ္တရာလမ်း ဆောင်ရွက်ထား ရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် နှစ်ကရုပ်ကျေးရွာနှင့် အံဒင်ကျေးရွာလမ်းသည် မြေသား ၁ မိုင်၊ ၄ ဖာလုံကို ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ပြည်နယ်ရန်ပုံငွေဖြင့် ကတ္တရာလမ်း နှစ်စဉ်လျာထား ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း။
သို့သော် နှစ်ကရုပ်ကျေးရွာနှင့်သင်္ဃန်းကျွန်းကျေးရွာကြားလမ်းသည် နယ်စပ်ရေးရာဝန်ကြီး ဌာနက စီမံခန့်ခွဲသည့်ဧရိယာတွင် ပါဝင်သော်လည်း အဆိုပါလမ်းပေါ်တွင် ရေကျော်ချောင်းကူး တံတား တည်ဆောက်မည်ဆိုပါက ချောင်းအကျယ် ပေ ၁,၂၀၀ ရှိသည့်အတွက် ကုန်ကျစရိတ် များပြားပြီး ဒေသအတွက် အကျိုးပြုမှုနည်းပါးခြင်းကြောင့်လည်းကောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် သံကူကွန်ကရစ်တံတားအရှည် ပေ ၁၈၀ အထိ ဆောင်ရွက်လျက်ရှိခြင်း ကြောင့်လည်းကောင်း၊ နယ်မြေလုံခြုံရေးအခြေအနေအရ သွားလာရန် ခက်ခဲမှုများကြောင့် လည်းကောင်း၊ နှစ်ကရုပ်ကျေးရွာ နှင့် သင်္ဃန်းကျွန်းကျေးရွာကြား ရေကျော်ချောင်းကူးတံတား တည်ဆောက်ခြင်းနှင့် ကတ္တရာခင်းခြင်း လုပ်ငန်းတို့အား လတ်တလောအခြေအနေများအရ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ လျာထား ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။