နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယမြောက်နေ့သို့ လာရောက်လေ့လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ (၂၃.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ စက်တင်ဘာ ၂၁ ရက်နေ့ ဆောင်ရွက်မှုများ
MY EN

(ဂ)-ဒေါက်တာရွှေပြည်စိုး(ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်)

2026-09-23
တတိယအကြိမ်
အလုပ်သမားဝန်ကြီးဌာန
မေးခွန်း
ဒေါက်တာရွှေပြည်စိုး (ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

လူ့စွမ်းအားအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် စပ်လျဉ်းပြီး နိုင်ငံတော်က မည်သို့အစီအမံများ ချမှတ်လုပ်ဆောင်လျက်ရှိသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

အခြေခံပညာကျောင်းများ၌သင်ကြားလျက်ရှိသည့် လူတိုင်းအကျုံးဝင်တန်းစဉ်ပညာရေး တွင် ပညာရေးနှင့် လုပ်ငန်းခွင်ကို ချိတ်ဆက်သွားနိုင်သည့် အခြေခံတစ်ခုထည့်သွင်း ပေးထားမှသာ ရေရှည်တိုးတက်မှုကိုဖြစ်ပေါ်စေပြီး တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် ထောက်ကူဖြစ်ပါကြောင်း၊ တစ်နည်း ပြောပါက နိုင်ငံတကာတန်းဝင်ကမ္ဘာ့ပညာရေးစနစ်ကို မိမိတို့ အတူလိုက်ပါ ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ပါ၍ မြန်မာ့ပညာရေးတွင် အခြေခံပညာကဏ္ဍ၊ အဆင့်မြင့် ပညာကဏ္ဍနယ်ပယ် များတွင် Job Hunting and Public Education အလုပ်အကိုင်အခွင့်အလမ်းဖြင့် ချိတ်ဆက် ပညာရေးစနစ် တည်ဆောက်ပေးရန်အတွက် မေးခွန်းမေးမြန်းခြင်းဖြစ်ပါကြောင်း၊ လူငယ်များ၏ ဉာဏ်ရည်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ ဆေးပညာရှုထောင့်အရ သက်ဆိုင်ရာက စဉ်းစားပေးရ မည်ဖြစ်ပါကြောင်း။ 

ယနေ့မြန်မာ့ပညာရေးစနစ်တွင် လူငယ်နှင့်အလုပ်အကိုင်ကို ဆက်စပ်ပေးမှုမှာ အလွန်ပင် အားနည်း နေပါသေးကြောင်း၊ အဆိုပါအားနည်းမှု အချို့ကို ပြုပြင်ပေးနိုင်ရန်အတွက် (အခြေခံပညာသင်ရိုးတွင် အတန်းပညာရေး၊ လူမှုဘဝကတစ်ဆင့် အလုပ်အကိုင်ကို ချိတ်ဆက် စဉ်းစားတွေးခေါ်နိုင်မည့် လက်တွေ့သင်ရိုးတစ်ခုခု ထည့်သွင်းရမှာဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာ ကဏ္ဍတွင်လည်း တက္ကသိုလ်သင်ရိုးကို(တက္ကသိုလ်ပညာရေး နှင့်လုပ်ငန်းခွင်အသက်မွေး ဝမ်းကျောင်း ပညာတစ်ရပ် ရပ် ပူးတွဲချိတ်ဆက်သည့်စနစ် လိုအပ်နေပါ၍ ပညာရေးဝန်ကြီးဌာနနှင့်ဆက်စပ် ဌာနများ၏ အစီအစဉ်ကို သိလိုပါကြောင်း၊ တက္ကသိုလ်များတွင် လူငယ်များကျောင်းပြီးချိန် ဘွဲ့နှင်းမတိုင်မီကာလ Final စာမေးပွဲများပြီးသည်နှင့် Job Hunting Fair မိမိတို့နှစ်သက်ရာ အလုပ်ကိုရွေးချယ်ခွင့် အခွင့်အရေး ဖော်ဆောင်ပွဲတော်တစ်ခုတက္ကသိုလ်များမှာ မဖြစ်မနေထားရှိ လုပ်ဆောင်ပေးရမည်ဖြစ်သည့်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများအနေဖြင့် ရေရှည် တွင်ဖြစ်နိုင်၊ မဖြစ်နိုင် သိရှိလိုပါကြောင်း၊ လူငယ်နှင့်လုပ်ငန်းခွင်ကို တိုက်ရိုက်ချိတ်ဆက် သင်ကြားသင်ယူစေမည့် တက္ကသိုလ် Department  Academic ဌာနများ၊ တက္ကသိုလ် ဘာသာရပ် အသစ်များ ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ /မရှိကို သိလိုပါကြောင်း၊ သို့မှသာ Open Education System ဖြင့် လူ့စွမ်းအားအရင်းအမြစ်များ တိုးပွားလာမည်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံတွင် ဖော်ပြပါပညာရေးဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖော်ဆောင်ပေးနိုင်ရန် လွန်စွာ အားနည်းနေပါသေးကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ဖော်ပြပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့နှင့် ပေါင်းစပ်၍ အသက်မွေးဝမ်းကျောင်း ဘာသာရပ် Combining Academic Department များ၊ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များ၌ ဖွင့်လှစ်ပြီး နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှုကိုဖော်ဆောင်ထားရှိခြင်းရှိ /မရှိ မရှိသေးလျှင် မည်သို့ စဉ်းစားလုပ်ဆောင်ပေးမည့်အစီအစဉ်၊ အစီအစဉ်ရှိထားပါကလည်း တက္ကသိုလ်ပညာရေးပုံစံ Higher Education Model နှင့် သင်ရိုး၊ ဘာသာရပ်ဌာနများကို မည်ကဲ့သို့ ပြောင်းလဲပေးနိုင်မည် တို့ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ဦးမောင်မောင်သန်း

နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကိုအားပေးစို့ဟူသည့် ဆောင်ပုဒ်ချမှတ်၍ နိုင်ငံတစ်ဝန်းလုံးရှိ လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန်အတွက် ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် အရည်အချင်းပြည့်ဝသည့် ပညာတက်လူငယ်လူရွယ်များ ပိုမိုမွေးထုတ် ပေးနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်းဖြင့် နိုင်ငံသားများ၏ လူမှုစီးပွား ဘဝများဖွံ့ဖြိုးတိုးတက်လာစေရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်မှုအနေဖြင့် ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာတွင် အသက်(နှစ် ပြည့် ပြီး သူတိုင်း ကျောင်းသို့ရောက်ရှိရေး၊ မသင်မနေရ KG+9 သင်ယူပြီးမြောက်စေရေးနှင့် အခြေခံပညာ အထက်တန်းပြီးမြောက်ပြီး အဆင့်မြင့်ပညာကို ဆက်လက်ဆည်းပူးနိုင်ရေးတို့ကို ဆောင်ရွက်လျက် ရှိသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ချက်ဖြင့် အလယ်တန်း အဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူလိုသော ကျောင်းသားများ အတွက် ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်မှစ၍ အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်း များကို ဖွင့်လှစ်ပေး ခဲ့ရာ ၂၀၂၆-၂ဝ၂၇ ပညာသင်နှစ်တွင် ၉၂ ကျောင်းကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါ ကြောင်း။

အဆင့်မြင့်ပညာကဏ္ဍတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်းပေါင်း ၅၀ ကျောင်း ဖွင့်လှစ်ထားရှိပြီး ဘွဲ့ကြို၊ ဘွဲ့လွန်၊ နေ့သင်တန်းများ၊ အဝေးသင် သင်တန်းများ၊ ဒီပလိုမာသင်တန်းများ၊ ကာလတိုသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည့်အပြင် တက္ကသိုလ်များတွင် နောက်ဆုံးနှစ်ကျောင်းသားများအား လုပ်ငန်းခွင်လက်တွေ့သင်တန်းဆင်းခြင်း (Internship Program) များ၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးရရှိနိုင်ရေးအတွက် Job Fair and Career Fair အစီအစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း။ ထို့အပြင် ပညာရေးဒီဂရီကောလိပ်     ၂၅ ကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် B.A./B.Sc.(Education) ဘွဲ့ကြို သင်တန်း၊ ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပြီး အလုပ် အကိုင် အခွင့်အလမ်းများအတွက် ၄ နှစ်သင် B.A./B.Sc.(Education) သင်တန်းဆင်းများကို အခြေခံ ပညာကျောင်းများတွင် အလယ်တန်းပြများအဖြစ်လည်းကောင်း၊ ၂၀၂၅ ခုနှစ်မှစတင်၍ ပညာရေး နှင့်သင်ပြ နည်းပညာ ဒီပလိုမာသင်တန်းဆင်းများကို အခြေခံပညာကျောင်းများတွင် မူလတန်းပြ များအဖြစ်လည်းကောင်း ခန့်ထားလျက်ရှိပါသည်။ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ပိုမို ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်အစိုးရလက်ထက်တွင် လူငယ်ရေးရာဝန်ကြီးဌာနကို ဝန်ကြီး ဌာနတစ်ခုအနေဖြင့် ဖွဲ့စည်းပေးခဲ့ပြီး လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း လူငယ်ရေးရာမူဝါဒ များနှင့်အညီ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက် လျက် ရှိ ပါကြောင်း။

ထို့အပြင် နိုင်ငံအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်နှင့် လုပ်သားထု၏ စွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် အဖွဲ့အစည်းအသီးသီး သည် ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏အခြေခံစီးပွားရေးဖြစ်သော စိုက်ပျိုး မွေးမြူရေးကဏ္ဍ တွင်  ခေတ်မီစိုက်ပျိုးမွေးမြူရေးနည်းစနစ်များနှင့် အစားထိုးဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေပြီး အလုပ်အကိုင်အခွင့်အလမ်းသစ်များ ရရှိစေရေး၊ လူငယ်များ စိတ်ပါဝင်စားလာစေရေးတို့အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ပါ ကြောင်း။ 

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စက်မှုဇုန်များတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီး ပေးနိုင်သည့် အခြေခံ CMP လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုကဏ္ဍများရှိ စက်ရုံ၊ အလုပ်ရုံ များတွင် လုပ်ငန်းခွင် အေးချမ်းသာယာရေးဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး  လုပ်ငန်းစဉ် များ စဉ်ဆက်မပြတ် လည်ပတ်နိုင်စေခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာရန် ဆွဲဆောင်နိုင် မည်ဖြစ်သည့် အတွက် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေး အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ စက်မှုဇုန်များ နှင့် အထူးစီးပွားရေးဇုန်များ တွင် အခြေခံ အဆောက်အဦများနှင့် အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး ရင်းနှီးမြှုပ်နှံမှု အသစ်များကိုဖိတ်ခေါ်၍ အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်း စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSMEs လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ MSMES လုပ်ငန်းများသည် လုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး ဒေသခံ ပြည်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်သည့် အဓိကလုပ်ငန်းများ ဖြစ်သည့်အပြင် လူငယ်များကို အလုပ်သမားများအဖြစ်သာမက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် နိုင်သည့် လုပ်ငန်းရှင်များ အဖြစ်သို့လည်း ရောက်ရှိစေနိုင်မည်ဖြစ်ပါကြောင်း။ 

နိုင်ငံတော်အစိုးရအနေဖြင့်လည်း စက်မှုဝန်ကြီးဌာနကို စက်မှုနှင့်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေး၊ ရင်းနှီးမြှုပ်နှံငွေရရှိအောင် အတိုးနှုန်းသက်သာ သည့် ချေးငွေများထုတ်ချေးပေးခြင်း၊ နည်းပညာနှင့်ကုန်ထုတ်လုပ်မှု သင်တန်းပေးခြင်းများ ဆောင် ရွက်ပြီး  ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းအသစ်များရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ၎င်းအပြင် ပြည်ပမှနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန်အတွက် နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် နိုင်ငံတကာစီးပွားရေးဖိုရမ်များ၌ တက်ရောက်ဆွေးနွေးပြီး ပြည်ပ မှ နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုများဝင်ရောက်လာစေရန်ဖိတ်ခေါ်ခြင်းများဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်လာပါက ပြည်တွင်းရှိလူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်း အသစ်များ ရရှိလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စု တစ်ဝန်းလုံးရှိ လူငယ်များနှင့် ပတ်သက်၍ လူ့စွမ်းအားအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှုများ မရှိစေ ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့်စပ်လျဉ်းပြီး နိုင်ငံတော်က မည်သို့အစီအမံများ ချမှတ် လုပ်ဆောင် လျက်ရှိသည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာ ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီး ဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကဏ္ဍအပါအဝင် ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်နေပါ ကြောင်းဖြင့်  ပြန်လည်ဖြေကြားခဲ့ပါသည်။