နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ စက်တင်ဘာ ၂၁ ရက်နေ့ ဆောင်ရွက်မှုများ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့် တရုတ်နိုင်ငံအခြေစိုက် Shandong Huache Energy Technology Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၂.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့်ဖြေကြားချက် အကျဉ်းချုပ်
MY EN

(ခ)- ဦးနိုင်မင်းဦး(ကြံခင်းမဲဆန္ဒနယ်)

2026-09-23
တတိယအကြိမ်
အလုပ်သမားဝန်ကြီးဌာန
မေးခွန်း
ဦးနိုင်မင်းဦး (ကြံခင်း မဲဆန္ဒနယ်) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

အလုပ်သမားများ၏အနိမ့်ဆုံးအခကြေးငွေကို တိုးမြှင့်သတ်မှတ်ပေးရန်၊ အခြေခံလုပ်ခလစာစနစ်ကို ပြန်လည်ပြင်ဆင်သတ်မှတ်ရန်၊ အသက်မွေးဝမ်းကျောင်းနိုင်သော လုပ်ခ (Living Wage)စံနှုန်းသို့ တဖြည်းဖြည်းပြောင်းလဲနိုင်ရေး မူဝါဒချမှတ်ဆောင်ရွက်ရန်နှင့် အနိမ့်ဆုံးအခကြေးငွေ တိုးမြှင့်သတ်မှတ် ရာတွင် ချေးငွေပံ့ပိုးမှု၊ နည်းပညာကူညီမှု၊ အခွန်ဆိုင်ရာအထောက်အပံ့များ ပူးတွဲဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံတွင် အလုပ်သမားများ၏အခြေခံစားဝတ်နေရေးကို ကာကွယ်ပေးနိုင်ရန်နှင့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေး တည်ငြိမ်စေရန် ရည်ရွယ်၍ အနိမ့်ဆုံးအခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၎င်း ဥပဒေအရ အလုပ်သမားများအား မျှတသောအနိမ့်ဆုံးလုပ်ခလစာရရှိစေရန်၊ လုပ်ငန်းခွင်တွင် လူမှုရေးတရား မျှတမှုဖြစ်ပေါ်စေရန်၊ အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက်စလုံး၏ အကျိုးစီးပွားကို ချိန်ညှိနိုင်ရန်၊ နိုင်ငံ၏စီးပွားရေးအခြေအနေများနှင့်အညီ အနိမ့်ဆုံးအခကြေးငွေ သတ်မှတ်နိုင်ရန် ရည်ရွယ်ထားရှိ ပါကြောင်း၊ လက်ရှိအချိန်တွင် အနိမ့်ဆုံးအခကြေးငွေသတ်မှတ်ခြင်းများသည် ၂၀၁၅ ခုနှစ်တွင် တစ်နေ့လျှင် ၃,၆၀၀ ကျပ်၊ ၂၀၁၈ ခုနှစ်တွင် တစ်နေ့လျှင် ၄,၈၀၀ ကျပ်ဖြင့် အခြေခံလုပ်ခလစာ သတ်မှတ်ခဲ့ပြီးနောက် ကုန်ဈေးနှုန်းမြင့်တက်မှုများကြောင့် ထောက်ပံ့ကြေးပုံစံဖြင့် ၂၀၂၃ ခုနှစ်တွင် တစ်နေ့ ၅,၈၀၀ ကျပ်၊ ၂၀၂၄ ခုနှစ်တွင် တစ်နေ့လျှင် ၆,၈၀၀ ကျပ်၊ ၂၀၂၅ ခုနှစ်တွင် တစ်နေ့လျှင် ၇,၈၀၀ ကျပ်ဖြင့် တိုးမြှင့်ပေးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ သို့ရာတွင် အခြေခံ လုပ်ခလစာကို ၂၀၁၈ ခုနှစ် သတ်မှတ်ကြေးအတိုင်း အခြေခံနေဆဲဖြစ်ပြီး အခြေခံစားသောက် ကုန်ဈေးနှုန်းများ၊ သယ်ယူပို့ဆောင်စရိတ်၊ အိမ်လခ၊ ကျန်းမာရေးနှင့် ပညာရေးကုန်ကျစရိတ်များ မြင့်တက်လာမှုနှင့်နှိုင်းယှဉ်ပါက အလုပ်သမားများ၏အမှန်တကယ် ဝယ်ယူနိုင်စွမ်း လျော့နည်း လာနိုင်သည့်အခြေအနေ ဖြစ်ပေါ်နေပါကြောင်း။

သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ အနိမ့်ဆုံးအခကြေးငွေဥပဒေပါ ရည်ရွယ်ချက်များနှင့်အညီ အလုပ်သမားများ၏အမှန်တကယ် နေထိုင်စားဝတ်နေရေးနှင့် ကိုက်ညီ စေရန် အနိမ့်ဆုံးအခကြေးငွေကို ပြန်လည်သုံးသပ်၍ တိုးမြှင့်သတ်မှတ်ပေးရန် အစိုးရအနေဖြင့် ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ၊ အနိမ့်ဆုံးအခကြေးငွေသတ်မှတ်ရာတွင် ကုန်စိမ်းညွှန်းကိန်း၊ ငွေကြေးဖောင်းပွမှုနှုန်း၊ အလုပ်သမားမိသားစု၏အခြေခံလိုအပ်ချက်၊ ဒေသအလိုက် လူနေမှုစရိတ် တို့ကို ထည့်သွင်းတွက်ချက်ပြီး ပုံမှန်ကာလအလိုက် ပြန်လည်သုံးသပ်သည့်စနစ်တစ်ရပ်ထားရှိရန် ဆောင်ရွက်မည် ဟုတ် မဟုတ်၊ လက်ရှိအနိမ့်ဆုံးအခကြေးငွေစနစ်သည် အခြေခံလုပ်ခနှင့် ထောက်ပံ့ ကြေးပေါင်းစပ်သည့် ပုံစံဖြစ်နေသဖြင့် ရေရှည်တွင် အလုပ်သမားများ၏တည်ငြိမ်သော ဝင်ငွေရရှိရေး အတွက် အခြေခံလုပ်ခလစာစနစ်ကို ပြန်လည်ပြင်ဆင်သတ်မှတ်ရန်အစီအစဉ် ရှိ မရှိ၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အနိမ့်ဆုံးအခကြေးငွေမှ အသက်မွေးဝမ်းကျောင်းနိုင်သောလုပ်ခ (Living Wage) စံနှုန်းသို့ တဖြည်းဖြည်းပြောင်းလဲနိုင်ရေး မူဝါဒချမှတ်ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ၊ အနိမ့်ဆုံးအခကြေးငွေတိုးမြှင့်သတ်မှတ်ရာတွင် အသေးစားနှင့် အလတ်စားလုပ်ငန်း(SME) အပေါ် သက်ရောက်မှုလျော့နည်းစေရန် ချေးငွေပံ့ပိုးမှု၊ နည်းပညာကူညီမှု၊ အခွန်ဆိုင်ရာအထောက် အပံ့များ ပူးတွဲဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း က

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အနည်းဆုံးအခကြေးငွေဥပဒေကို ၂၂-၃-၂၀၁၃ ရက်တွင် လည်းကောင်း၊ အနည်းဆုံးအခကြေးငွေနည်းဥပဒေကို ၁၂-၇-၂၀၁၃ ရက်တွင်လည်းကောင်း ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (င)တွင် အခကြေးငွေဆိုသည်မှာ အလုပ်ရှင်၏ နာရီပိုင်းအလုပ်၊ နေ့စဉ်အလုပ်၊ အပတ်စဉ်အလုပ်၊ လစဉ်အလုပ် သို့မဟုတ် အခြားအချိန်ပိုင်း အလုပ်တစ်ခုခုကို အလုပ်သမားက လုပ်ကိုင်ဆောင်ရွက်ပေးရသဖြင့် ရသင့်သောအခကြေးငွေနှင့် လုပ်ခလစာတို့ကို ဆိုလိုပါကြောင်း၊ ထိုစကားရပ်တွင် အချိန်ပိုလုပ်ခသည်လည်းကောင်း၊ အလုပ်ကောင်းမွန်သဖြင့် သို့မဟုတ် အကျင့်စာရိတ္တကောင်းမွန်သဖြင့် အလုပ်ရှင်မှ အပိုပေးသည့် ဆုကြေးငွေများသည်လည်းကောင်း၊ ဝင်ငွေအဖြစ် သတ်မှတ်နိုင်သော အခြားငွေနှင့် အကျိုးခံစားခွင့်များလည်း ပါဝင်ပါကြောင်း၊ သို့ရာတွင် ခရီးစရိတ်များ၊ ပင်စင်လစာနှင့် အငြိမ်းစားလုပ်သက်ဆုငွေ၊ လူမှုဖူလုံရေးအကျိုးခံစားခွင့် ငွေကြေးများ၊ နေထိုင်ခနှင့် စားသောက်စရိတ်များ၊ မီးဖိုး၊ ရေဖိုးနှင့် အခွန်အခများ၊ ဆေးကုသ စရိတ်နှင့် အပန်းဖြေခများ၊ အလုပ်ထုတ်နစ်နာကြေးနှင့် ကရုဏာကြေးများ၊ အလုပ်သမားဝန်ကြီး ဌာနက ဤဥပဒေပါ အခကြေးငွေနှင့် မသက်ဆိုင်ဟု ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်သော အခြားအခကြေးငွေများမပါဝင်ပါဟု ပြဋ္ဌာန်းထား ပါကြောင်း၊ ဥပဒေနှင့်အညီ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဝန်ကြီးဌာန ၉ ခု၊ အလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းကျွမ်းကျင်ပြီး မျှတစွာဆောင်ရွက်မည့်ပုဂ္ဂိုလ်များပါဝင် သော ၂၀-၁၂-၂၀၁၃ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေကော်မတီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာကော်မတီများကို ၂၅-၂-၂၀၁၄ ရက်တွင်လည်းကောင်း စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီသည် အနည်းဆုံး အခကြေးငွေသတ်မှတ်နိုင်ရေးအတွက် အလုပ်ရှင်နှင့် အလုပ်ရှင်အဖွဲ့အစည်းများ၊ အလုပ်သမားနှင့် အလုပ်သမားအဖွဲ့အစည်းများထံမှ အကြံပြုချက် များ၊ သဘောထားမှတ်ချက်များနှင့်အညီ ၁၈-၈-၂၀၁၅ ရက်တွင် အနည်းဆုံးအခကြေးငွေကို တစ်နာရီ ၄၅၀ ကျပ်နှင့် တစ်ရက် အလုပ်ချိန် ၈ နာရီ အတွက် ၃,၆၀၀ ကျပ်မှ စတင်သတ်မှတ် ခဲ့ပါကြောင်း၊ ၁၄-၅-၂ဝ၁၈ ရက်တွင် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ၆၀၀ ကျပ်နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ အတွက် ၄,၈၀၀ ကျပ် တိုးမြှင့် သတ်မှတ်ခဲ့ပါကြောင်း။

အနည်းဆုံးအခကြေးငွေ နည်းဥပဒေ ၄၁(က)တွင် အမျိုးသားကော်မတီသည် သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေတို့နှင့်စပ်လျဉ်း၍ ပြောင်းလဲလာသော အခြေအနေ များအရ အထူးစီးပွားရေးဇုန်များရှိ အလုပ်သမား များအတွက် သက်ဆိုင်ရာအထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှု ကော်မတီ၏ သက်ဆိုင်ရာတိုင်းဒေသကြီး ကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီ နှင့်ညှိနှိုင်း၍ တင်ပြလာသည့် အကြံပြုချက်များကိုသော်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ ကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီတို့၏ ပြန်လည်သုံးသပ်အကြံ ပြုချက်များကိုသော်လည်းကောင်း၊ သက်ဆိုင်ရာလုပ်ငန်း ဌာန၊ အဖွဲ့အစည်းများ၏ အကြံပြုချက် များကို သော်လည်းကောင်း၊ ထိုအကြံပြုချက်များအပေါ် လုပ်ငန်းကော်မတီများ၏ သဘောထား မှတ်ချက်များကိုသော်လည်းကောင်း ထည့်သွင်းစဉ်းစားပြီး သတ်မှတ်ထားသော အနည်းဆုံးအခ ကြေးငွေနှုန်းထားကို နှစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက် ဖြင့် အခါအားလျော်စွာ ပြင်ဆင်ခြင်း၊ ဆက်လက် အတည်ပြုခြင်းတို့ကို ပြုနိုင်သည်ဟု ပြဋ္ဌာန်းထား ပါကြောင်း၊ ၉-၁ဝ-၂ဝ၂၃ ရက်တွင် ပထမအကြိမ် အပိုထောက်ပံ့ကြေး ၁,၀၀၀ ကျပ်၊ ၉-၈-၂ဝ၂၄ ရက်တွင် ဒုတိယအကြိမ် အပိုထောက်ပံ့ကြေး ၁,၀၀၀ ကျပ်နှင့် ၁၄-၁၀-၂၀၂၅ ရက်တွင် တတိယအကြိမ် အပိုထောက်ပံ့ကြေး ၁,၀၀၀ ကျပ် ထပ်မံတိုးမြှင့် ပေးခဲ့သဖြင့် စုစုပေါင်း အပိုထောက်ပံ့ကြေး ၃,ဝဝဝ ကျပ်ကို အလုပ်လုပ်သောရက်များနှင့်၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ပြုခဲ့သဖြင့် အလုပ်သမားများ အနေဖြင့် အလုပ်လုပ်သော ရက်များ၊ ဥပဒေနှင့်အညီခံစားသောခွင့်ရက်များ၌ တစ်ရက်ဝင်ငွေ စုစုပေါင်း ၇,၈၀၀ ကျပ်ရရှိမည်ဖြစ်ပါကြောင်း၊

အနည်းဆုံးအခကြေးငွေနည်းဥပဒေ ၂၃ တွင် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး၊ ပြန်လည်သုံးသပ်ရေးတို့နှင့် စပ်လျဉ်း၍ ဥပဒေအခန်း(၅)၊ ပုဒ်မ ၇ ပါ အခြေခံရမည့်အချက်များ အပြင် စားသုံးသူဈေးနှုန်း၊ ကုန်စည်ဈေးနှုန်းနှင့် ဝန်ဆောင်ခများ၊ ငွေကြေးဖောင်းပွမှုနှုန်း၊ ကျေးလက်ဒေသတွင် စက်မှုလုပ်ငန်းများရင်းနှီးမြှုပ်နှံရေးအတွက် လိုအပ်ချက်များ၊ ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အခြားကုန်ကျစရိတ်များ၊ အလုပ်သမားများ၏ ကုန်ထုတ်လုပ်မှုစွမ်းအား၊ အလုပ်ရှင်က လုပ်ခပေးစွမ်းနိုင်မှုအခြေအနေ၊ နိုင်ငံတော်၏ လူမှုစီးပွားရေးအခြေအနေများနှင့် ပြောင်းလဲလာသောအခြေအနေများနှင့်အညီ ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် အခါအားလျော်စွာသတ်မှတ်သောအခြားအချက်များ စသည့်အချက်များကို လေ့လာ စိစစ်ပြီး ထည့်သွင်းတွက်ချက်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ဥပဒေနှင့်အညီ အနည်းဆုံး အခကြေးငွေ ပြန်လည်သုံးသပ်ရာတွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် သဘောတူညီမှုဖြင့် နိုင်ငံတော်၏ စီးပွားရေးမူဝါများကို ထည့်သွင်းစဉ်းစားလျက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ အခွန် ကင်းလွတ်ခွင့်များပေးအပ်ခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ မြန်မာကုမ္ပဏီအွန်လိုင်းမှတ်ပုံတင် စနစ်ဖြင့် လွယ်ကူစွာမှတ်ပုံတင်ဆောင်ရွက်နိုင်ခြင်း၊ အသေးစားကုမ္ပဏီများအတွက် အုပ်ချုပ်မှုနှင့် လိုက်နာဆောင်ရွက်ရမည့် ဝန်ထုပ်ဝန်ပိုးများကိုလျော့ကျစေနိုင်ခြင်းတို့မှတစ်ဆင့် ပြည်တွင်းအသေးစား နှင့်အလတ်စားလုပ်ငန်းများအတွက် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြန်မာကုမ္ပဏီအွန်လိုင်း မှတ်ပုံတင်စနစ်တွင် ဝန်ထမ်းအင်အား ၃၀ ဦးထက်မပိုသော တစ်နှစ်တာ စုစုပေါင်းဝင်ငွေ ကျပ်သန်း ၅၀ ထက်မပိုသော ကုမ္ပဏီများအား အသေးစားကုမ္ပဏီများအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပါကြောင်း၊ အသေးစားကုမ္ပဏီများ လုပ်ငန်းလည်ပတ်မှုစရိတ်စကနှင့် အုပ်ချုပ်မှုဝန်ထုပ်ဝန်ပိုးများ သက်သာစေရန် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ အသေးစားကုမ္ပဏီများသည် ၎င်းတို့၏နှစ်စဉ် ဘဏ္ဍာရေးရှင်းတမ်းများအား ပြင်ပစာရင်းစစ်ဖြင့် စစ်ဆေးခံရမည့် တာဝန်မှကင်းလွတ်ခွင့်နှင့် ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် သီးခြားသတ်မှတ်မထားပါက သို့မဟုတ် အစုရှယ်ယာရှင် များမှ တောင်းဆိုခြင်းမရှိပါက နှစ်စဉ်အထွေထွေအစည်းအဝေးကို ကျင်းပရန်မလိုအပ်ဘဲ ဆုံးဖြတ်ချက်များကို စာဖြင့်ရေးသားလက်မှတ်ရေးထိုး၍ အတည်ပြုနိုင်သဖြင့် လုပ်ငန်းလည်ပတ်မှု လျင်မြန်ချောမွေ့စေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ပြည်တွင်းအသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် နိုင်ငံတော်၏ဦးစားပေးမြှင့်တင် သော ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက်ပါက ဇုန်အလိုက် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပေးခြင်း၊ SME လုပ်ငန်းများမှတ်ပုံတင်ရာတွင် မြန်မာကုမ္ပဏီ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် လွယ်ကူစွာမှတ်ပုံတင်နိုင်သည့်အပြင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ပင် အလွယ်တကူလျှောက်ထားနိုင်သဖြင့် လုပ်ငန်းစတင်ရန်နှင့် လည်ပတ်ရန် ကုန်ကျစရိတ်များကို အထိရောက်ဆုံးလျှော့ချဆောင်ရွက်ပေး လျက်ရှိသဖြင့် လုပ်ငန်းရှင်များအတွက် အုပ်ချုပ်မှုကုန်ကျစရိတ်များကို များစွာသက်သာစေပြီး အလုပ်သမားများအား လုပ်ခလစာ တိုးမြှင့်ပေးရမှုကြောင့်ဖြစ်ပေါ်လာမည့် ငွေကြေးစရိတ်စက များကို တစ်ဖက်တစ်လမ်းမှ ပြန်လည်ကာမိစေရန်ရည်ရွယ်ပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် MSMEs လုပ်ငန်းများအတွက် လိုအပ်သော ငွေကြေး ရင်းမြစ်များအား ဘဏ်များမှတစ်ဆင့်ပံ့ပိုးပေးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ MSMEs ကဏ္ဍသို့ JICA ရန်ပုံငွေ၊ MSMEs ရန်ပုံငွေများအပြင် ဘဏ်များ၏ ဘဏ္ဍာရန်ပုံငွေအသုံးပြု၍ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်တို့က ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ကုန်တွင် ကျပ် ၈,၉၇၄.၂၂ ဘီလီယံရှိပြီး၊ အဆိုပါပမာဏထဲတွင် ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်၏ ထုတ်ချေးထားမှုသည် ၉၆ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပါကြောင်း၊ လက်ရှိ ဘဏ်များအနေဖြင့် MSMEs လုပ်ငန်းများချေးငွေပိုမိုရရှိနိုင်ရေးအတွက် ရာသီအလိုက် ထုတ်ချေးပေးသည့်ချေးငွေများအား အာမခံအပေါင်ပစ္စည်း လိုအပ်ချက်လျှော့ပေါ့ပေးခြင်း၊ ချေးငွေ လျှောက်ထားမှုဆိုင်ရာ လိုအပ်သည့် စာရွက်စာတမ်းများ ဖြေလျှော့ပေးခြင်း၊ ချေးငွေအာမခံ အပေါင်ပစ္စည်း မပေးအပ်နိုင်သည့် MSMEs လုပ်ငန်းများကို အာမခံအပေါင်ပစ္စည်းအစား ချေးငွေအာမခံ ဝယ်ယူခြင်းဖြင့် ထုတ်ချေးပေးခြင်း၊ JICA ရန်ပုံငွေ၊ MSMEs ရန်ပုံငွေများဖြင့် သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေးပေးခြင်း၊ လုပ်ငန်းလည်ပတ်ရန် လိုအပ်သည့်ချေးငွေနှင့် လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်အတွက် လိုအပ်သည့်ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါကြောင်း၊

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအလုပ်သမားများ၏ လစာဝင်ငွေ အပေါ် အခွန်ကျသင့်မှုနှင့်စပ်လျဉ်း၍ ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) တွင် ဝင်ငွေနည်း လုပ်ခလစာရရှိသော ဝန်ထမ်းများနှင့် အလုပ်သမားများကို ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုသည့်အနေဖြင့် နှစ်တစ်နှစ်အတွင်း လစာဝင်ငွေကျပ် ၄၈ သိန်းမကျော်ပါက ဝင်ငွေခွန်ထမ်းဆောင်ရန်မလိုအပ်ကြောင်း ပြဋ္ဌာန်းထားပါကြောင်း၊ ထို့အပြင် နှစ်တစ်နှစ်အတွင်း လစာ ဝင်ငွေကျပ် ၄၈ သိန်း အထက်ရရှိသူများ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေး လုပ်ငန်း၊ အခြားရလမ်းများမှ ဝင်ငွေရရှိသူများအပေါ် ဝင်ငွေခွန်ကောက်ခံရာတွင် ရရှိသည့် ဝင်ငွေမှ ဝင်ငွေခွန်ဥပဒေပုဒ်မ ၂ဝ အရ အခြေခံသက်သာခွင့် ၂၀ ရာခိုင်နှုန်း၊ အတူနေမိဘ တစ်ဦးချင်းအတွက် ကျပ် ၁၀ သိန်း၊ အိမ်ထောင်ဖက်အတွက် ကျပ် ၁၀ သိန်း၊ သားသမီး တစ်ဦးလျှင်ကျပ် ၅ သိန်း၊ အခွန်ထမ်းနှင့် အိမ်ထောင်ဖက်၏အသက်အာမခံအတွက် ပေးရသည့် ပရီမီယံနှင့် လူမှုဖူလုံရေးရန်ပုံ ငွေသို့ ထည့်ဝင်ငွေတို့ကို ဝင်ငွေခွန်တွက်ချက်ရာတွင် စရိတ်အဖြစ် နုတ်ပယ်ခွင့်ပြုထားပါကြောင်း၊ ထို့ပြင် အသေးစားနှင့်အလတ်စားလုပ်ငန်းများ (SMEs) အပေါ် သက်ရောက်မှုလျော့နည်းစေရန် ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၉ အရ ပြည်တွင်းထုတ်လုပ်မှုကို အခြေခံသည့် အသစ်ထူထောင်သော အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ သို့မဟုတ် အသေးစားစက်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နေခြင်းအပေါ် လုပ်ငန်းစတင်သောနှစ်အပါအဝင် တစ်ဆက်တည်းသုံးနှစ်ကာလ အတွင်း နှစ်တစ်နှစ်စုစုပေါင်းအသားတင် အမြတ်ဝင်ငွေကျပ်သိန်း ၂၀၀ ထိ ဝင်ငွေခွန်ကင်းလွတ် ခွင့်ပြုထား ပါကြောင်း၊ 

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနအနေဖြင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ကျပ်ဘီလီယံ ၁၅၀ မှ ၂၀၂၄ ခုနှစ်၊ အောက်တို ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ လုပ်ငန်းရှင် ၂၅၃ ဦးသို့ ငွေကျပ် ၉,၉၅၅ သန်း ထုတ်ချေးပေးပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သော MSMEs များ ဖြစ်ပေါ်လာစေရေးအတွက် နည်းပညာ၊ အသိပညာပေး ဆွေးနွေးပွဲ များနှင့် သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ၁-၂-၂၀၂၁ ရက်မှ ၃၀-၆-၂၀၂၆ ရက် အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် MSMEs လုပ်ငန်းရှင် ၃,၁၄၈ ဦးကို လုပ်ငန်းဖွံ့ဖြိုး တိုးတက်မှု အထောက်အကူပြုအသိပညာ၊ နည်းပညာများ ပံ့ပိုးပေးပြီးဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏ မူဝါဒ၊ ရည်မှန်းချက်များ၊ MSMEs လုပ်ငန်းများ၏ လိုအပ်ချက်များနှင့်အညီ MSMEs ဖွံ့ဖြိုး တိုးတက်ရေး ပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။