နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ စက်တင်ဘာ ၂၁ ရက်နေ့ ဆောင်ရွက်မှုများ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့် တရုတ်နိုင်ငံအခြေစိုက် Shandong Huache Energy Technology Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၂.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့်ဖြေကြားချက် အကျဉ်းချုပ်
MY EN

(ခ) ဦးဝင်းဆွေ(ခ)ဦးဝင်းရွှေ(လပွတ္တာမဲဆန္ဒနယ်)

2026-09-22
တတိယအကြိမ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
မေးခွန်း
ဦးဝင်းဆွေ(ခ) ဦးဝင်းရွှေ (လပွတ္တာ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

လပွတ္တာမြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းခွင်များနှင့် ရေယာဉ်များတွင် အသုံးပြုရန်အတွက် စက်သုံးဆီအား လွယ်ကူအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်းမှာ မိုးစပါးစိုက်ဧကပေါင်း ၃၄,၀၀၀ ခန့်ရှိပြီး နွေစပါးစိုက်ဧက ၂၀,၀၀၀ ခန့်ရှိပြီး လယ်မြေများထွန်ယက်ရာမှာ မြင်းကောင်ရေ ၂၅ ကောင် အောက် ထွန်စက်ငယ်များနှင့် မြင်းကောင်ရေ ၅၀ လယ်ထွန်စက်ကြီးများကို အသုံးပြုကြ ပါကြောင်း၊ လယ်ထွန်စက်ငယ်များ မှာ တစ်နေ့ကို ၄ ဂါလန်ခန့်ကုန်ကျပြီး လယ်ထွန်စက်ကြီးများမှာ တစ်နေ့ကို ၁၂ ဂါလန်ခန့် ကုန်ကျပါကြောင်း၊ တောင်သူလယ်သမားများသည် လုပ်ငန်းများ စဉ်ဆက် မပြတ် ဆောင်ရွက်နိုင်ရေး အတွက် ဒီဇယ်ဆီများကို တစ်ပတ်စာမျှ ကြိုတင်ဝယ်ယူ အသုံးပြု လေ့ရှိကြပါ ကြောင်း၊ တချို့တောင်သူ တွေကတော့ဒေသမှာရှိတဲ့ စက်သုံးဆီဆိုင်များမှအကြွေးစနစ်၊ စပါးပေါ် ပေးဖြင့် ဝယ်ယူအသုံးပြု ကြပြီး ယာဉ်အသေး၊ အလတ်၊ အကြီးများကလည်း ဒေသရှိ စက်သုံး ဆီဆိုင် များမှ ဝယ်ယူအသုံးပြုကြပါကြောင်း။

လပွတ္တာမြို့နယ်အတွင်း၌ လက်ရှိကာလအတွင်းတွင် တိုင်ကြား၍သော်လည်းကောင်း၊ သတင်းပေး၍ သော်လည်းကောင်း တရားစွဲအဖွဲ့အစည်းများက ကျေးလက်များကိုဆင်းပြီး ဥပဒေ အရ ကန့်သတ်ချက်ထက်ပိုပြီး လက်ဝယ်ထားရှိသော၊ သယ်ယူပို့ဆောင်သော လယ်သမား များနှင့် တစ်ဆင့်ရောင်းချသူများအား ဖမ်းဆီးအရေးယူသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ လပွတ္တာ မြို့နယ်သည် ဧရိယာစတုရန်း မိုင်ပေါင်း ၁,၀၅၀ ကျယ်ဝန်းပြီး မြစ်ချောင်းများ ပေါများကာ ရေလမ်းကို အဓိကထားအသုံးပြုပြီး လမ်းပန်း ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုခက်ခဲသောမြို့ ဖြစ်ပြီး တောင်သူလယ်သမားများ၊ စက်တပ်ယာဉ်များအနေဖြင့် ဥပဒေပါပြဋ္ဌာန်းထားသည့် ကန့်သတ် အရေအတွက်အတိုင်း မြို့ပေါ် လိုင်စင်ရဆိုင်များမှ ဝယ်ယူ၍ အသုံးပြုရမည်ဆိုပါက လုံးဝအဆင်မပြေနိုင်ပါကြောင်း၊ ကြိုတင်ဝယ်ယူ စုဆောင်း၍သော်လည်းကောင်း၊ ကျေးရွာများတွင် အချိန်မရွေးဝယ်ယူနိုင်သော အစိုးရအသိအမှတ်ပြု ဆိုင်ခွဲများ ဖွင့်လှစ်၍သော်လည်းကောင်း၊ စီစဉ် ဆောင်ရွက်ပေးမှသာ လုပ်ငန်းခွင်များမှာ အဆင်ပြေ မည်ဖြစ်ပါကြောင်း၊  လပွတ္တာမြို့နယ်အတွင်း ကျေးလက်နေတောင်သူများအနေဖြင့် စက်စွမ်းအားအသုံးပြု၍ အသက်မွေးဝမ်းကျောင်းပြုကြသူ များ၊ မိမိတို့၏လုပ်ငန်းခွင်များမှာ အန္တရာယ် ကင်းစွာဖြင့် အသုံးပြုနိုင်ရေးအတွက် စက်သုံးဆီများ အား လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေး အတွက် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ မရှိနှင့် စပ်လျဉ်းပြီး မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ၊ ဦးကျော်နိုင်ဝင်း က

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူများဈေးနှုန်းသက်သာစွာ၊ ဖူလုံစွာဖြင့် စက်သုံးဆီ များဝယ်ယူသုံးစွဲနိုင်ရေးအတွက် ပြည်ပမှစက်သုံးဆီများ ဝယ်ယူတင်သွင်း ဖြန့်ဖြူး ရောင်းချ ရာတွင် ထောက်ပံ့ကူညီပေးလျက်ရှိပြီး အရောင်းဆိုင်များမှတစ်ဆင့် စနစ်တကျ စိစစ် ဖြန့်ဖြူး ရောင်းချ ပေးလျက်ရှိပါကြောင်း ၊  စက်သုံးဆီများကို မော်တော်ယာဉ်များအတွက်ပုံမှန်စက်သုံးဆီ ရောင်းချ မှုခွဲတမ်းဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်းလည်းကောင်း၊ အခြားလုပ်ငန်း အသီးသီး တို့ အတွက် စက်သုံးဆီ Importer များက ၎င်းတို့အစီအစဉ်ဖြင့် ဝယ်ယူ တင်သွင်းထားသည့် (Non-Subsidize) စက်သုံးဆီများကို အခြားကဏ္ဍသုံး စက်သုံးဆီရောင်းချမှု ခွဲတမ်းများဖြင့် ဈေးကွက် ပေါက်ဈေးအတိုင်းလည်းကောင်း စနစ်တကျဖြန့်ဖြူးရောင်းချစေလျက် ရှိပါကြောင်း၊ စက်သုံးဆီ များကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ အောက် ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ အရောင်းဆိုင်များတွင် တိုက်ရိုက် စနစ်တကျ စိစစ် ရောင်းချပေးလျက်ရှိပါကြောင်း၊

(က)    လယ်ယာစိုက်ပျိုးရေးကဏ္ဍကို မထိခိုက်စေရေးအတွက် ထော်လာဂျီ၊ လယ်ယာ သုံးစက်ပစ္စည်းများနှင့် မြစ်တွင်းသွား စက်လှေများကို တစ်ရက်လျှင် အများဆုံး ၁၅ လီတာ ပုံမှန်စက်သုံးဆီရောင်းချမှုခွဲတမ်းဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း၊

()     ယင်းပမာဏထက် ကျော်လွန်ပါက Importer များက ၎င်းတို့အစီအစဉ်ဖြင့် ဝယ်ယူ တင်သွင်းထားသည့် (Non-Subsidize) စက်သုံးဆီများ ရောင်းချမှုခွဲတမ်းမှတ်တမ်း ဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း၊

()     လယ်ထွန်စက်များအား စက်သုံးဆီဝယ်ယူသုံးစွဲမှု ပိုမိုအဆင်ပြေစေရန်အတွက် လယ်ထွန်စက်များ စက်သုံးဆီအရောင်းဆိုင်သို့ လာရောက် ဆီဖြည့်တင်းဝယ်ယူပါက လယ်ထွန်စက်မှာပါရှိသည့် ဆီတိုင်ကီအတွင်း ဝင်ဆံ့သည့်ပမာဏကို ပုံမှန်စက်သုံးဆီ ရောင်းချမှုခွဲတမ်းမှ စာရင်းမှတ်စနစ်ဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း၊

          မိမိတို့ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)မှ ထုတ်လုပ် သောဓာတ်ဆီနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)မှ ထုတ်လုပ်သော ဓာတ်ဆီ RON-72 များကိုလည်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တာဝန်ယူမှုအာမခံချက်ဖြင့် သင့်လျော်သည့် မော်တော်ဆိုင်ကယ်၊ သုံးဘီးယာဉ်၊ အချို့မော်တော်ယာဉ်များ၊ မြစ်တွင်းသွားစက်လှေများနှင့် လယ်ယာသုံးစက်ပစ္စည်းများတွင် သုံးစွဲနိုင်ရေး တိုင်းဒေသကြီးအတွင်းရှိ အရောင်းဆိုင်များမှ RON-68 ကို ၄၃,၀၀၀ ဂါလန် နှင့် RON-72 ကို ၁၉,၆၀၀ ဂါလန်ကို အပတ်စဉ် လျှောက်ထားထုတ်ယူ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဇူလိုင်လမှာဆိုလျှင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ၊ ဖျာပုံ၊ လပွတ္တာခရိုင်များအတွင်းရှိ မိုးစပါးစိုက်ပျိုးဧကများအတွက် လိုအပ်သည့် စက်သုံးဆီ စုစုပေါင်း HSD ၉၀၀,၀၀၀ ကျော်နှင့် PHSD ၅၀၀,၀၀၀ ကျော် ဂါလန်တို့အား ရောင်းချပေးခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မိုးစပါးစိုက်ပျိုးရာသီအတွက် ထွန်ယက်ဆီအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှတစ်ဆင့် ညှိနှိုင်းတင်ပြခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၏ လိုအပ်ချက် ဖြစ်သော ပြည်တွင်းထုတ်ဒီဇယ်ဆီ ဂါလန် ၆၀,၀၀၀ ကျော်နှင့် ရေနံဓာတုဗေဒစက်ရုံ (သံပရာကန်)မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းတွင် သက်ဆိုင်ရာအရောင်းဆိုင်များမှတစ်ဆင့် တောင်သူလယ်သမား များထံသို့ တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့ပါကြောင်း၊ ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာဥပဒေ ပုဒ်မ ၁၅ နှင့် ပုဒ်မ ၁၆ တွင် ပြဋ္ဌာန်းချက်များအရ ဓာတ်ဆီနှင့် ဒီဇယ်ဆီများကို ဥပဒေနှင့်အညီ လက်ဝယ် သိုလှောင်ထားရှိ သုံးစွဲနိုင်တာဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လပွတ္တာ မြို့နယ်အပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်ယာလုပ်ငန်းခွင် များနှင့် ရေယာဉ် များတွင် အသုံးပြုရန်အတွက် စက်သုံးဆီအား လွယ်ကူအဆင်ပြေစွာ ဝယ်ယူသုံးစွဲ နိုင်ရေး လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့အနေဖြင့် ဆောင်ရွက် ထားရှိပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။