နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ စက်တင်ဘာ ၂၁ ရက်နေ့ ဆောင်ရွက်မှုများ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့် တရုတ်နိုင်ငံအခြေစိုက် Shandong Huache Energy Technology Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၂.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့်ဖြေကြားချက် အကျဉ်းချုပ်
MY EN

(ဂ)- ဦးအောင်ဇော်မိုး(ခ)အောင်ဇော်မိုးထွန်း(မူဆယ်မဲဆန္ဒနယ်)

2026-09-22
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
မေးခွန်း
ဦးအောင်ဇော်မိုး(ခ) အောင်ဇော်မိုးထွန်း (မူဆယ် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မူဆယ်မြို့တွင် စက်သုံးဆီဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက် စက်သုံးဆီကို တရုတ်နိုင်ငံမှ တင်သွင်းနိုင်ရေး သွင်းကုန်လိုင်စင်အား မည်သည့်အချိန်တွင် စတင်ချထားပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မူဆယ်ခရိုင်အပါအဝင် ရှမ်းပြည်နယ်(မြောက်ပိုင်းဒေသကို ၂၀၂၃ ခုနှစ်၊ မတ်လမတိုင်မီ ကာလက စက်သုံးဆီတင်သွင်းဖြန့်ဖြူးမှုတွင် စက်သုံးဆီတင် ယာဉ်များဖြင့် ရန်ကုန်-မန္တလေး-လားရှိုးလမ်းအတိုင်း သယ်ယူဖြန့်ဖြူးပေးခဲ့ရပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ မတ်လမှစ၍ မူဆယ်မြို့ အတွက် ရန်ကုန်မှတစ်ဆင့် ဝယ်ယူဖြန့်ဖြူးခြင်းအစား ဒေသခံကုမ္ပဏီ   ၄ ခုကိုတာဝန်ပေးပြီး တရုတ်နိုင်ငံမှစက်သုံးဆီများကို မူဆယ်မြို့နယ်၊ ကျင့်စန်းကျော့နယ်စပ်ဂိတ်မှ တင်သွင်း ဖြန့်ဖြူး ပေးခဲ့ပါကြောင်း၊ ထိုသို့တင်သွင်းဖြန့်ဖြူးမှုကြောင့် မူဆယ်ဒေသသည် စက်သုံးဆီကို ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန် တိုက်ပွဲများ ဖြစ်ပွားချိန်မှစပြီး မူဆယ်မြို့နယ်၊ ကျင့်စန်းကျော့နယ်စပ်ဂိတ် ပိတ်သွားသည့်အတွက် စက်သုံးဆီ တင်သွင်းမှုကို မူဆယ် မြို့ပေါ်ရှိ မန်ဝိန်းဂိတ်မှတင်သွင်းခဲ့ပြီး မူဆယ်မြို့ပေါ်သို့ ဖြန့်ဝေပေးနိုင်ခဲ့ပါကြောင်း၊ သို့သော် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဆန်းတွင် နယ်မြေဒေသ လုံခြုံရေးအခြေအနေအရ တရုတ်နိုင်ငံမှ စက်သုံးဆီ တင်သွင်းနေမှုကို တရုတ်နိုင်ငံဘက်မှ ယာယီရပ်ဆိုင်းခဲ့ သည့်အတွက် မူဆယ်မြို့ပေါ်တွင် စက်သုံးဆီ ပြတ်တောက်ပြီး ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ ဖြစ်ပေါ်လာသည့် အခြေအနေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ မူဆယ်မြို့၏ အမှန်တကယ်သုံးစွဲရန် အနည်းဆုံး လိုအပ်ချက်ကို တွက်ချက်တင်ပြစေခဲ့သဖြင့် မူဆယ်မြို့၏ အမှန်တကယ်သုံးစွဲရန် အနည်းဆုံး လိုအပ်ချက်ဖြစ်သည့် ဓာတ်ဆီနှင့်ဒီဇယ် တန် ၄၀၀ စီ တင်သွင်းခွင့်ရရှိရေး တင်ပြခဲ့ပါ ကြောင်း၊ ထိုသို့တင်ပြချက်အရ နိုင်ငံတော်အစိုးရမှ တရုတ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လတွင် မူဆယ်မြို့ အသုံးပြုရန် ဓာတ်ဆီနှင့်ဒီဇယ် တန် ၄၀၀ စီကို ပြန်လည် တင်သွင်းခွင့်ရရှိခဲ့ပြီး မူဆယ်မြို့တွင်း ဖြန့်ဝေပေးနိုင်ခဲ့ပါကြောင်း။

မူဆယ်မြို့တွင်း စက်သုံးဆီကို ဖြန့်ဝေရောင်းချရာတွင်လည်း အသုံးပြုမည့်ကား၊ ဆိုင်ကယ်၊ လုပ်ငန်းတစ်ခုချင်းစီအတွက် အသေးစိတ်စိစစ်ပြီး ဝယ်ယူခွင့်နှုန်းထား သတ်မှတ်ပေးခဲ့ပါကြောင်း၊ ယခုခေတ်လို QR Code စနစ်မရှိသေးသော်လည်း မိမိတို့ငယ်ငယ်တုန်းက အသုံးပြုခဲ့ရသည့် စက်သုံးဆီဝယ်ယူခွင့်မှတ်တမ်းစာအုပ်မျိုးပြုလုပ်ပေးပြီး ရောင်းချပေးခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လဆန်းအထိသာ တင်သွင်းနိုင်ပြီး စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများ၏ သွင်းကုန်လိုင်စင် သက်တမ်းကုန်ဆုံးသွားသည့်အတွက် တင်သွင်းဖြန့်ဖြူးမှု ရပ်ဆိုင်းသွားခဲ့ပါကြောင်း၊ မူဆယ်မြို့ သည် နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေပြီး အုပ်ချုပ်ရေးယန္တရားပုံမှန် လည်ပတ်နေသည့် မြို့တစ် မြို့ဖြစ်သည့်အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် လုံခြုံရေးအခြေအနေအရ အခြား မြို့များ နှင့် လမ်းပန်းဆက်သွယ်မှုပြတ်တောက်နေသည့် တစ်ခုတည်းသော မြို့ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် မူဆယ်မြို့အတွက် စက်သုံးဆီဟာ ရန်ကုန်မြို့မှတစ်ဆင့် တင်ပို့ရန် လုံးဝမဖြစ်နိုင် သည့်အတွက် တရုတ် နိုင်ငံမှ တင်သွင်းခွင့်ရရှိရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မူဆယ်မြို့ အတွက် အနည်းဆုံး လိုအပ်ချက်ဖြစ်သည့် လစဉ်ဓာတ်ဆီနှင့် ဒီဇယ် တန် ၄၀၀ စီကို တရုတ်နိုင်ငံ ရွှေလီမြို့မှ မူဆယ်မြို့သို့ မန်ဝိန်းဂိတ်မှတစ်ဆင့် တင်သွင်းနိုင်ရေး ခွင့်ပြုပေးနိုင်ပါရန် တင်ပြခဲ့ ကြောင်း၊ တရားဝင်သွင်းကုန် လိုင်စင်ချထားပေးခြင်းမရှိသည့်အတွက် မူဆယ်မြို့ပြင်ပရှိ အုပ်ချုပ် ရေး ယန္တရားမရှိသည့် တရုတ်နိုင်ငံ နယ်စပ်ဖြစ်သည့် နန်းခမ်း၊ ကျင့်စန်းကျော့၊ မိုးကုတ် စသည့် တခြားနေရာများမှ တရားမဝင်စက်သုံး ဆီများ တင်သွင်းနေကြပြီး ရောင်းချ နေကြခြင်း ဖြစ်၍ နန်းခမ်းတွင် ဓာတ်ဆီနှင့်ဒီဇယ် တစ်လီတာ ၅၀၀၀ ကျပ်ခန့်၊ ၁၀၅ မိုင်တွင် ဓာတ်ဆီနှင့်ဒီဇယ် တစ်လီတာ ၅၄၀၀ ကျပ်ခန့်ဖြစ်နေသော်လည်း မူဆယ်မြို့ပေါ်တွင် ဓာတ်ဆီနှင့်ဒီဇယ်တစ်လီတာ ၆၁၀၀ ကျပ် ကျော်ဖြစ်နေပြီး ဈေးများနေပါ ကြောင်း၊ မူဆယ်မြို့နှင့် ခြံစည်းရိုးခြားသည့် ကျယ်ဂေါင်တွင် ဓာတ်ဆီတစ်လီတာ ၇.၄၄ ယွမ်၊ ၄၉၀၀ ကျပ်ခန့်သာဖြစ်ပါကြောင်း၊ သွင်းကုန်လိုင်စင်ခွင့်ပြုပေးပြီး မူဆယ်မြို့ပေါ်တွင် ဝမ်းဂစ်ခန့် များသာ တင်သွင်းခွင့်ရပါက ဓာတ်ဆီတစ်လီတာ အများဆုံး ၅၀၀၀ ကျပ်ခန့်သာ ကုန်ကျမည် ဖြစ်ပါကြောင်း၊ ယခု မြို့ပေါ်ပြည်သူများက ငွေပိုပေးလိုက်ရသော်လည်း နိုင်ငံတော်အစိုးရမှရရှိခြင်း မရှိဘဲ လက်နက်ကိုင် အကြမ်းဖက်သောင်းကြမ်းသူ အဖွဲ့အစည်းများမှ တရားမဝင် အခွန်ကောက်ခံ ခွင့်ရရှိနေကြပြီး နိုင်ငံတော်အတွက် ဝင်ငွေများ နစ်နာဆုံးရှုံးလျက်ရှိပါကြောင်း၊ မူဆယ်မြို့တွင် တာဝန်ထမ်း ဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုသည် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်ရသည့် အပြင် ပတ်ပတ်လည်မှ အဝိုင်းခံထားရသည့်အတွက် အန္တရာယ်နှင့်ရင်ဆိုင်ပြီး နေကြရပါကြောင်း။

ထို့ကြောင့် မူဆယ်မြို့မှ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုကို သက်ညှာသည့်အနေဖြင့် ယခင်ဆောင်ရွက်ခဲ့သော နည်းလမ်းအတိုင်း တရုတ်နိုင်ငံမှ စက်သုံးဆီတင်သွင်းမှုကို သွင်းကုန် လိုင်စင်ချပေးပြီး မူဆယ်မြို့၊ မန်ဝိန်းဂိတ်မှတစ်ဆင့် တင်သွင်းဖြန့်ဖြူးပါက မူဆယ်ဒေသတွင် စက်သုံးဆီ ဈေးနှုန်းသက်သာစွာဖြင့် သုံးစွဲခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက်လည်း အခွန်ငွေ ရရှိမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မူဆယ်မြို့အတွက် စက်သုံးဆီတင်သွင်းမှုကို ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသောအချိန်က ခွင့်ပြုခဲ့သကဲ့သို့ တရုတ်နိုင်ငံမှတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း က

          ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ တန့်ယန်းခရိုင်၊ လားရှိုးခရိုင် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများ ဖြန့်ဖြူးရောင်းချနိုင်ရန် ရည်ရွယ်၍ စက်သုံး ဆီတင်သွင်းဖြန့်ဖြူးခြင်း လုပ်ငန်းလိုင်စင်ရရှိထားသော ကုမ္ပဏီ ၄ ခုတို့အား ၁--၂၀၂၃ ရက်တွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှတစ်ဆင့်  စက်သုံးဆီများတင်သွင်းစေ၍ မူဆယ်မြို့နယ် နှင့် နမ့်ခမ်း မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ Pilot Project အနေဖြင့် စက်သုံးဆီ များအား ကနဦး စမ်းသပ်တင်သွင်းဖြန့်ဖြူးခွင့်ပြုခဲ့ပြီးနောက် အဆိုပါကုမ္ပဏီ ၄ ခုမှ လစဉ် ဓာတ်ဆီတန် ၁,၀၀၀ ခန့်နှင့် ဒီဇယ်ဆီတန် ၁,၀၀၀ ခန့် တင်သွင်းဖြန့်ဖြူးခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန် နယ်မြေအေးချမ်းမှုမရှိသည့်အချိန်မှစ၍ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပိတ် သွားသဖြင့် မူဆယ်မြို့ပေါ်ရှိ မန်ဝိန်းဂိတ်မှ စက်သုံးဆီများအား တင်သွင်းခွင့်ပြုခဲ့ပြီး မူဆယ်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် များသို့ ဖြန့်ဖြူးပေးခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကုန်တွင် နယ်မြေလုံခြုံရေး အခြေအနေအရ တရုတ်နိုင်ငံမှ စက်သုံးဆီတင်သွင်းခွင့်ပြုထားခြင်းကို ယာယီ ရပ်ဆိုင်းခဲ့ပြီး ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းမှသာ ပြန်လည်တင်သွင်းခွင့်ပြုခဲ့ပါကြောင်း၊ တစ်လလျှင် ဓာတ်ဆီ တန် ၄၀၀ ခန့်နှင့် ဒီဇယ်ဆီ တန် ၄၀၀ ခန့်တင်သွင်းခဲ့ပြီး သွင်းကုန်လိုင်စင်ခွင့်ပြုသည့် ပမာဏများကုန်ဆုံးသွား သောကြောင့် ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လဆန်းအထိသာ တင်သွင်းနိုင်ခဲ့ ပါကြောင်း၊ ထပ်မံ၍ သွင်းကုန် လိုင်စင်များ ခွင့်ပြုခြင်းမရှိခဲ့ပါကြောင်း။

          နယ်စပ်ဒေသမှ စက်သုံးဆီတင်သွင်းခြင်းဆောင်ရွက်ရာတွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ခွင့်ပြုတန်ချိန်အတိုင်း နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီသို့တင်ပြ၍ တင်သွင်းခွင့်ပြုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၌ သွင်းကုန်လိုင်စင်လျှောက်ထားပြီး တင်သွင်းရမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မူဆယ်ကုန်သွယ်ရေးလမ်းကြောင်း၏ လက်ရှိနယ်မြေ အခြေအနေများကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း စက်သုံးဆီတင်သွင်းရန် အခက် အခဲများ ရှိနေသော်လည်း ယခင်တင်သွင်းခဲ့မှုအခြေအနေအရလည်းကောင်း၊ အခြားနယ်စပ် စခန်း များမှ တင်သွင်းနိုင်မှုအခြေအနေများအရလည်းကောင်း စိစစ်၍ ပြန်လည်တင်သွင်း ခွင့်ပြု နိုင်ရန် တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။