မာန်အောင်မြို့နယ်၊ ဆင်နားချောင်ကျေးရွာမှ ဒိုးတန်းကျေးရွာအထိ ကျန်ကျောက်ချောလမ်းအား ကွန်ကရစ်လမ်းအဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း
မာန်အောင်ကျွန်း၏ အလယ်တွင်ရှိသည့် ကျေးရွာချင်းဆက်လမ်း ဖြစ်ပြီး ကျေးရွာပေါင်း ၇ ရွာ ၊ လူဦးရေ ပေါင်း ၄,၈၇၇ ဦးနေထိုင်လျက်ရှိကာ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ နေ့စဉ်နှင့်အမျှ သွားလာနေသောလမ်းလည်း ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်သည် အထက်တန်းကျောင်းရှေ့က ဆင်နားချောင်ကျေးရွာသို့ စက်ဘီး၊ ဆိုင်ကယ် များဖြင့် သွားရောက် ကျောင်းတက်နေရပြီး လမ်းများပျက်စီးနေပြီဖြစ်၍ သွားလာရာတွင် အန္တရာယ်များ နှင့်ကြုံတွေ့နေရပါကြောင်း။
အဆိုပါလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးမည်ဆိုပါက ကျေးရွာများရှိ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများပါ အန္တရာယ်ဘေးကင်း စွာဖြင့် သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးမှ အစ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါ ကြောင်း၊ အဆိုပါကျေးရွာ ၇ ရွာမှ လူဦးရေ ၄,၈၇၇ ဦး တို့၏ အခက်အခဲများကို ငဲ့ညှာသောအားဖြင့် ကျောက်ချောလမ်း ၅ မိုင်၊ ၂ ဖာလုံကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိ အောက်ပါမေးခွန်းများကို မေးမြန်း လိုပါကြောင်း ၊
(၁) ကျောက်ချောလမ်း ၅ မိုင်၊ ၂ ဖာလုံကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိနှင့်၊
(၂) အဆင့်မြှင့်တင်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါသဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ကိုယ်စား မေးမြန်းခဲ့ပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ၊ဦးသိုက်စိုးက
မာန်အောင်မြို့နယ်၊ လက်မဲပြင်-ဒိုးတန်း-နဂါးလမ်း တည်နေရာပြမြေပုံ ဖြစ်ပြီး ဆင်နား ချောင်-ဒိုးတန်းကျေးရွာအထိကိုကွန်ကရစ်လမ်းခင်းရန် တင်ပြလိုပါကြောင်း၊ မြေပြင်ကို ကြည့်သည့် အခါ ဒိုးတန်း၏ အောက်ဘက်ရှိ ကျေးရွာ ၁ ရွာမှာဆိုလျှင် မြေသားလမ်း ၃ မိုင်သာ တွေ့ရပြီး လာမည့် ဘတ်ဂျက်တွင် လျာထား မည့် အကြောင်း မြေပုံနှင့် ပထမဦးစွာတင်ပြလိုပါကြောင်း ၊ မြေသားလမ်း ၃ မိုင်မှ ၁ မိုင်ကို ကျောက်ချောလမ်းအဖြစ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ကြိုပြီး လျာထားမည် ဆိုသည့် အကြောင်းကို မြေပြင်မှတ်တမ်း ဓာတ်ပုံများဖြင့် ပထမဦးစွာတင်ပြလို ပါကြောင်း ၊
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၊ ဆင်နားချောင်ကျေးရွာမှဒိုးတန်းကျေးရွာအထိ လမ်းပိုင်မှာ ၆ မိုင်၊ ၄.၁၅ ဖာလုံ ရှိပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အရ ဆင်နားချောင်ကျေးရွာမှ လက်မဲပြင်ကျေးရွာအထိ လမ်းမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက စီမံခန့်ခွဲ သည့် လမ်းပိုင်း ဖြစ်ပါကြောင်း သိမ္ဘလ-ဆင်နားချောင်-ကင်းတဲ- လက်မဲပြင် အထိ ၅ မိုင်၊ ၀.၁၅ ဖာလုံရှိရာ လက်ရှိလမ်းအခြေအနေ မှာ၁၂ ပေ ကွန်ကရစ်လမ်း ၁ မိုင်၊ ၃.၃၅ ဖာလုံနှင့် ကျောက်ချောလမ်း ၃ မိုင်၊ ၄.၈ ဖာလုံ ဖြစ်ပြီး ပျက်စီးနေသော လမ်းပိုင်း ၃ မိုင်နှင့် ၂.၃ ဖာလုံကို ဗြုန်းကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ယခု ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ ၃၈.၇ သန်း နှင့် ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် လမ်းပိုင်းအနက် ၂.၅ ဖာလုံကို ကွန်ကရစ်လမ်းအဖြစ် လာမည့်ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်ပြီး ဦးစားပေးဆောင်ရွက်သွားမည်ဆိုသည့်အကြောင်းကို ပထမဦးစွာ ဖြေကြားလို ပါကြောင်း၊ လက်မဲပြင် - ဒိုးတန်း - နဂါးလမ်းအထိ လမ်းအရှည် ၄ မိုင်၊ ၄ ဖာလုံ ရှိပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲ သည့် Class (B) အဆင့်ရှိ လမ်း ဖြစ်ပါကြောင်း။
လက်မဲပြင်ကျေးရွာမှ ဒိုးတန်းကျေးရွာအထိကို ကျောက်ချောလမ်း ၁ မိုင်၊ ၄ ဖာလုံရှိပြီး ရာသီမရွေးသွားလာလို့ရပြီး ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်လျှင် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ မှ အကန့်အသတ်အတွင်းတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မြေပုံမှာတင်ပြ ထားသည့် ဒိုးတန်းကျေးရွာမှ နဂါးကျေးရွာအထိမှာ ကိုယ်စားလှယ်တော်ကြီး ၏ တင်ပြချက်ထဲတွင် မပါပါကြောင်း၊ မြေသားလမ်း ၃ မိုင်ရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာအရ ရာသီမရွေး သွားလာနိုင် သည့် လမ်းအဖြစ်ကို ဆောင်ရွက်လျက်ရှိ သည့် အတွက်ကြောင့် ၃ မိုင်မှ မြေသားလမ်း ၁ မိုင်ကို ကျောက်ချောလမ်းခင်းခြင်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တွင် ပြည်နယ် ငွေလုံး ငွေရင်းရန်ပုံငွေနှင့် လျာထားတင်ပြသွားမည်ဖြစ်ကြောင်း ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။