MY EN

(ဍ)- ဦးရဲထွန်းဝင်း(သရက်ချောင်းမဲဆန္ဒနယ်)

2026-09-22
တတိယအကြိမ်
ပို့ဆောင်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးရဲထွန်းဝင်း( သရက်ချောင်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ရပ်ကွက်ရှိ ဆင်ဖြူပြင် ဆိပ်ခံဗောတံတားအား သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဆင်ဖြူပြင်ဆိပ်ခံတံတားသည် ၁၉၇၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ထားဝယ်၊ ကော့သောင်းကမ်းရိုးတန်းဒေသများ၏ ရေကြောင်းခရီးသွားလာရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် ၁၉၉၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကမ်းရိုးတန်းသင်္ဘောကြီးများ အခြေပြုဆိုက်ကပ်ရာ စည်ကား သိုက်မြိုက်သော ဗဟိုချက်မအဖြစ် ၁၀ စုနှစ်ပေါင်းများစွာ အားထားခဲ့ရသည့် သမိုင်းဝင်ဆိပ်ကမ်း တစ်ခု ဖြစ်ပါကြောင်း၊ ဆင်ဖြူပြင်ဘောတံတားသည် ထားဝယ်မြစ် အတွင်းတည်ရှိပြီး ထားဝယ်မြို့ နှင့် ၁၇ မိုင်ခန့်သာကွာဝေးပကြောင်း၊ ရေနံသင်္ဘောကြီးများ တိုက်ရိုက်ဆိုက်ကပ်နိုင်သည့် ထူးခြား သော မဟာဗျူဟာမြောက်ရေနက်အနေအထားရှိပါကြောင်း၊ သို့သော် ယခင်အသုံးပြုခဲ့သော အလျား ၃၀ ပေ၊ အနံ ၂၀‌ ပေရှိ သံမဏိဘောပြားနှင့် အလျား ၈၀ ပေရှိ သံဘောင်သစ်သား ကြမ်းခင်း တံတားဟောင်းကြီးသည် သက်တမ်းရင့်ဆွေးမြည့်လာမှုကြောင့် ၂၂.၁.၂၀၂၆ ရက်နေ့တွင် ရေဝင် နစ်မြုပ်ပျက်စီးသွားခဲ့ရကြောင်း၊ သရက်ချောင်းမြို့သည် ထားဝယ်၊ မြိတ် ပြည်ထောင်စု လမ်းမကြီး ပေါ်တွင်တည်ရှိပြီး ၎င်းပြည်ထောင်စုလမ်းမကြီးဖြစ်သည့် မြိတ်၊ ထားဝယ်မော်တော်ကား လမ်းပိုင်းသည် လုံခြုံရေးနှင့် စစ်ရေးအခြေအနေများကြောင့် မကြာခဏပိတ်ဆို့ခြင်းများ သွားလာ ရေး ကန့်သတ်ခံရမှုများ ကြုံတွေ့နေကြရပါကြောင်း၊ အထူးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ကျောင်းဆရာ ဆရာမများ၊ ရိုးသား သည့် ပြည်သူများသည် ၎င်းလမ်းပိုင်းကို မကြာခဏ သွားလာ လှုပ်ရှား၍ မရကြောင်း၊ အကြမ်းဖက် သောင်းကြမ်းသူများမှလည်း မကြာခဏ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံနေရပါကြောင်း၊ ကုန်းလမ်းခရီး အစား ရေလမ်းခရီးကိုသာ အဆိုပါ ဘောတံတား ကိုအသုံးပြု၍ သွားလာနေကြရပါကြောင်း၊ သမိုင်းကြောင်းတစ်လျှောက် မိုးသည်း ထန်စွာ ရွာသွန်းပြီး လမ်းတံတားများ ပျက်စီးသည့်အချိန် လက်ရှိကြုံတွေ့နေရသည့် အခြေအနေ များကြောင့် ကုန်းလမ်းပြတ်တောက်ချိန်မျိုးတွင် ဆင်ဖြူပြင် ဆိပ်ခံတံတားသည် ဒေသခံပြည်သူများ အတွက် ဆေးဝါးရိက္ခာ အရေးပေါ်ခရီးသွားလာရေးအတွက် တစ်ခုတည်းသော ယုံကြည်စိတ်ချရ သည့် အသက်သွေးကြောလမ်းကြောင်းအဖြစ် သမိုင်းအဆက်ဆက် သက်သေထူခဲ့ပြီး ဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းလေ့လာချက်အရ အဆိုပါတံတား၏ ကြံ့ခိုင်မှု သည် လွန်စွာအားနည်းလျက်ရှိပြီး နှစ်ကာလကြာရှည်စွာ ပြုပြင်ဖာထေး၍ အသုံးပြုလာခဲ့ရပါ ကြောင်း။ 

ထို့ကြောင့် အဆိုပါဘောတံတားအစား ရေရှည်တည်တံ့အသုံးပြုနိုင်ရန်အတွက် သံကူ ကွန်ကရစ် RC အမျိုးအစား ဆိပ်ခံတံတားတစ်စင်းတည်ဆောက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရန် ဝတ္တရား ရှိသည်နှင့် အညီ ဆင်ဖြူပြင်ရပ်ကွက်အနီးတစ်ဝိုက် ကျေးရွာများရှိ သောင်းနှင့်ချီသော ပြည်သူများ သည် ယခုအခါ ခရီးသွားလာရေးအတွက် လုံခြုံစိတ်ချရသည့် ဆိပ်ခံဘောတံတားမရှိသည့်အတွက် သွားရေးလာရေး၊ စားဝတ်နေရေးနှင့် ကျန်းမာရေးတို့အတွက် အလွန်ပင်ကြပ်တည်း ခက်ခဲ လျက်ရှိကြပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ အန္တရာယ်ကင်းရှင်းရေး ဆိပ်ခံတံတား တစ်ခုအား ရေရှည်တည်တံ့စေရေးနှင့် ဒေသစီးပွားရေး ပြန်လည်ဦးမော့လာစေရေးတို့အပေါ် အခြေခံပြီး ဆက်သွယ်ရေး မပြတ်တောက် စေရန်အတွက် သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ရပ်ကွက်ရှိ ယခင်ဗောတံတား ဟောင်းနေရာတွင် သံကူကွန်ကရစ် RC အမျိုးအစား ဆိပ်ခံဗောတံတား တစ်စင်းတည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ က

တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ရပ်ကွက်ရှိ ဆင်ဖြူပြင်တံတားကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ၁၉၆၅ ခုနှစ်တွင် စတင်တည်ဆောက် ခဲ့ပါကြောင်း၊ အဆိုပါဆိပ်ခံဗောတံတားသည် ၁၂၀ ပေ x ၂၀ ပေ အရွယ်ရှိ သံမဏိဆိပ်ခံဗော ၂ လုံး၊ ၃၀ ပေ x ၂၀ ပေ အရွယ်ရှိ တံတားခံဗော ၁ လုံး၊ ၈၀ ပေ အရွယ်ရှိ သံမဏိပေါင်းကူးတံတား ၁ လက် နှင့် ၁၂ ပေ x ၄၀ ပေ အရွယ်ရှိ သံကူကွန်ကရစ်ချဉ်းကပ်တံတား ၁ စင်းတို့ဖြင့် ဖွဲ့စည်း တည်ဆောက်ထားရှိပါကြောင်း၊ ယခင်က ထားဝယ်မှ မြိတ်၊ ရန်ကုန် စသည့် နေရာများကို ဆက်သွယ်သည့်ကားလမ်းတွင် ကောင်းမွန်ခြင်းမရှိသည့်အတွက် ရေလမ်းကိုသာ အဓိက အသုံးပြု ပါကြောင်း၊ ထားဝယ်မြစ်ရေလမ်းကြောင်းမှာလည်း ရေစူးကောင်းမွန်သည့်အတွက်  ဆင်ဖြူပြင် ဆိပ်ခံဗောတံတားသည် ရေစူး ၅ မီတာရှိသည့် ကမ်းရိုးတန်း ရေယာဉ်များ ဆိုက်ကပ် အသုံးပြု နိုင်ခဲ့ပါကြောင်း။

သို့သော် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ထားဝယ်မြစ်ရေလမ်းကြောင်းတွင် နုန်းအနည်ကျမှု များပြားလာပြီး တဖြည်းဖြည်းချင်း တိမ်ကောလာသည့်အတွက် ထိုတံတားကို ဝင်ရောက် သည့် အခါ ၂.၅ မီတာ ရေစူးရှိသည့် ရေယာဉ်များသာ ဆိုက်ကပ်နိုင်ပါကြောင်း၊ မိမိကိုယ်တိုင် ၂ မီတာ ကျော် ရေယာဉ်နှင့် ထိုတံတားတွင် သွားရောက် ဆိုက်ကပ်ခဲ့ဖူးပါကြောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဆင်ဖြူပြင်ဆိပ်ခံဗောတံတားတွင် မြိတ်-ထားဝယ်ပြေးဆွဲသည့် ခရီးသည်တင် ရှပ်ပြေး အမြန် ရေယာဉ်များသာ ဆိုက်ကပ်ခဲ့ပြီး ၁ လလျှင် ရေယာဉ် အစီး ၄၀ ခန့် ဝင်ထွက် အသုံးပြုလျက် ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်နောက်ပိုင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေး တိုးတက်လာသည့်အတွက် အမြန်ရှပ်ပြေးရေယာဉ်များ ပြေးဆွဲဆိုက်ကပ်မှုမရှိသည့်အပြင် ကုန်စည်တင်ရေယာဉ်များလည်း ထို တံတားတွင် ဆိုက်ကပ်မှုများ ရပ်နားသွားခဲ့ပြီး ထားဝယ်ဆိပ်ကမ်းကိုသာ တိုက်ရိုက်သွားရောက်၍ ဆိုက်ကပ်သည်ကို တွေ့ရှိခဲ့ပါကြောင်း။

ထို့ကြောင့် ဆင်ဖြူပြင်ဆိပ်ခံဗောတံတားတွင် ရေယာဉ်ဆိုက်ကပ်မှုမရှိဘဲ နိုင်ငံတော်မှကျခံ ရသည့် ပြုပြင်ထိန်းသိမ်းစရိတ်များ လျော့နည်းစေရန် နိုင်ငံတော်အတွက် ဘဏ္ဍာငွေ တိုးတက်ရရှိစေရန် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းမှု (Public - Private Partnership - PPP) စနစ်နှင့် ၂၀၂၀ ပြည့်နှစ်တွင် တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်သည့် ကုမ္ပဏီနှင့်စာချုပ်ချုပ်ဆို၍ ငှားရမ်းခဲ့ ပါကြောင်း၊ ကိုဗစ် ကာလမှစ၍ ၂၀၂၁ ခုနှစ်နောက်ပိုင်း လုံခြုံရေးအခြေအနေအရ မည်သည့် ရေယာဉ်မှ ထိုတံတားတွင် သွားရောက်ဆိုက်ကပ်ခြင်းမရှိပါကြောင်း၊ ထိုတံတားသည်  ရေယာဉ် ဆိုက်ကပ်အသုံးပြုမှု နည်းပါးခြင်းနှင့် နယ်မြေလုံခြုံရေးအခြေအနေတို့အရ ၁၂၀ ပေx ၂၀ ပေ အရွယ် ဆိပ်ခံဗော ၂ လုံးကို နေရာရွှေ့ပြောင်းခဲ့ ရပါကြောင်း၊ ကမ်းထိုးထိန်းသိမ်းခဲ့ရပါကြောင်း၊ ၃၀ ပေx ၂၀ ပေ တံတားခံဗောနှင့် ပေ ၈၀ ပေါင်းကူး တံတားများ တိမ်းစောင်းပြုတ်ကျမှု မရှိစေရန်အတွက် ကျောက်ကြိုးများနှင့် အခိုင်အမာ ချည်နှောင်၍ ထားရှိခဲ့ရပါကြောင်း၊ သို့သော် ၂၁-၁-၂၀၂၆ ရက်တွင် လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် တံတားခံဗော အတွင်းတွင် ရေဝင်နစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပြီး ပေါင်းကူး တံတား တွင်လည်း တိမ်းစောင်းမှု ဖြစ်ပေါ်ခဲ့ပါ ကြောင်း၊ ထို့ကြောင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် စာချုပ်ချုပ်ဆိုထားသည့်ကုမ္ပဏီမှ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း  ရေဝင်သွားသည့် တံတား ခံဗောနှင့် တိမ်းဆောင်းနစ်မြုပ်သွားသည့် တံတား များကို သူတို့ကုမ္ပဏီအစီအစဉ်နှင့် ကုမ္ပဏီ ဝန်ထမ်းများဖြင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီး မူလ အတိုင်းဖြစ်အောင် ဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်းနှင့်  စပြီးဆောင်ရွက်လျက်ရှိကြောင်း၊ ၁၅-၆-၂၀၂၆ ရက်မှစ၍ ဆယ်ယူရေး လုပ်ငန်းများ၊ ပြန်လည်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကုန်လုံးကို ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်း ပြီးစီးအောင် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊  ပြီးလျှင် ဒေသခံ များအသုံးပြုသည့် လူတင်သည့်ရေယာဉ်များ၊ ကုန်တင်သည့်ရေယာဉ်များ ပြန်လည်ဆိုက်ကပ် အသုံးပြုနိုင် မည်ဖြစ် ကြောင်း။

သို့ဖြစ်ပါ၍ ဆင်ဖြူပြင်ဆိပ်ခံဗောတံတားအား သံကူကွန်ကရစ်တံတားအဖြစ် ပြောင်းလဲ တည်ဆောက်ရန်အတွက် နယ်မြေလုံခြုံရေးအခြေအနေ ကောင်းမွန်လာချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးပြီး ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှုများကို ဆောင်ရွက်ပြီး ဆန်းစစ်လေ့လာမှုအစီရင်ခံစာအရ တစ်ဆင့်ချင်းဆက်လက် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးရဲထွန်းဝင်း(သရက်ချောင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

ယခုအခြေအနေမှာ သရက်ချောင်းပိုင်းဆိုင်ရာ ဒေသခံပြည်သူများမှ ထားဝယ်-သရက်ချောင်း ကို သွားလာရန်အတွက် အလွန် ခက်ခဲကြပ်တည်းလျက်ရှိကြပါကြောင်း၊ အကြမ်းဖက်များမှ အချိန်မရွေး ရိုးသားသည့်ပြည်သူများ၊ ဌာနဆိုင်ရာများကို အချိန်မရွေး ဖမ်းဆီးခေါ်ဆောင် သွားခြင်းအား အမြဲတမ်း ကြုံတွေ့နေကြရပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးအနေဖြင့် ဗောတံတားကို အသစ်ပြန်လည် မတည်ဆောက်ပေးသော်ငြားလည်း ယခုလက်ရှိ ဗောတံတားကို အမြန်ဆုံး ပြုပြင်ပေးရန် အစီအစဉ် ရှိ မရှိမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ က

ဖြေကြားသည့်အထဲတွင် ပါပြီးသားဖြစ်ပါကြောင်း၊ ဗောတံတားကို ယခုနှစ်ကုန်အပြီး ဒေသခံ များသုံး၍ရအောင် ပြန်လည်ပြင်ဆင်ပေးမည်ဟု မိမိဖြေကြားခဲ့ပါကြောင်း၊ ရအောင်လည်း ပြင်ပေး မည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ထိုနေရာသို့ မိမိတို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဝန်ထမ်းများ သွားရန်ခက်ခဲနေသည့် အနေအထားရှိပါကြောင်း၊ သို့သော် အဲ့ဒီမှာရှိနေသော ကုမ္ပဏီ ဝန်ထမ်းများနှင့် ရအောင်ပြင်ဆင်ပြီး အသုံးပြု၍ရအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။