MY EN

(ဌ)- ဦးကျော်သူရ(လက်ပံတန်းမဲဆန္ဒနယ်)

2026-09-22
တတိယအကြိမ်
ပို့ဆောင်ရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးကျော်သူရ (လက်ပံတန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

လက်ပံတန်းမြို့နယ်၊ အုန်းကုန်းရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှု ကာကွယ် ထိန်းသိမ်းရေးအတွက် စီမံချက်များအား လာမည့်ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးရန် အစီ အစဉ်ရှိမရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          ဧရာဝတီမြစ်သည် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ကွမ်းသီးတပင်ကျေးရွာ အုပ်စုနှင့် လုလင်ကျော်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများဖြစ်သည့် စာနီစုရွာမှစတင်ပြီး အုန်းကုန်း ကျေးရွာ အထိ ရေဦးထိုးတိုက်စားလာပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း မိုးရာသီရေများ ချိန်တွင် အုန်းကုန်းကျေးရွာထိပ်ရှိ မူလဆည်မြောင်းတာအဟောင်း တစ်ခုလုံးနီးပါး မြစ်ကမ်းပါး ပြိုကျခဲ့ပြီး အနောက်ဘက် ပန်းတာဆည်မြောင်းထဲသို့ ရောက်ရှိခဲ့ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ တိုင်းဒေသကြီး အရေးပေါ်ရန်ပုံငွေဖြင့် သံမဏိကြိုးဆိုင်းရေကာ Steel Cable များ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အုန်းကုန်းကျေးရွာရှိ ဧရာဝတီမြစ်သည် ကမ်းရင်းရေနက်လမ်း ကြောင်းဖြစ်နေခြင်းကြောင့် ကမ်းပြိုမှု များကိုကာကွယ်ရန် Master Plan များကို ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေးဆွဲထားပြီဖြစ်သည်ကို သိရှိရပါကြောင်း၊ အလားတူ ဆည်မြောင်းဦးစီးဌာနမှလည်း အုန်းကုန်းရွာမြောက်ဘက်တွင် အမြင့် ၁၄ ပေ၊ တာဘောင် အကျယ် ၁၄ ပေ၊ အောက်ခြေအကျယ် ၇၀ ပေ၊ ရေတားတာဘောင်အရှည် ၂,၆၀၀ ပေကိုလည်း ယခု ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ပေးထားပါကြောင်း၊ မြေအမျိုးအစားမှာ ဒေသတွင်း လယ်မြေ များကိုယူပြီး ဖို့ရသည့်အတွက် မြေသားကြံ့ခိုင်မှုရှိရန် အချိန်လိုအပ်လျက်ရှိနေပါကြောင်း၊ ယခုနှစ် မိုးရာသီမရောက်မီက ရေအရင်းအမြစ်နှင့်မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိန်းပေါင်း ၂၂,၀၀၀ ကျော် အကုန်အကျခံပြီး Geotextile အိတ်များနှင့် အုန်းကုန်းရွာ၊ ဘုရားအခြေမှစ၍ ၁,၆၅၀ ပေ ကာကွယ်ပေးထားခဲ့ပါကြောင်း။

ဧရာဝတီမြစ်ရေသည် ယခု ၂၀၂၆ ခုနှစ်အတွင်း ဇူလိုင်လ ပထမပတ်တွင် တစ်ကြိမ်၊ ဩဂုတ်လ တွင် ဒုတိယအကြိမ်၊ တတိယအကြိမ်အဖြစ် စက်တင်ဘာလ ပထမပတ်တွင် မြစ်ရေတက် ခဲ့ပြီး ယနေ့အချိန်တွင် မြစ်ရေပြန်လည်ကျဆင်းနေပြီဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းအပါအဝင် ဌာနဆိုင်ရာများမှလည်း စာနီစုကျေးရွာအနီးမှ မြစ်ရေတိုးဝင်မှုများကို ဒေသခံကျေးရွာ လူထုအင်အား ထောင်ကျော်ခန့်ဖြင့် နှစ်လတိုင်တိုင် သဲအိတ်ဖို့ခြင်း၊ မြစ်ရေ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ၁၅-၈-၂၀၂၆ ရက်တွင် လာရောက်ကြည့်ရှုပြီး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လာမည့်သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွင် ရေပြန်တက်လာနိုင်ချေနည်းပါးပါကြောင်း၊ ယခုနှစ်အတွက် စိတ်ချရသည့် အခြေအနေဖြစ်နေပါကြောင်း၊ ဧရာဝတီမြစ်ရေလမ်းကြောင်း ပြောင်းလဲရခြင်းထဲမှအကြောင်း အရင်း တစ်ခုမှာပွင့်လင်းရာသီတွင် မြစ်အတွင်း တရားမဝင်သဲစုပ်ခြင်း၊ ကျောက်စရစ်စုပ်ယူခြင်း နှင့် တွဲဖက်ပြီး ရွှေကျင်ခြင်းကြောင့် မြစ်ရေစီးကြောင်းပြောင်းလဲ သွားရခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီ မြစ်အတွင်း သဲ၊ ကျောက် စရစ်နှင့်တွဲဖက်ပြီး ရွှေကျင်နေတဲ့စက်လှေများ အစီးပေါင်း ဆယ်ဂဏန်း များရှိနေပါကြောင်း၊ သက်ဆိုင်ရာမြို့နယ်နှစ်ခုမှ ဒေသအာဏာပိုင်များအနေဖြင့် မျက်ကွယ်မပြုဘဲ အရေးယူဆောင်ရွက်သွားနိုင်ပါက ‌ကောင်းမွန်မည်ဖြစ်ကြောင်း ‌ဒေသခံများ၏ သတင်းပေးပို့မှုကို ရရှိပါကြောင်း၊ ပွင့်လင်းရာသီ ဧရာဝတီမြစ်ကြောင်းနှင့် အဆိုပါစက်လှေများကို မတားဆီးနိုင်ပါက ပြည်ထောင်စုဝန်ကြီးဌာန အနေဖြင့် ဒေသအကျိုးအတွက် ဆောင်ရွက်ချက်များ ဖြစ်ပါသော်လည်း သမင် မွေးရင်း ကျားစားရင်း စကားပုံလိုဖြစ်နေပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်များလည်း ဆုံးရှုံး နိုင်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ကမ်းပါးပြိုကျမှုများကို ကာကွယ်ထိန်းသိမ်းရန်အတွက် မြစ်အတွင်း သဲကျောက်စုပ်ထုတ်ခြင်းနှင့် ရွှေကျင်ခြင်းပြုလုပ်နေမှုများကို ဥပဒေနှင့်အညီ မည်သို့တားဆီး ဆောင်ရွက် ပေးသွားမည်နှင့် ဆောင်ရွက်ရန်ကျန်လုပ်ငန်းများဖြစ်သည့် Geotextile အိတ်များနှင့် ကမ်းထိန်းတမံအရှည် ၂,၀၀၀ ပေ၊ ရေလွှဲ၊ ရေကာ ၂,၃၀၀ ပေနှင့် ရေလယ် ကျွန်းသောင်တူးဖော်ခြင်း ၃,၀၀၀ မီတာခန့် ကျန်နေပါကြောင်း၊ အဆိုပါဆောင်ရွက်ရန် ကျန်လုပ်ငန်းများကို လာမည့် ဘဏ္ဍာ ရေး နှစ်တွင် အပြီးသတ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ က

၂၀၂၁ ခုနှစ်ရှေ့ပိုင်းတွင် အုန်းကုန်း၏ မျက်နှာချင်းဆိုင် ဟင်္သာတဘက်ခြမ်းမှစီးပြီး ၂၀၂၂ ခုနှစ် နောက်ပိုင်းတွင် အုန်းကုန်းကျေးရွာဘက်သို့ စီးဆင်းလာပါကြောင်း၊ ၂၀၂၆ ခုနှစ်တွင် ညာဘက် ပုံကိုကြည့်မည်ဆိုရင်တော့ အုန်းကုန်းရွာ၏အရှေ့ဘက် ဟင်္သာတဘက်ခြမ်း လက်ပံလှတွင် လုံးဝ ပိတ်သွားပြီး ရေစီးကြောင်းသည် အုန်းကုန်းကျေးရွာဘက်မှ  တောက်လျှောက်စီးပါကြောင်း၊ ထိုသို့ အုန်းကုန်းဘက်မှ စီးသည့်အတွက် အုန်းကုန်းရွာဘက်တွင် ကမ်းပြိုကမ်းစားမှုများ ဖြစ်ပေါ်သည်ကို တွေ့ရှိရပါကြောင်း၊ ကမ်းပြိုကမ်းစားမှုများအတွက်လည်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ပြိုကျပျက်စီးနေသည့်နေရာများကို ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ သို့သော် ထပ်ပြီး မြစ်ရေတိုက်စားလာသည့်အတွက် နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆည်မြောင်းတာအသစ်များကိုရွာမှရွှေ့ပြောင်း၍ တည်ဆောက်ခဲ့ရပါ ကြောင်း။

           အုန်းကုန်းကျေးရွာတွင် ကမ်းပြိုကမ်းစားမှု ကာကွယ်နိုင်ရေး နှင့်ရေလမ်းကြောင်း ဖြောင့်တန်းစွာ စီးဆင်းရန်အတွက် ၁၉၈၈ ခုနှစ်ကတည်းက လုပ်ခဲ့သည့် ဧရာဝတီမြစ် မိုးညို-ဟင်္သာတ မျှော်မှန်း ရေလမ်း အစီအမံ(Master Plan)ရှိပါကြောင်း၊ အုန်းကုန်းရွာဘက်မှမသွားဘဲ လက်ပံလှရွာဘက်မှသွားခြင်းသည် Master Plan ၏ ရေလမ်းကြောင်းပဲဖြစ်ပါကြောင်း၊ထိုရေလမ်း ကြောင်းအတိုင်းကို စီမံဆောင်ရွက်မှသာလျှင် အုန်းကုန်းရွာဘက်၏ ကမ်းပြိုကမ်းစားမှု သက်သာ မည်ဖြစ်ကြောင်း၊ အုန်းကုန်း ကျေးရွာအနီးတွင် ကမ်းပြိုကမ်းစားမှုများ ကာကွယ်နိုင်ရန် အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကမ်းထိန်းတမံ အလျား ၁,၆၅၀ ပေ တည်ဆောက်ခြင်း၊ ရေထဲ ပိုင်းတွင် Geo Tube ချထားခြင်း မိုးရာသီ အရေးပေါ် လုပ်ငန်း Steel Cable Gyrone ချခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း။

          ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း သောင်တူးသည့်လုပ်ငန်းများ၊ သောင်စွယ် ဖြတ်ခြင်း များ၊ ကမ်းထိန်းတမံ ၈၀၀ ပေ တည်ဆောက်ခြင်းများ၊ အလျား Geo Bag ချတာများ၊ Steel Cable Gyrone ချတာများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ အုန်းကုန်း ရေလမ်း ကြောင်းသည် ရေအနက် ၁၇ မီတာ၊ ပေ ၅၀ ကျော်မြင့်ပါကြောင်း၊ ထို့ကြောင့် ၎င်း နေရာတွင် အခိုင်အမာကာကွယ်ရန် အတွက် လုပ်ရန်ဆို အင်မတန်ခက်ခဲပါကြောင်း၊ ရေလမ်း ကြောင်းပြောင်းလဲမှုအရ Master Plan အတိုင်း ဆက်လက်ဆောင်ရွက်ရန်ကျန်သည့် လုပ်ငန်း များဖြစ်သော Geotextile ကပ် ကမ်းထိန်းတမံ အလျား ၁,၀၅၀ ပေ ဆောက်လုပ်ခြင်း၊ ရေကာ ၃ ခု အလျား ၂,၃၀၀ ပေနှင့် ရေလယ်ကျွန်း သောင်တူး ဖော်ခြင်း ၃,၀၀၀ မီတာ လုပ်ငန်းများအတွက် ကွင်းဆင်းတိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကွင်းဆင်း တိုင်းတာစစ်ဆေးမှုများမှရရှိသည့် Result အပေါ်မူတည်၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် လျာထားတင်ပြနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိလျှင် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

          ထို့ကြောင့် အုန်းကုန်းကျေးရွာအနီးကမ်းပြိုကမ်းစားကာကွယ်နိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်နှင့် လက်ရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ယာယီကာကွယ်ရေးလုပ်ငန်းများ ကိုဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့်ရေလမ်းကြောင်း ပြောင်းလဲမှုအရ Master Plan အတိုင်း ဆောင်ရွက်ရန်အတွက် ကွင်းဆင်းတိုင်းတာ စစ်ဆေး ချက်အပေါ်မူတည်၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် လျာထားပြီး ဆက်လက်စီမံ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။