နောင်မွန်းမြို့ကဆန်ချောင်းကမ်းပြိုကာကွယ်ရေးအတွက် မြေထိန်းနံရံထပ်မံမြှင့်တင် တည်ဆောက် ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
နောင်မွန်းမြို့နယ်သည်ပန်နန်းဒင်အပါအဝင် မြို့ပေါ်ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၁၃ အုပ်စု နှင့် ကျေးရွာ ၄၁ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ ၈,၄၀၃ ဦးရှိသော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ နောင်မွန်းမြို့သည် ခါကာဘိုရာဇီတောင်ခြေမှ စီးဆင်းလာသော ကဆန်ချောင်းအရှေ့ဘက်ကမ်းတွင် တည်ရှိပြီး မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ချောင်းဘေးတစ်လျှောက်ရှိ မြို့နှင့်တစ်ဆက်တစ်စပ်တည်း တခြားလူနေကျေးရွာ ၁၂ ရွာ၏ စုစုပေါင်းလူဦးရေ ၅,၆၉၈ ဦးဖြင့် မှီတင်းနေထိုင်ကြသော မြို့တစ်မြို့ ဖြစ်ပါကြောင်း၊ နေ့စဉ် တောင်ကျချောင်းရေတိုက်စားမှုကြောင့် ကဆန်ချောင်း၏ ကမ်းပါးမြေပြိုခြင်း အန္တရာယ်ကြီးမားမှုသည် မြို့ဧရိယာအား ရေတိုက်စားလျက်ရှိရာ ယခုအခါ ဝန်ထမ်းအိမ်ရာ ဘေးအထိ တိုက်စားမှုများရှိလာသဖြင့် မြို့ပေါ်ရှိလူထုနှင့် ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများ နှစ်စဉ်မိုးတွင်း ကာလများတွင် စိုးရိမ်ကြောင့်ကြမှုဒုက္ခနှင့် မြေပြိုမှုအန္တရာယ်များကို တွေ့ကြုံခံစား နေရသော မြို့တစ်မြို့လည်းဖြစ်ပါကြောင်း၊ ကဆန်ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးမြေပြိုမှု ဧရိယာသည်ပေပေါင်း ၆၉၀၀ ပေရှိပြီး နှစ်အလိုက် မြေထိန်းနံရံပြုပြင်ခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ပြီးစီးခဲ့သော မြေထိန်းနံရံများသည် အမြင့် ၁၁ ပေသာရှိပြီး နှစ်စဉ်ရာသီ ဥတု ပြောင်းလဲမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းများဖြစ်ပေါ်ခဲ့ရာ မူလကာရံထားသည့် အမြင့် ၁၁ ပေထက်ကျော်လွန်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ နှစ်စဉ်ရေတိုက်စားလျက်ရှိသော မြို့ပေါ်ရပ်ကွက်ဧရိယာဖြစ်သည့် ပေပေါင်း ၁,၃၃၀ သည်လည်း ကွန်ကရစ်မြေထိန်းနံရံ Steel Basket နှင့် သဲအိတ်များ ပြုလုပ်ကာရံခဲ့သော်လည်း ကြီးမားစွာ ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ် လျက်ရှိပါကြောင်း၊ ယင်းမြေထိန်းနံရံအား ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ ပို့ဆောင်ရေးဝန်ကြီး ဌာနလက်အောက်ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှု ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းများဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့ပေါ် ရပ်ကွက်များ ဧရိယာအတွင်း ယခုအခါ ပြိုကျ ပျက်စီးလျက်ရှိသော ပေပေါင်း ၁,၃၃၀ အား ခိုင်မာကောင်းမွန်သည့် မြေထိန်းနံရံအဖြစ် ပြန်လည်တည်ဆောက်ပေးရန် အရေးတကြီးလိုအပ် လျက်ရှိပြီး မူလပြိုကျပျက်စီး သည့် မြေဧရိယာပေါင်း ၆,၉၀၀ အားလည်း နောက်ထပ် ရေကျော် ပျက်စီးမှုဒဏ်နှင့် ကမ်းပါးပြိုကျမှု ဘေးအန္တရာယ်များမှ ကင်းဝေးစေရန်အတွက် လက်ရှိဆောင်ရွက် ထားသည့် မြေထိန်းနံရံ၏အမြင့် ၁၀ ပေအား ထပ်မံမြှင့်တင်ပေးနိုင်ရေးအတွက် မြို့၊ ရွာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ဦးစား ပေးအစီအစဉ်ဖြင့် ဆောလျင်စွာဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ က
ကဆန်ချောင်းသည် တင်ပြပါပုံအတိုင်း မေခမြစ်နှင့် မလိခမြစ်ကြားရှိ တောင်ကျချောင်း တစ်ခုဖြစ်ပါကြောင်း၊ နောင်မွန်းမြို့နားမှ ဖြတ်သန်းစီးဆင်းလာပြီး မချမ်းဘောမြို့၏ အောက်ဘက် ရောက်သည့်အခါ မလိခမြစ်နှင့် ပေါင်းဆုံသွားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ နွေရာသီနှင့် မိုးရာသီတွင် ရေမျက်နှာပြင်ကွာဟချက်က ပေ ၅၀ ခန့် ရှိပါကြောင်း၊ သက်နုကျောက်ကမ်းပါးများ ဖြစ်ပြီး ကမ်းပါးတိုက်စားလေ့ရှိသည့် နေရာလည်းဖြစ်ပါကြောင်း၊ သာမန်အားဖြင့် ကမ်းပြို၊ ကမ်းစား မှု များမဖြစ်သော်လည်း ထူးကဲဒီရေတက်လာခြင်းများ၊ သဘာဝဘေးအန္တရာယ် ကျရောက်လာသည့် အချိန်များတွင် နောင်မွန်းမြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပြီး ကမ်းပြို၊ ကမ်းစားဖြစ်ပေါ် လာပါ ကြောင်း၊
ကချင်ပြည်နယ်အတွင်းရှိ ကဆန်ချောင်း၏ နောင်မွန်းမြို့တွင် ၂၀၂၄ ခုနှစ်က ရေကြီးရေလျှံမှု ဖြစ်ခဲ့ပါကြောင်း၊ ကဆန်ချောင်း၏ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကိုလည်း ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နှစ် အလိုက် ရရှိ သည့် ရန်ပုံငွေများနှင့် တင်ပြပါအတိုင်း ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ စုစုပေါင်း ကမ်းပါးအလျား ၇,၃၇၀ ပေကို ကာရံပေးခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့သည့် မြေထိန်းနံရံများ သည် အမြင့် ၁၁ ပေရှိပြီး ကဆန်ချောင်းအတွင်း ထူးကဲရေကြီးမှုဖြစ်စဉ်ကြောင့် ဆောင်ရွက်ပေးခဲ့ပြီး ကမ်းထိန်းနံရံများ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်အတွက် ရေရှည်တွင် ချောင်းပြုပြင်ထိန်းသိမ်းခြင်းနှင့် ချောင်းတူးဖော်ရှင်းလင်း ခြင်းလုပ်ငန်းတွေအပြင် ရေကာများနှင့်တွဲပြီး ဆောင်ရွက်နိုင်ရန်အတွက် ကဆန်ချောင်းပြုပြင် ထိန်းသိမ်းခြင်း ပင်မအစီအမံကို ၂၀၂၄ ခုနှစ်တွင် Plan ရေးဆွဲ ဆောင်ရွက်ခဲ့ ပါကြောင်း၊ ရေးဆွဲ ဆောင်ရွက်ထားသည့် Plan အား တင်ပြအပ်ပါကြောင်း၊
ကျောက်စီရေကာ ၅ ခု ထည့်သွင်းတည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ထိုချောင်းတစ်လျှောက် သောင်တူးခြင်း အလျား ၆,၀၈၀ ပေ x အကျယ် ၂၀၀ ပေကိုလည်း သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နောင်မွန်းမြို့၊ ကဆန်ချောင်းရေတိုက်စားမှုကာကွယ်ရေး ပင်မအစီအမံပါ လုပ်ငန်းများနှင့် ယခင်ပျက်စီးနေသည့် ကမ်းထိန်း လုပ်ငန်းပြုပြင်ရေး လုပ်ငန်း များကို ဆောင်ရွက်ပြီး ကမ်းထိန်းနံရံများ၏ နောက်ကွယ်တွင် တိုက်စားလွယ်သည့် ကမ်းပါးများကို အမြင့် ၁၀ ပေအထိ မြှင့်တင်ကာကွယ်ခြင်းဆောင်ရွက်ရန် ကဆန်ချောင်းရေနည်းချိန်တွင် ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစ်ကြောင်းနှင့် မြစ်ကမ်းပါး ပြောင်းလဲမှု အခြေအနေ များအားလုံးကို ကွင်းဆင်းတိုင်းတာ စစ်ဆေးဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ နောင်မွန်းမြို့နယ်၊ ကဆန်ချောင်း၊ ကမ်းပြိုကာကွယ်ရေး လုပ်ငန်း များကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ရရှိသည့် ရန်ပုံငွေများနှင့် အလျား ၇,၃၇၀ ပေကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိုးသည်းထန်စွာရွာပြီး ထူးကဲရေကြီးမှု ဖြစ်စဉ်ကြောင့် ကဆန်ချောင်း ကမ်းထိန်းနံရံများ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်အတွက် အမှတ်(၅) ရပ်ကွက်တွင် အလျား ၅၈၀ ပေ ပြုပြင်ခြင်းနှင့် အလျား ၁,၃၃၀ ပေ Geobags ချခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ အမှတ်(၁) ရပ်ကွက်တွင် အလျား ၄၅၀ ပေ ပြုပြင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ ငွေလုံး ငွေရင်းရန်ပုံငွေနှင့် ခွင့်ပြုခဲ့သော်လည်းပဲ နယ်မြေ လုံခြုံရေးအခြေအနေအရ တည်ဆောက်ရေး ပစ္စည်းများ သယ်ယူရန်ခက်ခဲသည့်အတွက် ခွင့်ပြု ရန်ပုံငွေများကို ပြန်လည်အပ်နှံခဲ့ရကြောင်း၊ နှစ်စဉ်ဘဏ္ဍာရန်ပုံငွေရရှိမှုအခြေအနေအရ Master Plan ပါလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း ပျက်စီးသွားသည့် ကမ်းထိန်းနံရံများ ပြုပြင်ခြင်းနှင့် ဆောင်ရွက်ပြီးသည့် ကမ်းထိန်းနံရံအနောက်ဘက်ရှိ တိုက်စားလွယ်သည့် ကမ်းပါးများကို အမြင့် ၁၀ ပေ အထိရအောင် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်
ရေး ဦးစီးဌာနမှ ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ဆောင်ရွက်မည့် အစီအမံတင်ပြလာချိန်တွင် ကချင်ပြည်နယ်အစိုးရက ဘတ်ဂျက်ရန်ပုံငွေခွင့်ပြုမှုအပေါ်မူတည်၍ ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း ဖြေကြားထားရှိပါကြောင်း။
ထို့ကြောင့် ကဆန်ချောင်းအတွင်း ပျက်စီးသွားသည့် ကမ်းထိန်းနံရံများ ပြုပြင်ခြင်းနှင့် ဆောင်ရွက်ပြီး သည့် ကမ်းထိန်းနံရံနောက်ဘက်ရှိ တိုက်စားလွယ်သည့် ကမ်းပါးများကို အမြင့် ၁၀ ပေထိမြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစ်ကြောင်းနှင့်မြစ်ကမ်းပါး ပြောင်းလဲမှုအခြေအနေများကို ကွင်းဆင်း တိုင်းတာစစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အကောင် အထည်ဖော်ဆောင်ရွက်သည့်အချိန်တွင်လည်း ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။