ချောင်းဦးမြို့ပေါ်ရပ်ကွက် (၄)ခု ရေကြီးနစ်မြုပ်မှုမှ ကင်းလွတ်စေရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ချောင်းဦးမြို့သည် နှစ်စဉ်ပျမ်းမျှ မိုးရွာရက်ပေါင်း ၅၀ ခန့်ရှိပြီး အမြင့်ဆုံးမိုးရေချိန် ၃၇.၅၅ လက်မခန့်အထိ ရွာသွန်းသည့် ဒေသဖြစ်ပါကြောင်း၊ ချောင်းဦးမြို့၏ အရှေ့မြောက်ဘက်တွင် နွယ်ခွေတောင်ကြောရှိပြီး ရေလှောင်တမံ မတည်ဆောက်မီ ၁၉၉၄ ခုနှစ်၏ အရှေ့ပိုင်း ကာလများ ဆီက နွယ်ခွေတောင်ကြော၏ မြောက်ဘက်ခြမ်းတွင် မိုးသည်းထန်စွာရွာသွန်းပါက တောင်ကျ ချောင်းရေများ မြို့သစ်ရပ်ကွက်မြောက်ခြမ်းမှ မြို့မရပ်ကွက်အနိမ့်ပိုင်း တမာမြိုင်ရပ်ကွက်၊ အောင်မင်္ဂလာလမ်းပေါ်သို့ ဖြတ်သန်းစီးဆင်းပြီး ဆုတောင်းပြည့်ဘုရား၏ အနောက်ဘက်မှ တစ်ဆင့် မူလချောင်း အတွင်းသို့ စီးဝင်သွားပါကြောင်း၊ နွယ်ခွေတမံတည်ဆောက်ပြီး ၁၉၉၂ -၁၉၉၃ မှ ယခုအချိန်ထိ မြို့၏မြောက်ဘက်ခြမ်း ရေကြီးနစ်မြုပ်ခြင်းဘေးမှ ကင်းဝေးခဲ့ရပါကြောင်း၊ နွယ်ခွေ တောင်ကြော၏ တောင်ဘက်ခြမ်းတွင် မိုးရွာသွန်းပါက တောင်ကျချောင်းရေများသည် မြို့သစ် ရပ်ကွက်အရှေ့ခြမ်း၊ မြို့မရပ်ကွက်အရှေ့ခြမ်း၊ တမာမြိုင်ရပ်ကွက်အရှေ့ခြမ်းနှင့် တောင်ခြမ်း၊ ချောင်းဦးတောင်ရပ်ကွက် အရှေ့ဘက်ခြမ်းများကို ဖြတ်သန်းစီးဆင်းသွားကာ မြို့၏ တောင်ဘက် အနိမ့်ပိုင်း လယ်ကွင်းများထဲ သို့ ဖြန့်ကြက်စီးဝင်သွားပါကြောင်း၊ မိုးတွင်းကာလများတွင် မြို့ပေါ်နှင့် နွယ်ခွေ တောင်ကြော တစ်ပြိုင်နက်မိုးရွာလျှင်သော်လည်းကောင်း၊ တောင်ကြောဘက်တွင် မိုးအ ဆက် မပြတ် ရွာသွန်း လျှင် သော်လည်းကောင်း တောင်ကျချောင်းရေများ ချောင်းလုံး ပြည့်အရှိန်ဖြင့် စီးလာပြီး ချောင်းနံဘေး အနိမ့်ပိုင်းနေရာများရှိသည့် နေအိမ်များအတွင်း ၃ပေမှ ၄ ပေ အထိ စီးဝင် နစ်မြုပ်ကာ ကျွဲ၊နွား၊ တိရစ္ဆာန်များမျောပါသေဆုံးခြင်း၊ ပရိဘောဂများမျောပါပျက်စီးခြင်း၊ တစ်ခါ တစ်ရံညအချိန် ရေကြီးပါက သက်ကြီးရွယ်အိုများအသက်ဆုံးရှုံးရခြင်း၊ အကြောင်းကြီးငယ်ရှိ၍ နေ့အချိန် ချောင်းဖြတ် ကူးခြင်း တို့ကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းများကို နှစ်စဉ်ကြုံတွေ့ နေကြရ ကြောင်း။
နေပြည်တော်ကောင်စီ ၊ ကောင်စီဝင်၊ ဦးခင်မောင်လတ် က
ချောင်းဦးမြို့ပေါ် ၆ ရပ်ကွက်မှ ရပ်ကွက် ၄ ခု၏ အနိမ့်ပိုင်း နေရာများတွင် မိုးရာသီကာလ ရေကြီးနစ်မြုပ်မှုဘေးမှ ကင်းလွတ်စေနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့်စပ်လျဉ်း၍ ချောင်းဦးမြို့သည် မိုးသည်းထန်စွာရွာသွန်းပါက မြို့၏ အမြင့်ပိုင်း ဖြစ်သည့် အရှေ့မြောက်ဘက် နွယ်ခွေတောင်ကြောမှ စီးဝင်လာသော တောင်ကျရေ များသည် မြို့၏ မြောက်ဘက်ခြမ်းမှတစ်ဆင့် စတင်စီးဝင်လာကာ မြို့သစ်ရပ်ကွက် တောင်ဘက် ခြမ်း (မြို့လည်) သိမ်တော် တံတားအောက်မှ ချောင်းတစ်လျှောက် စီးဆင်း၍ ချောင်းဦး တောင် ရပ်ကွက် ဇေယျသုခတံတားအထိ ချောင်းဦးမြို့၏တောင်ဘက် လယ်ကွင်းများသို့ တောင်ကျရေများ ဖြတ်သန်းစီးဆင်းလျက်ရှိပါကြောင်း၊ မိုးသည်းထန်စွာရွာသွန်းပါက အဆိုပါ တောင်ကျရေများ ကြောင့် မြို့လည်သို့ ဖြတ်သန်းစီးဆင်းသည့် ချောင်းမှာ ယခုအချိန်တွင် တိမ်ကောနေပြီး အချို့ နေရာများတွင် ချောင်း၏အကျယ်မှာ ၁၅ပေ၊ အနက် ၆ ပေခန့်နှင့် အချို့နေရာများတွင် အကျယ် ၁၂ ပေ၊ အနက် ၄ ပေခန့်ရှိသဖြင့် ချောင်းရေလျှံပြီး မြို့ရဲ့အနိမ့်ပိုင်း ရပ်ကွက်များသို့ ရေဝင် ရောက် လျက်ရှိပါကြောင်း၊
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေဝင်ရောက်လေ့ရှိသည့် မြို့၏ အနိမ့်ပိုင်းရပ်ကွက် များဖြစ်သည့် မြို့သစ်ရပ်ကွက် တောင်ဘက်ခြမ်း ဘူတာရပ်အတွင်း ပေ ၁၅၀ဝ မြေသား ရေမြောင်းတူးဖော်ခြင်း၊ မြို့မရပ်ကွက် သိမ်တော်တံတားအနီး(မြို့လည်)ချောင်းသို့ စီးဝင်သည့် ပေ ၁၀၀၀ ရေဆိုးရေထုတ်မြောင်း တူးဖော်ခြင်း၊ မြို့မရပ်ကွက် ရုံးပတ်လမ်း ပေ ၁ဝဝဝ ရေမြောင်း တူးဖော်ခြင်း စုစုပေါင်းအရှည် ၃၅၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အနက် ၈ ပေဖြင့် ရေစီးရေလာ ကောင်းမွန်ရေး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊
ချောင်းဦးမြို့ မြို့မရပ်ကွက်၊ တမာမြိုင်ရပ်ကွက်နှင့် ချောင်းဦးတောင်ရပ်ကွက်တို့ ချိတ်ဆက် ထားသည့် အရှေ့ မအုပ်ရပ် ရေကျော်နေရာတွင် (၅)တန်ခံ အလျား ၂၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၈ ပေကွန်ကရစ်တံတား ၁ စင်းနှင့် တမာမြိုင်ရပ်ကွက်အတွင်း လက်ရှိ ကိုယ်ထူကိုယ်ထ တည်ဆောက် ထားသည့် အလျား ၁၃ ပေ၊ အကျယ် ၁၃ ပေ၊ အမြင့် ၈ ပေရှိ တံတား၏ ချဉ်းကပ်ခုံ ၂ ဘက် တွင် ချောင်းအတွင်း တည်ဆောက်ထားသဖြင့် အဆိုပါနေရာတွင် လိုအပ်ချက်နှင့် ကိုက်ညီ သော တံတားတစ်စင်း အစားထိုး တည်ဆောက်ပေးပါက မိုးရာသီကာလတွင် ချောင်းရေ စီးဆင်း ပါက သွားလာမှုလွယ်ကူချောမွေ့စေပြီး၊ ရေစီးရေလာစနစ် ပိုမိုကောင်းမွန်မည်ဖြစ်သဖြင့် အဆိုပါ လုပ်ငန်း ၂ ခုအား ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။