နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ (၂၁-၉-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့်ဖြေကြားချက်အကျဉ်းချုပ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးမောင်မောင်အုန်းနှင့် အဖွဲ့ မော်စကိုမြို့၌ မဲရုံများအား ကြည့်ရှုလေ့လာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အဖွဲ့ ရုရှားနိုင်ငံ၌ ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်သို့ တက်ရောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာ ၁၈ ရက်နေ့ ဆောင်ရွက်မှုများ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ ခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာလ ၁၇ ရက်နေ့ လှုပ်ရှားမှု
MY EN

(ဆ)- ဒေါက်တာကျော်ကျော်ဌေး(ထားဝယ်မဲဆန္ဒနယ်)

2026-09-21
ပညာရေးဝန်ကြီးဌာန
မေးခွန်း
ဒေါက်တာ ကျော်ကျော်ဌေး (ထား၀ယ် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ထားဝယ်မြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ အန္တရာယ်ရှိ အဆောက်အဦအား သုံးထပ်ဆောင်အသစ်အဖြစ် မည်သည့်အချိန်တွင် ဆောက်လုပ်ပေးနိုင်မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

လက်ရှိ အနီရောင်ပြထားသည့်နေရာသည် အန္တရာယ်ရှိသည့် ပိတောင်ဆောင်နေရာ ဖြစ်ပါကြောင်း၊ ယခုပြထားသည့်ကျောင်းကြီးသည် ၁၉၃၀ ခုနှစ်က တည်ထောင်ထားသည့် ကျောင်းကြီး ဖြစ်ပါကြောင်း၊ ၎င်း၏ နောက်ကျောအဆောင်သည် ၁၉၉၀ ဝန်းကျင်လောက်က ဆောက်ထားသည့် အဆောင်ဖြစ်ပြီး ဆွေးမြေ့နေပါကြောင်း၊ တံခါးများနှင့် တံခါးဘောင်များ အကုန်ပျက်စီးနေပါကြောင်း၊ မိုးရာသီတွင် စာသင်ခန်းထဲ၌ ကလေးများ အခက်အခဲရှိပါကြောင်း၊ ဝန်ကြီးချုပ်လာပြီးနောက် ကလေး များအကုန်လုံးကို ဖယ်ခိုင်းပြီး ကျောင်းကို နှစ်သုတ်သင်စနစ်နှင့် ဆက်လက်သင်နေပါကြောင်း၊ ထိုကျောင်းတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသူ ကျောင်းသား ပေါင်း၂,၅၄၄ ဦးရှိပါကြောင်း၊ ဆရာ ဆရာမဦးရေ ၅၆ ဦးနှင့် တွဲဖက်အထက်တန်းပြ ၂ ဦးရှိပါကြောင်း၊ ပင်မစာသင်ဆောင်တွင် သဇင်ဆောင်၊ ချယ်ရီဆောင်၊ ဇီဇဝါဆောင်မှာ နံနက် ၇ နာရီကနေ ၁၁ နာရီခွဲအထိ Grade-6၊ Grade-7၊ မွန်းလွဲ ၁၂ နာရီမှ ၁၆ နာရီအထိ Grade-3၊ Grade-4 နှင့် စံပယ်ဆောင်၊ ငုဝါဆောင်၊ ခရေဆောင်၊ ကံ့ကော်ဆောင်များတွင် နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၁၄ နာရီ ၂၀ အထိ Grade-4 (A,E) Grade-1 (A,B) နှင့် Grade-2 (A,B,C,D) တို့ သင်ကြားပေးလျက်ရှိပါကြောင်း။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ မွန်းလွဲ ၂နာရီ ၃၀ မှ ညနေ ၅ နာရီ ၃၀ လောက်ထိ ကျောင်းပြင်ပ ပညာရေးစနစ်ကို Level 1,2,3 ဖြင့် ၂၉၅ ဦးအား ဆရာ ဆရာမ ၁၁ ဦးဖြင့် နေ့စဉ် သင်ကြားပေး လျက်ရှိပါကြောင်း၊ ကျောင်းကြီးသည် ထိုသို့အခက်အခဲရှိသည့်အတွက်  အင်ဂျင်နီယာမှူးကြီးများ အဖွဲ့မှ လာရောက်ကြည့်ရှုစစ်ဆေးပြီး အန္တရာယ်ရှိသည်ဟုဆိုပြီး ၁၉.၆.၂၀၂၅ ရက်တွင် တင်ပြထားပြီး ဖြစ်ပါကြောင်း၊ အုပ်ညပ်သစ်သားတိုင်များ၊ လှေကားလက်ရန်းများ၊ ဝရံတာများ ပျက်စီးပါကြောင်း၊ အကုန်လုံးကို အင်ဂျင်နီယာမှူးကြီးနဲ့အဖွဲ့မှ စစ်ဆေး၍ ထောက်ခံပြီး အန္တရာယ်အဆောင်ဖြစ်သည့် အတွက် ၁၉.၆.၂၀၂၅ ရက်တွင် တင်ပြထားပါကြောင်း၊ ထို့ကြောင့် ထိုအဆောင်ကြီးကို ယခုအချိန် တွင် ပတ်ဝန်းကျင်မြို့နယ်များမှ လာတက်နေရသည်မှာ အခက်အခဲရှိသဖြင့် အမြန်ဆုံး ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က

          အခြေခံပညာဦးစီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခွင့်ပြုရန်ပုံငွေ  ကျပ် ၁၇,၈၉၁ သန်းနဲ့ လုပ်ငန်းပေါင်း ၄၈ ခု ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထားဝယ်မြို့နယ်အတွက် အန္တရာယ်ဆောင်ကို ဖျက်သိမ်းပြီး အသစ် ဆောက်လုပ်ခြင်းလုပ်ငန်း ၃ ခု၊ တိုးတက်လာသည့် ကျောင်းသားဦးရေအရ တိုးချဲ့အသစ်ဆောက်လုပ် ခြင်းလုပ်ငန်း  ၁ ခု၊ အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်း  ၁ ခုနှင့်  ဆရာ ဆရာမ၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း ၁ ခု၊ စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်း လုပ်ငန်း ၁ ခု စုစုပေါင်း လုပ်ငန်း ၇ ခုအတွက်ကို ခွင့်ပြုငွေ ကျပ် ၂,၇၄၃ သန်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းအဆင့် ကျောင်းသား ၁၂၅၈ ဦး၊ အလယ်တန်းအဆင့်ကျောင်းသား ၉ဝ၅ ဦး၊ အထက်တန်း အဆင့် ကျောင်းသား ၄၀၉ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂,၅၇၂ ဦးရှိသည့်အတွက် ကျောင်းဆောင်များ လိုအပ်လျက်ရှိပါကြောင်း၊  စုစုပေါင်း ကျောင်းဆောင်  ၈ ဆောင်၊ စာသင်ခန်း ၃၇ ခန်းနှင့် နှစ်သုတ်တက်ကျောင်းဖြင့် သင်ကြားလျက်ရှိပါကြောင်း။

          ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှာရှိတဲ့ (၁၄၀ x ၃၀)ပေ အုတ်ညှပ် ၂ ထပ် ပိတောက်ဆောင်သည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အင်ဂျင်နီယာ၏ စိစစ်ထောက်ခံချက်အရ အန္တရာယ်ဆောင်ဖြစ်သည့်အတွက် (၁၄၀ x ၃၀)ပေ RC သုံးထပ်ကျောင်းဆောင်ကို လာမည့်ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။